What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 05 April 2019 18:01

အကြို သွေးဆုံးကာလအကြောင်း အမေးအများဆုံး မေးခွန်း ၁၀ ခု

အကြို သွေးဆုံးကာလအကြောင်း အမေးအများဆုံးဖြစ်တဲ့ အမေးခွန်းများကို ဖော်ပြပေးလိုက်ပါတယ်။

အကြို သွေးဆုံးကာလဆိုတာ ဘာကို ဆိုလိုပါသလဲ။

အမျိုးသမီးတစ်ယောက်ဟာ ယေဘုယျအားဖြင့် အသက် ၅၀ ဝန်းကျင်မှာ သွေးဆုံးလေ့ ရှိပါတယ်။ ဒါပေမဲ့ သင့်ခန္ဓာကိုယ်ဟာ သွေးမဆုံးခင် အစောပိုင်းနှစ်တွေမှာ ကတည်းက အပြောင်းအလဲတွေ စတင် ဖြစ်ပေါ်တတ်ပါတယ်။ သွေးဆုံးချိန်ကို မရောက်သေးဘဲ သွေးဆုံးတော့မယ့် အစောပိုင်း နှစ်ကာလတွေကို သွေးမဆုံးခင် အကြိုကာလလို့ ခေါ်ပါတယ်။ တချို့ အမျိုးသမီးတွေကသာ ဒီအပြောင်းအလဲကို သတိပြုမိတတ်ပြီး တချို့က ဘာဝေဒနာမှ မခံစားရဘဲ ဖြတ်ကျော်နိုင်ပါတယ်။ သွေးဆုံး အကြိုကာလမှာ အီစထရိုဂျင်ဟော်မုန်း ထုတ်နိုင်စွမ်း စတင် လျော့ကျသွားတတ်ပါတယ်။ ဒီလို ဟော်မုန်း အပြောင်းအလဲ ဖြစ်တာကြောင့် ချွေးထွက်လွန်ပြီး ပူနွေးတာ၊ ချွေးစေးပြန်တာ၊ ရင်သားတင်းတာ၊ မိန်းမကိုယ် ချောဆီ လျော့နည်းတာနဲ့ စိတ်အနှောင့်အယှက် ဖြစ်တာတွေ ဖြစ်တတ်ပါတယ်။

 

ပဋိသန္ဓေတားဆေးဟာ သွေးဆုံးခါနီး လက္ခဏာတွေကို ထိန်းချုပ်ပေးနိုင်တယ်လို့ သိရပါတယ်။ မှန်ပါသလား။

ဒီနေ့ခေတ်မှာ ပေါ်လာတဲ့ ပမာဏနည်း ပဋိသန္ဓေတား သောက်ဆေးတွေက အမျိုးသမီးအများစုမှာ အန္တရာယ်ကင်းတာကို တွေ့ရပါတယ်။ ဒီတားဆေးတွေဟာ သွေးထဲက ဟော်မုန်းအဆင့်ကို ဟန်ချက်ညီအောင် ထိန်းထားနိုင်ပြီး ညဘက် ချွေးထွက်လွန်တာနဲ့ ရာသီမမှန်တာတွေ မဖြစ်အောင် ထိန်းချုပ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်မရအောင်နဲ့ အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အကြို သွေးဆုံးကာလမှာ ရောက်နေတဲ့ အမျိုးသမီးတွေအတွက် သင့်တော်တဲ့ ဟော်မုန်းကုသမှု ရှိပေမယ့် ဘေးထွက်ဆိုးကျိုးကလည်း အသင့်အတင့် ရှိနေပါတယ်။ တကယ်လို့ သင်က ပုံမှန်ထက် ကိုယ်အလေးချိန် များနေရင်၊ ဆေးလိပ်သောက်နေရင်၊ သွေးခဲတာ၊ သွေးတိုးရောဂါ၊ လေဖြတ်တာနဲ့ ဆီးချိုသွေးချိုရောဂါ စတဲ့ ရောဂါတစ်ခုခု ဖြစ်နေရင် ဘေးထွက်ဆိုးကျိုးကို ပိုမို ရရှိနိုင်ပါတယ်။ ဒါကြောင့် သင့်ကျန်းမာရေး ရာဇဝင်ကို မေးမြန်းပြီးမှ ဆရာဝန်က သင့်တော်တဲ့ ကုသမှုကို ပေးမှာ ဖြစ်ပါတယ်။

