အအေးမိတာ၊ တုပ်ကွေးကွေးတာတွေ မဖြစ်သေးဘူး ဆိုရင်တောင် ပေါ့ဆမနေပါနဲ့။
ဒီလိုဖျားနာတာတွေ မဖြစ်အောင် ကြိုတင် ကာကွယ်ထားဖို့ လိုပါတယ်။ ဖျားနာတာ၊ နှာချေတာ၊ နှာရည်ယိုတာစတဲ့ မအီမသာ ဝေဒနာတွေကင်းဝေးစေဖို့ သင်ရဲ့ ကိုယ်ခံစွမ်းအားစနစ် မြင့်တက်အောင် အောက်ပါ နည်းငါးမျိုးကို လိုက်နာပေးသင့်ပါတယ်။
၁)ကျန်းမာရေးကောင်းစေသော ပရိုတင်းဓာတ်ကို ရယူပါ
ပရိုတင်းဓာတ်ရဲ့ လုပ်ငန်းဆောင်တာတွေထဲက တစ်ခုဟာ ရောဂါကင်းစေတဲ့ ပဋိပစ္စည်းတွေကို ပြုလုပ်ပေးတာပဲ ဖြစ်ပါတယ်။ အဆီများတဲ့ အနီရောင်အသားနဲ့ အဆီအပြည့်ပါတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို မစားပါနဲ့။ ရောင်ရမ်းမှုကို ဖြစ်စေနိုင်လို့ပါ။ အဆီထုတ်ထားပြီး ပရိုတင်းဓာတ်အပြည့်ပါတဲ့ နို့နဲ့ နို့ထွက်ပစ္စည်း၊ အရေခွံမပါတဲ့ ကြက်သား၊ တိုဟူး၊ ငါး၊ အခွံမာသီးနဲ့ ပဲအမျိုးမျိုးကို စားပေးပါ။
၂)လက်ဖက်ရည်ကြမ်းပူပူ သောက်ပါ
လက်ဖက်ရည်ကြမ်းကို တစ်နေ့ ငါးခွက်လောက် သောက်တဲ့သူတွေက ကော်ဖီသောက်သူတွေထက် ဗိုင်းရပ်စ်တိုက်နိုင်တဲ့ အင်တာဖရွန် ၁၀ ဆပိုမို ထွက်ရှိတာကို လေ့လာတွေ့ရှိရပါတယ်။
၃) ရောင်စုံစားကာ ခွန်အား တည်ဆောက်ပါ
လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ ငရုတ်သီး၊ ခရမ်းချဉ်သီး၊ ကန်စွန်းရွက်စတဲ့ အရောင်စုံ သစ်သီးဝလံတွေထဲမှာ ဗီတာမင်စီနဲ့ ဖလေဗိုးနွိုက်တွေ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်မှာပါတဲ့ ဆဲလ်တွေကို အားကောင်း စေပါတယ်။
၎) ၁၀၀ ရာခိုင်နှုန်း ကောက်နှံစာကိုစားပါ
ဂျုံမှုန့်၊ အခွံချွတ်မထားတဲ့ ကောက်နှံစာ စတာတွေမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ ဆီလီနီယမ်၊ ဇင့်(သွပ်)နဲ့ ဘီတာဂလူကင် အာဟာရ သုံးမျိုး ပါဝင်နေပါတယ်။ ဒါကြောင့် အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာ ကင်းအောင် ကောက်နှံစာကို စားပေးသင့်ပါတယ်။
၅) ကြက်စွပ်ပြုတ်ကို ဟင်းခတ်အမွှေးအကြိုင်ထည့်သောက်ပါ
အအေးမိချင်သလိုလို၊ တုပ်ကွေးဖြစ်ချင်သလိုလို ခံစားနေရချိန်မှာ ကြက်စွပ်ပြုတ် သောက်တာက အအေးမိတာနဲ့ တုပ်ကွေးရဲ့ လက္ခဏာတွေကို ၅၀ ရာခိုင်နှုန်း လျော့ကျစေပါတယ်။ ချက်ထားတဲ့ ကြက်သားမှာ အမိုင်နိုအက်စစ် ဆစ်စတင်းပါဝင်တာကြောင့် ဒါက လေပြွန်ရောင်ရမ်းမှုကို သက်သာစေတဲ့ ဆေးတစ်လက်လို အသုံးဝင်ပါတယ်။ ကြက်စွပ်ပြုတ်ထဲကို ချင်း(ဂျင်း)၊ ကြက်သွန်ဖြူ၊ အနီရောင် ငရုတ်သီးစတာတွေ ထည့်စားပေးရင် နှာခေါင်းပိတ်တာကိုလည်း သက်သာစေပါတယ်။
Source: ကြယ်စင်(Yatanarpon)