What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 14 January 2021 15:24

လည်ချောင်းနာဝေဒနာသက်သာစေရန်

လည်ချောင်းနာတာ ဟာ တော်တော်ခံရခက်တဲ့ ကိစ္စတစ်ခုပါ။ နာလည်းနာတယ်၊ စိတ်နှောင့်အယှက်လဲတော်တော်ဖြစ်ပါတယ်။ ဒါပေမယ့် လည်ချောင်းနာတာ အများစူကတော့ သာမန်ဖျားတာနာတာလောက်ကြောင့်ပဲ ဖြစ်တတ်ပြီး ကုသမှု မလိုအပ်ပဲ ပျောက်ကင်းသွားနိုင်ပါတယ်။

 

လည်ချောင်းနာခြင်းကို လည်ချောင်းရောင်ခြင်း (Pharyngitis) ဟုလည်းခေါ်ပါတယ်။ ပိုးဝင်၍ လည်ချောင်းနာကျင်သော ရောဂါတစ်ခုဖြစ်ပြီး အဖြစ်များပါတယ်။ လူနာသည် လည်ချောင်း တစ်လျှောက် နာကျင်ပူလောင်ခြင်းကို ခံစားရ၍ မသက်မသာဖြစ်ရတယ်။ အထူးသဖြင့် အစာမြိုချရ ခက်ခဲတတ်တယ်။ ဒီရောဂါဟာ အများအားဖြင့် ထိခိုက်မှုမရှိဘဲ တစ်ပတ်အတွင်း အလိုအလျောက် ပျောက်သွားတတ်တယ်။

 

အဖြစ်အများဆုံးကတော့ လည်ချောင်းတစ်လျှောက် နာကျင်နေခြင်းပဲဖြစ်တယ်။ ရောဂါဖြစ်စေ သော အကြောင်းရင်းပေါ်မူတည်၍ ဖျားနာ၊ အာသီးရောင်၊ လည်ပင်းနာ၊ စကားပြောရင်နာ၊ မြိုချရင်နာ၊ လည်ချောင်းနီရဲ၊ နှာစေး၊ အိပ်ရင်ဟောက်ပြီး အသက်ရှူရခက်၊ တံတွေးကျ၊ တစ်ကိုယ်လုံး ကိုက်ခဲ၊ လည်ပင်းအကျိတ်များ ရောင်ရမ်းနာကျင်ခြင်း စသည်တို့ ဖြစ်နိုင်ပါတယ်။

 

ဘာတွေက လည်ချောင်းနာခြင်းကို ဖြစ်ပွားစေသလဲ။

အများအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တယ်။ လေထုညစ်ညမ်းခြင်း၊ အရက်၊ ဓာတ်မတည့် ပစ္စည်းများ၊ ဘတ်တီးရီးယား၊ ဓါတုပစ္စည်းများနဲ့ ဆေးလိပ်သောက်ခြင်းကလည်း လည်ချောင်းနာစေ တတ်ပါတယ်။ ထို့ပြင် ရာသီဥတုအေးလာရင်လည်း အဖြစ်များတယ်။ ဆီးပူညောင်းကျဂနိုရောဂါပိုးနဲ့ chlamydia ရောဂါပိုးများသည်လည်း လည်ချောင်းနာခြင်းကို ဖြစ်စေနိုင်သော်လည်း အဖြစ်နည်း ပါတယ်။

 

ရောဂါသည် (၇)ရက် ထက်ပိုပြီးကြာနေခြင်း

စကားပြော၊ အသက်ရှူရင်နာလျှင် သို့မဟုတ် ပါးစပ်ဟရခက်ခဲနေခြင်း

လည်ချောင်းနာရုံသာမက မေးရိုးနဲ့ နားထင်ရိုးကို ဆက်ထားသောအဆစ်မှ (Temporomandibular join) မှ နာနေခြင်း (သို့မဟုတ်) နားကိုက်ခြင်း

လည်ချောင်းနာပြီး အရေပြားတွင် အင်ပျဉ်ထခြင်း (သို့မဟုတ်) အဖျား(၃၈)ဒီဂရီစင်တီဂရိတ် ထက်ကျော်ခြင်း