 

အကြို သွေးဆုံးကာလမှာ ချွေးထွက်လွန်ပြီး ပူနွေးမှုကို ခံစားနေရရင် သက်သာအောင် ဘယ်လို လုပ်ရမလဲ။

မျက်နှာနဲ့ ရင်ဘတ်တွေ ရုတ်တရက် ပူလောင်တဲ့ ခံစားမှုကို ရရှိပြီးမှ ချွေးတွေထွက်လာကာ သင့်တစ်ကိုယ်လုံး အေးမြသွားပါလိမ့်မယ်။ ဒီဝေဒနာကို မရခင် အမျိုးသမီး တချို့ဟာ ပူပင်သောကများတာနဲ့ နှလုံးခုန်နှုန်း မြန်တာတွေကို ခံစားရနိုင်ပါတယ်။ ဒီလို ခံစားနေရတဲ့ အချိန်မှာ မျက်နှာနီပြီး ပူနွေးနေတတ်ပါတယ်။ တချို့ဆိုရင် ချမ်းတုန်တာမျိုးတောင် ဖြစ်တတ်ပါတယ်။ ချွေးထွက်လွန်ပြီး ပူနွေးတဲ့ဝေဒနာ တစ်ကြိမ်ပေါ်ရင် ငါးမိနစ်လောက်ပဲ ကြာတတ်ပေမယ့် တစ်နေ့မှာ အကြိမ်များများ ဖြစ်တတ်ပါတယ်။ ဒီဝေဒနာ မရအောင် ထိန်းချုပ်နိုင်တဲ့ ကုသမှုက အီစထရိုဂျင် ဟော်မုန်းပါ။ စိတ်ဖိစီးမှု ဖြစ်နေရင်တော့ ပုံမှန် လေ့ကျင့်ခန်းလုပ်တဲ့နည်းနဲ့ လျှော့ချနိုင်ပါတယ်။ ညဘက်မှာ ပေါ့ပါးတဲ့ ချည်သား ညဝတ်အင်္ကျီကို ဝတ်ဆင်ကာ အခန်းကို အေးမြအောင် ထားပြီး အိပ်စက် အနားယူပါ။ အရက်၊ အမွှေးအကြိုင်ကဲတဲ့ အစားအစာနဲ့ ကဖင်းဓာတ်များတဲ့ အစားအသောက်တွေကို မစားသင့်ပါ။

 

Read More : ပင်ပွားစေ့ရဲ့ ကျန်းမာရေးကောင်းကျိုးများ

 

