ကင်ဆာရောဂါ ခံစားနေရသည့် ကလေးလူနာများအတွက် နာကျင်မှု
ဝေဒနာများအပြင် အခြားခံစားနေရသည့် ဝေဒနာများ သက်သာစေရန် ကုသပေးမည့် စင်တာများကို ဆေးရုံကြီးသုံးခုတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်ကလေးဆေးရုံကြီးမှ ကလေး ကင်ဆာ အထူးကုဆရာဝန်ကြီး ဒေါက်တာ တင့်မျိုးက ပြောကြားသည်။
အဆိုပါ စင်တာများကို ရန်ကုန်ကလေးဆေးရုံကြီး သွေးရောဂါနှင့် ကင်ဆာကုသဆောင်၊ ရန်ကုန်ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပ ဆေးရုံကြီးတို့၌ ဖွင့်လှစ်မည် ဖြစ်သည်။
“ကင်ဆာရောဂါ ဖြစ်နေတဲ့ ကလေးပဲ ဖြစ်ဖြစ် လူကြီးပဲ ဖြစ်ဖြစ် နာကျင်ခြင်းဆိုတာ ရှိပါတယ်။ နာကျင်တာအပြင် တခြားဝေဒနာတွေ အများကြီးကိုလည်း ဆက်ပြီး ခံစားရမယ်။ ဥပမာ - မောတယ်၊ စိတ်ညစ်တယ်၊ စိတ်ဓာတ်ကျတယ်၊ အဲဒါတွေအကုန်လုံးက တစ်ခါတလေကျရင် ကိုယ့် ကိုယ်ကိုယ် အဆုံးစီရင်တဲ့ အထိတောင် ဖြစ်နိုင်တဲ့ အခြေအနေမျိုး ထိရောက်သွားနိုင်တယ်။ အဲဒီအတွက်ကြောင့် မို့ ဒီလိုဝေဒနာတွေ အကုန်လုံးကို ရောဂါကုတာ တစ်ပိုင်းဝေဒနာကို ပျောက်အောင် လုပ်တာတစ်ပိုင်း၊ ရောဂါပျောက်အောင် လုပ်နိုင်ရင်ကောင်းတယ်။ ဒါပေမဲ့ တစ်ပြိုင်တည်းမှာပဲ ဝေဒနာကို ပျောက်ကင်းအောင် လုပ်ချင်ပါတယ်။ ရောဂါ မပျောက်နိုင်ဘူး ဆိုရင်လည်း ဝေဒနာကို ပျောက်ကင်းအောင် လုပ်ချင်ပါတယ်။ သက်သာပြီးတော့မှ လူ့ဘဝမှာ နေနိုင်တဲ့အချိန်အတွင်းမှာ ဘဝနဲ့ တူအောင်နေရတဲ့ ဘဝလေးတွေကို ဖန်တီးပေးချင်ပါတယ်။
အထူးသဖြင့် ကလေးတွေဆိုလည်း ကလေးဘဝလေးကို သူတို့ဘဝလေးအတိုင်း ဆက်ပြီး သွားနေတဲ့ မိဘစိတ်ထဲမှာ စိတ်ချမ်းသာနေတဲ့ ဟာမျိုးလေးကို ကျွန်မတို့ သွားချင်ပါတယ်။ ဒါကြောင့်မို့ ခုစပြီး ဝေဒနာတွေကို ဘက်စုံရှုထောင့်ကနေပြီးတော့မှ သက်သာပျောက်ကင်းအောင် ကုတဲ့ဟာကို ကျွန်တော်တို့ ဆေးပညာမှာ Palliative Care ခေါ်ပါတယ်။ ဘက်စုံထောင့်ကနေ ဝေဒနာသက်သာအောင် ကုသပေးတဲ့ စင်တာကို စတင်ပြီးတော့မှ ဒီနှစ်ကစပြီး ရန်ကုန်မြို့ရဲ့ City Cancer Challenge အနေနဲ့ဆိုရင် သုံးနေရာမှာ ဖွင့်ပါ့မယ်”ဟု ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ကလေးကင်ဆာအသစ် ဖြစ်ပွားသူ တစ်နှစ်လျှင် ၂၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ၈၀၀ ခန့်သာ ဆေးကုသမှု ခံယူနေကာ ကျန် ၁၂၀၀ ခန့်သည် ကင်ဆာဖြစ်မှန်း မသိဘဲ နေထိုင်နေရကြောင်း သိရသည်။ ရန်ကုန်ကလေးဆေးရုံကြီးတွင် ကလေးကင်ဆာအတွင်း လူနာ ၇၅ ဦးခန့် နေ့စဉ် တက်ရောက် ကုသမှုခံယူနေပြီး ပြင်ပလူနာ နေ့စဉ် ၇၀ မှ ၁၀၀ ကြား ကုသပေးနေကြောင်း သိရသည်
Source:news-eleven
Health Products Directory
Read: အိပ်ရာစောစောဝင်ခြင်းရဲ့ အံ့အားသင့်ဖွယ်ရာ ကျန်းမာရေးအကျိုးကျေးဇူး ၅ ချက်