တစ်ခါက ကြွက်အုပ်တစ်အုပ်ကို စမ်းသပ်တဲ့အနေနဲ့ မူးယစ်ဆေး ကျွေးကြည့်ဖူးတယ်။
သို့သော် မအောင်မြင်ခဲ့ဘူး။
ဘာလို့လဲ သိလား။
ကြွက်ကလေးတွေဟာ မှန်လုံခန်းထဲ ရောက်နေလဲ စိတ်ညစ်နေတယ် ဆိုတာ မရှိဘူး။
စိတ်မညစ်တဲ့အပြင် အုပ်စုဖွဲ့ထည့်ထားတဲ့အတွက် သူတို့ အချင်းချင်း ကြားမှာ ဆက်သွယ်မှုတွေ ရှိနေတယ်။ ရင်းနှီးမှုတွေ ရှိနေတယ်။
ဒီပတ်ဝန်းကျင်ထဲကို မူးယစ်ဆေး ပါတဲ့ရေနဲ့ သာမန်ရေ ချတိုက်တဲ့အခါ အားလုံးဟာ သာမန်ရေကိုသာ ရွေးချယ်ကြသတဲ့။
မူးယစ်ဆေး ပါတဲ့ရေကို တစ်ခါလောက် သောက်ပြီး ထပ်မသောက်တော့ဘူး။
ဒီကြွက်ကလေးတွေကိုပဲ နောက်တစ်ခါ... တစ်ကောင် တစ်ခန်းစီ ထည့်လိုက်ပြီးတော့ စောစောကလို ရေ ၂ မျိုး ထပ်ထည့်တိုက်ပြန်တယ်။
ဒီမှာ အားလုံးက မူးယစ်ဆေး ပါတဲ့ ရေကိုသာ ရွေးချယ်ကြသတဲ့။
သာမန်ရေကို တစ်ခါလောက် သောက်ပြီး ထပ်မသောက် ကြတော့ဘူး။
ရက်အတော်ကြာတဲ့ အထိ တိုက်ပြီးတော့ ဆေးစွဲနေလောက် ပြီ ဆိုတဲ့ အချိန်ကျမှ ကြွက်ကလေးတွေကို အားလုံး တပေါင်းထဲ ပြန်ထားလိုက်တယ်။
ပြီးတော့ ရေ ၂ မျိုး ထပ်ထည့်တိုက်ပြန်တယ်။ ဒီမှာ ဘာတွေ ဖြစ်လာသလဲ သိလား။
အားလုံးက မူးယစ်ဆေး ပါတဲ့ ရေကို ထပ်မသောက် ကြတော့ဘူး။ သာမန်ရေကိုသာ ပြန်ရွေးချယ်သွားခဲ့တယ်။
ကြွက်ကလေးတွေကို သူတို့တွေ မူးယစ်ဆေး ကျွေးကြည့်ဖူး ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ဘာလို့လဲ ဆိုတာ သိပြီမှတ်လား။
တကယ်ဆို ကြွက်မို့လို့ရယ် မဟုတ်ဘူး။ လူလည်း အတူတူပါပဲ။ မယုံရင် ပေါ်တူဂီကိုကြည့်။
၂၀၀၁ ခုနှစ်တုန်းက ဥရောပ တစ်တိုက်လုံးမှာ ပေါ်တူဂီဟာ ဆေးစွဲသူ လူဦးရေ အမြင့်မားဆုံး နိုင်ငံ ဖြစ်ခဲ့တယ်။
ဘယ်လောက်တောင် များနေသလဲဆိုရင် နိုင်ငံသား လူဦးရေကို အချိုးချကြည့်လိုက်တော့ လူ အယောက် ၁၀၀ မှာ ၁ ယောက်ဟာ ဆေးစွဲနေတဲ့သူ ဖြစ်သတဲ့။
အဲ့ဒီနှစ်က ပေါ်တူဂီရဲ့လူဦးရေက သန်းခေါင်စာရင်းစစ်တမ်း အရဆိုရင် ၁၀.၃၆ သန်း နိုင်ငံသား ဆိုတော့ ဆေးစွဲသူ ဟာ နိုင်ငံလုံး အနှံ့ ပျမ်းမျှ တစ်သိန်းဝန်းကျင် ရှိနေခဲ့တယ်။
အကြီးအကျယ် တုန်လှုပ်မိတဲ့ အစိုးရဟာ ဘာလုပ်သလဲဆိုတော့ နိုင်ငံတကာက ကျွမ်းကျင်တဲ့ သုတေသီတွေ အကူအညီယူ၊ ကော်မတီဖွဲ့ပြီးတော့ ဒီကိစ္စ တိုက်ဖျက်ဖို့ အကောင်းဆုံး နည်းလမ်းကို အဖြေထုတ်စေတယ်။
သုတေသီတွေက နောက်ဆုံး ဘာပြောသလဲဆိုတော့ ဒီ ဆေးစွဲခြင်းရဲ့ အခြေခံအရင်းအမြစ်ကနေ ကိုင်တွယ်ဖို့ အကြံပြုတယ်။