ရာသီလာတာက မမှန်တော့တဲ့အတွက် ဆရာဝန်ထံသွားဖို့ လိုပါသလား။

ရာသီသွေးဆင်း များတာ၊ ခုနစ်ရက်ကျော်တဲ့အထိ ရာသီသွေး ဆင်းနေတာတွေ ဖြစ်ရင် သားဖွားမီးယပ် အထူးကုဆရာဝန်နဲ့ တွေ့ဆုံ ဆွေးနွေးသင့်ပါတယ်။ ရာသီလာချိန် တစ်ချိန်နဲ့ တစ်ချိန်ကြား သွေးဆင်းနေရင် ဒါမှမဟုတ် ဖိုမဆက်ဆံမှု အတွင်းနဲ့ ဆက်ဆံပြီး သွေးဆင်းနေရင် ဆရာဝန်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ လိုပါတယ်။ အမျိုးသမီး အများစုက သွေးအလွန်အမင်းဆင်းပြီ ဆိုတာနဲ့ ကင်ဆာလက္ခဏာလို့ ထင်ပြီး စိုးရိမ်နေတတ်တာကြောင့် ဆရာဝန်နဲ့ပြဖို့ ထိတ်လန့်နေတတ်ပါတယ်။ ကင်ဆာဖြစ်နိုင်ခြေ နည်းပေမယ့် အသားလုံးလို ကင်ဆာမဟုတ်တဲ့ အကျိတ်တွေကြောင့် ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ စောစောစီးစီး တွေ့ဆုံ စစ်ဆေးသင့်ပါတယ်။

 

ကျွန်မက ပဋိသန္ဓေ တားဆေးတွေကို ပုံမှန်သောက်နေသူ ဖြစ်ပါတယ်။ သွေးဆုံးချိန် ရောက်လာတဲ့အခါမှာ တားဆေးကို ဆက်သောက်သင့်ပါသလား။

ပဋိသန္ဓေတားဆေးက မမျိုးဥကြွေတာကို ရပ်တန့်စေပါတယ်။ ဒါကြောင့် လစဉ် သွေးဆင်းနေတယ် ဆိုရင်တောင် ရာသီလာတာ မဟုတ်ပါဘူး၊ ဟော်မုန်း အပြောင်းအလဲကြောင့် ဖြစ်ရတာပါ။ ဒါကြောင့် အသက် ၅၀ အရွယ် ရောက်လာချိန်မှာ ပဋိသန္ဓေတားဆေး သောက်ဆေးကို ၁၀ ရက်လောက် မမှီဝဲတော့ဘဲ သွေးဆုံးပြီလား ဆိုတာကို သိနိုင်ဖို့ FSH အဆင့်ကို စစ်ဆေးဖို့ လိုပါတယ်။

 

အကြို သွေးဆုံးကာလမှာ ကလေးရနိုင်ခြေ ရှိပါသလား။

သင့်အနေနဲ့ မမျိုးဥ ကြွေနေသရွေ့ ကလေး ရနိုင်ပါတယ်။ အသက် ၄၀ ကျော်လာချိန်မှာ မျိုးအောင်နိုင်စွမ်းက သိသိသာသာ လျော့ကျလာပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရနိုင်ဖို့ ခက်ခဲလာပြီး ကိုယ်ဝန်ရခဲ့ရင်တောင် ကိုယ်ဝန်ပျက်ကျနိုင်ခြေ များနေပါတယ်။ အမျိုးသမီးတွေကလည်း တစ်ဦးနဲ့တစ်ဦး မတူညီပါဘူး။ တချို့ အမျိုးသမီးတွေက အသက် ၄၀ ကျော်တဲ့အထိ မျိုးအောင်နေနိုင်တာကြောင့် ကိုယ်ဝန်မရချင်ဘူး ဆိုရင် ပဋိသန္ဓေတားနည်း တစ်ခုခုကို သုံးဖို့ လိုပါတယ်။

 

အကြို သွေးဆုံးကာလမှာ ကိုယ်အလေးချိန် တက်လာနိုင်ပါသလား။

တက်လာနိုင်ပါတယ်။ အသက်ကြီးလာချိန်မှာ ဇီဝရုပ် ဖြစ်ပျက်မှုနှုန်းက နှေးလာတာကြောင့် ကိုယ်အလေးချိန် မြင့်တက်လာနိုင်ပါတယ်။ ဒီအသက်အရွယ်မှာ လေ့ကျင့်ခန်းကို တိုးမြှင့်လုပ်သင့်ပြီး ကယ်လိုရီများတဲ့ အစာတွေကို လျှော့စားရပါမယ်။ ဒီလိုမလုပ်ရင် တစ်နှစ်မှာ အနည်းဆုံး နှစ်ပေါင်တက်ပြီး ဗိုက်မှာ အဆီတွေ စုနေတတ်ပါတယ်။ အလေးမတာ၊ လှေကားတက်တာ စတဲ့ လေ့ကျင့်ခန်းတွေက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေပါတယ်။