တံတွေး (သို့မဟုတ်) သလိပ်တွင် သွေးပါခြင်း

လည်ပင်းတွင် အကျိတ်ထွက်လာခြင်း

နှစ်ပတ်ထက်ကျော်ပြီး အသံနာနေခြင်း တို့ခံစားနေပြီးဆိုရင်တော့ နီးစပ်ရာဆရာဝန်နဲ့ သေချာပြသသင့်နေပါပြီ။

 

လည်ချောင်းနာခြင်းဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် –

ကလေးငယ်များ (သို့မဟုတ်) ကိုယ်ခံအားနည်းသူများ

လူထူထပ်သောနေရာတွင်နေခြင်း (သို့မဟုတ်) စာသင်ခန်း၊ ဆေးရုံ၊ ရုံးကဲ့သို့ အခန်းကျဉ်းတွင် စုပြုံနေခြင်း

ဆေးလိပ်ငွေ့ရှုရှိုက်မိခြင်း (ကိုယ်တိုင်ဆေးလိပ်မသောက်သော်လည်း သောက်သောသူထံမှ ဆေးလိပ်ငွေ့များကို တစ်ဆင့်ရှုရှိုက်မိခြင်း)

ဖုန်မှုန့်၊ တိရစ္ဆာန်အမွေး၊ ပန်းဝတ်မှုန်တို့နဲ့ ဓာတ်မတည့်ခြင်း

နာတာရှည် နှာခေါင်းတွင်းရှိ အမြှေးပါးရောင်ခြင်း (chronic rhinitis) (သို့မဟုတ်) မကြာခဏ နှာခေါင်းအမြှေးပါးရောင်ခြင်း

တို့ကြောင့် ရောဂါဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။

 

အများအားဖြင့် အလိုအလျောက်ပျောက်သည်ကများတယ်။ အဖျားနဲ့ အနာသက်သာအောင် ပါရာစီတမော သောက်နိုင်တယ်။ ပိုးဝင်ခြင်းကြောင့် ဖြစ်တယ်လို့ သံသယရှိရင် သင့်ဆရာဝန်က ပဋ္ဋိဇီဝဆေးများ ပေးပါလိမ့်မယ်။ သို့သော် သင်ခံစားနေရသည်မှာ ဗိုင်းရပ်စ် ပိုးကြောင့်ဆိုရင် ဘတ်တီးရီးယားပိုးသတ်ဆေးက အသုံးမဝင်ပါ။ ရေနွေးသောက်ခြင်း (သို့မဟုတ်) ပျားသံပရာဖျော်ရည်သောက်ခြင်းက သင့်ရောဂါသက်သာအောင် ကူညီပေးမှာပါ။

 

အောက်ပါအိမ်တွင်းကုထုံးတွေနဲ့လည်း လည်ချောင်းနာခြင်းကို သက်သာစေနိုင်မှာပါ။

ဆားငန်ရေနွေးနွေး ပလုတ်ကျင်းပါ။

ရေနွေးများများသောက်ပါ။ ရေခဲရေ၊ အအေးမသောက်ပါနဲ့။

ဘီယာ၊ အရက်ရှောင်ပါ။

ဆေးလိပ်မသောက်ပါနဲ့။ ညစ်ညမ်းသော လေထု၊ ဆေးလိပ်ငွေ့ဝေနေသော ပတ်ဝန်းကျင်နဲ့ ဝေးဝေးနေပါ။

အစာမစားခင်နဲ့ လည်ချောင်းနာနေသောလူများနဲ့ ထိတွေ့ကိုင်တွယ်ပြီးရင် လက်ကိုအမြဲဆေး ကြောပါ။

သင်ကိုယ်တိုင် လည်ချောင်းနာနေရင် အစားအသောက်နဲ့ အသုံးအဆောင်များကို အခြားသူ တွေနဲ့ အတူမသုံးစွဲပါနဲ့။

Read times Last modified on Thursday, 14 January 2021 15:24
Rate this item
(4 votes)