အခြေခံအရင်းအမြစ်က "ဆေးစွဲခြင်း ကိစ္စတိုင်းဟာ ဖိနှိပ်ခံရလို့တို့ စိတ်ဒဏ်ရာ ရလာလို့တို့ စတဲ့ အကြောင်းတွေကြောင့်ချည်း ဖြစ်လာကြတာတော့ မဟုတ်ဘူး။
ဒါပေမယ့် အားလုံးဟာ အတိတ်က နာကျင်မှု တစ်ခုခုနဲ့တော့ ဆက်စပ် နေလေ့ ရှိပါတယ်။" တဲ့။
ဘာနာကျင်မှုတွေလဲဆိုတော့ အဆက်အသွယ်မှ ပြတ်တောက်ခြင်း ဖြစ်ပါသတဲ့။
ဒါ့ကြောင့် နောက်ဆုံး ပေါ်တူဂီ အစိုးရက စီမံကိန်း တစ်ခုကို စပြီး အကောင်အထည်ဖော်တယ်။ ဒီစီမံကိန်းမှာ လမ်းစဉ် ၄ ရပ်ပါတယ်။
အဲ့ဒါတွေက -
(၁) Decriminalization - ပထမဆုံး မူးယစ်ဆေးတွေ အားလုံးကို ပမာဏ အနည်းငယ် (တစ်ကိုယ်စာ) ကိုင်ဆောင်ခွင့်ကို ဥပဒေအရခွင့်ပြုလိုက်တယ်။ "ဆေးစွဲနေသူများ" ဆိုတဲ့ ဝေါဟာရကို ခေါ်နေကြတာ အရင် ရပ်တန်းက ရပ်လိုက်တယ်။
ခေါ်ရင် ဒဏ်တပ်တယ်။
(၂) Budget Relocation - ဒုတိယ အဆင့်အနေနဲ့ ဟိုးအရင်က ဆေးဝါး တားမြစ်ရေး လုပ်ငန်းစဉ်သုံး ဘဏ္ဍာငွေတွေကို ဆေးစွဲနေသူတွေနဲ့ သူတို့ မိသားစု ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေမှာ ပြောင်းလဲ အသုံးပြုတယ်။
(၃) Job Programs - တတိယ အဆင့် အနေနဲ့ ဆေးစွဲသူ လူကြီးလူငယ်မရွေး အလုပ်ဝင်လုပ်နိုင်စေမယ့် အလုပ်ခွင်တွေ ဖန်တီးပေးတယ်။
(၄) Support Services- ဆေးစွဲသူ ကူညီရေး အသင်းတွေ ဖွဲ့စည်းတယ်။ အတိအလင်း လူကြားမှာ ကြေငြာရဲလာတဲ့ ဆေးစွဲသူတွေကို နှာခေါင်းမရှုံ့ပဲ ပါဝင်ကူညီသူတွေဟာ တစ်ယောက်စီ လိုက်လံ တွေ့ဆုံတယ်။
ဖြတ်ဖို့အတွက် လိုအပ်တဲ့ အကြံဉာဏ်တွေ ပေးတယ်။
ဒီလိုမျိုး ၁၅ နှစ်တိတိ အစဉ်တစိုက် လုပ်ဆောင်လာတဲ့အခါ ရလာတဲ့ ရလဒ်ဟာ တစ်ကမ္ဘာလုံးကို အံ့အားသင့်စေခဲ့တယ်။
ဒီကနေ့ ဒီအချိန် ဆေးစွဲလာတဲ့သူတွေ ကမ္ဘာတလွှားမှာ ဒီရေအလား မြင့်တက်နေချိန် ပေါ်တူဂီမှာ တော့ ၂၀၀၁ ခုနှစ်ကထက် ခေါက်ချိုး ထိုးဆင်း သွားခဲ့ပါပြီ။
ဒါကြောင့်မလို့ ဆေးစွဲသူတွေကို ၀ိုင်းပယ်ထားတာက ဆေးစွဲမှုကိုအမြစ်ဖြတ်ဖို့ နည်းလမ်းကောင်းမဟုတ်ဘူးဆိုတာကို ပေါ်တူဂီက လက်တွေ့ပြသခဲ့တာဖြစ်ပါတယ်။
သူတို့လုပ်ခဲ့သလိုမျိုး တသွေမတိမ်းလိုက်လုပ်ရမယ်လို့ မဆိုလိုပေမဲ့ ဆေးစွဲသူတွေကို ဒီအတိုင်းပစ်မထားပဲ ၀ိုင်းဝန်းဖေးမတာက ဆေးစွဲမှုကိုအမြစ်ဖြတ်ဖို့ ပိုပြီးထိရောက်ပါလိမ့်မယ်။
Ref : မှတ်စုကြမ်း