 

အကြို သွေးဆုံးကာလမှာ ခံစားရတဲ့ လက္ခဏာတွေ သက်သာအောင် ဘယ်လို အိမ်သုံးနည်းကို သုံးသင့်ပါသလဲ။

လေ့လာမှုတွေအရ ပဲပိစပ်၊ ဗီတာမင်အီး၊ ဆေးဖက်ဝင် အပင်တွေနဲ့ လုပ်ထားတဲ့ ဖြည့်စွက်ဆေးတွေဟာ အကြို သွေးဆုံးကာလ ဝေဒနာတွေကို ပျောက်ကင်းနိုင်ခြေ နည်းတယ်လို့ ဆိုပါတယ်။ အပ်စိုက်ကုထုံးဟာ ဒီဝေဒနာတွေကို သက်သာစေတယ်လို့ လေ့လာတွေ့ရှိရပြီး လေ့ကျင့်ခန်းလုပ်တာနဲ့ ယောဂကျင့်တာတွေက သင်လုပ်နိုင်တဲ့ အထိရောက်ဆုံးနဲ့ အန္တရာယ် အကင်းဆုံးနည်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

 

ဒီအချိန်မှာ အသားအရေနဲ့ ဆံပင်က ဘယ်လို ပြောင်းလဲသွားနိုင်ပါသလဲ။

အီစထရိုဂျင် ဟော်မုန်းအဆင့် လျော့ကျသွားတာကြောင့် အသားအရေရဲ့ အဆီထွက်ရှိမှုနဲ့ ကော်လာဂျင်ထွက်နှုန်း လျော့ကျလာပါတယ်။ ဒါကြောင့် အစိုဓာတ်ထိန်းခရင်မ်ကို များများလိမ်းဖို့ လိုနေပါပြီ။ ဆံပင်တွေလည်း ကျဲလာနိုင်တဲ့အတွက် ဆံပင်တွေကို မကြာခဏ ပေါင်းတင်ပေးသင့်ပါတယ်။

 

ဖိုမ ဆက်ဆံမှုမှာကော အခက်အခဲ ရှိနိုင်သလား။

ညဘက် ချွေးထွက်လွန်ပြီး ပူနွေးတာ၊ အိပ်ရေးပျက်တာ၊ စိတ်ဓာတ်ကျတာ၊ နုံးတာ၊ မိန်းမကိုယ် ခြောက်သွေ့တာ စတဲ့ အကြိုသွေးဆုံးကာလ ဝေဒနာတွေက ဆွဲဆောင်မှု လျော့နည်းသွားစေပါတယ်။ စိတ်ကျ ကုသဆေးနဲ့ ပဋိသန္ဓေတား သောက်ဆေးတွေကလည်း လိင်ဆန္ဒကို ယုတ်လျော့စေပါတယ်။ ဒါကြောင့် သင်တို့ရဲ့ ဖိုမဆက်ဆံရေး ကောင်းဖို့ဆိုရင် စိတ်ဖိစီးမှု၊ ပူပင်သောကတွေကို လျှော့ပြီး ကျန်းမာရေးကောင်းအောင်၊ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်နေအောင် ထိန်းထားဖို့ အရေးကြီးပါတယ်။ တကယ်လို့ လိင်စိတ်လျော့နည်းတဲ့ ပြဿနာဖြစ်နေရင် ဆရာဝန်နဲ့ ဆွေးနွေးကာ ကုသမှု ခံယူသင့်ပါတယ်။

 

Source: ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)

Read times Last modified on Friday, 05 April 2019 18:11
Rate this item
(0 votes)