What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 17 July 2020 13:06

မြန်မာနိုင်ငံအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၈၆၀ ဦးကျော်ရှိပြီး သေဆုံးသူ ၂၀ ဦးထိရှိလာ

မိုးရာသီ၌ အဖြစ်အများဆုံး သွေးလွန်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားသူ ၂၈၆၀ ဦးကျော်ရှိပြီး သေဆုံးသူ ၂၀ ဦးထိရှိလာသဖြင့် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးမှုအန္တရာယ်သတိပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

 

၂၀၂၀ ပြည့်နှစ်၊ ကူးစက်ရက်သတ္တပတ် (epidemiological week) ဇန်နဝါရီ ၁ရက်မှ ဇွန် ၂၇ ရက်ထိ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုများစာရင်းအရ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်အများဆုံး မြို့နယ် ၂၀ရှိပြီး ယင်းမြို့နယ် ၂၀တွင် ဖြစ်ပွားသူ ၁၀၆၉ ဦး၊ သေဆုံးသူ ၁၂ ဦးထိရှိကြောင်း သိရသည်။

 

အဆိုပါ မြို့နယ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ပထမအဖြစ်အများဆုံးမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒုတိယအဖြစ်အများဆုံး မန္တလေးတိုင်းဒေသကြီး၊ တတိယ အဖြစ်အများဆုံး မွန်ပြည်နယ်၊ စတုတ္ထအဖြစ်အများဆုံး ရန်ကုန်တိုင်းဒေသကြီးနှင့် ပဉ္စမ မကွေးတိုင်းဒေသကြီးတို့ ဖြစ်ကြောင်း သိရသည်။

 

ယင်း သွေးလွန်တုပ်ကွေးရောဂါသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချောင်းဦး၊ ယင်းမာပင်၊ ဘုတလင်၊ မုံရွာနှင့် ရွေဘိုမြို့တို့တွင် အဖြစ်များပြီး သေဆုံးမှုများလည်းရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ကျောက်ဆည်၊ မြင်းခြံ၊ တံတားဦး၊ နွားထိုးကြီးနှင့် မတ္တရာမြို့နယ်တို့တွင် အဖြစ်များလျက်ရှိကြောင်း၊ မွန်ပြည်နယ်တွင် ပေါင်၊ မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရောနှင့် မုဒုံတို့တွင် အဖြစ်များကာ သေဆုံးသူများလည်းရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ထန်းတပင်၊ တောင်ဒဂုံ၊ ရွှေပြည်သာ၊ တိုက်ကြီးနှင့် ဒလတို့တွင် အဖြစ်များနေပြီး သေဆုံးသူများလည်း ရှိကြောင်းနှင့် မကွေးတိုင်းဒေသကြီးတွင် ပခုက္ကူ၊ မြိုင်၊ ဂန့်ဂေါ၊ သရက်နှင့် မြို့သစ်များတွင် အဖြစ်များပြီး သေဆုံးမှုလည်းရှိကြောင်း သိရသည်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် မိုးရာသီ၌အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ယခုနှစ်တွင် အမျိုးသားရေးအသွင်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ၃၁,၂၈၈ဦး၊ ၂၀၁၈ ခုနှစ် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ၂၃,၂၇၃ ဦး၊ ၂၀၁၉ ခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ၂၄,၃၄၅ ဦးနှင့် ယခုနှစ် (ရက်သတ္တပတ် ၂၆ ပတ်ထိ)၂၈၆၂ ဦးဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 

" လွန်ခဲ့တဲ့ ၃နှစ်ကဖြစ်ပွားမှုထက်တော့လျော့နည်းလာပေမယ့် သေဆုံးမှုမြင့်လာတာကိုတော့ မပေါ့ဆသင့်ဘူး၊ သွေးလွန်တုပ်ကွေးအန္တရာယ်ကို အထူးသတိထားဖို့လိုတယ်၊ ဖုံးသွန်လဲစစ်ဆိုတဲ့ အခြေခံလေးကို လိုက်နာဆောင်ရွက်ဖို့လိုတယ်" ဟု သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အမျိုးသားစီမံချက်တွင် ပါဝင်ဆောင်ရွက်နေသည့် ဆရာဝန်တစ်ဦးက ဆိုသည်။

 

သွေးလွန်တုပ်ကွေးရောဂါသည် အသက်အရွယ်မရွေး၊ ကလေး/ လူကြီးမရွေး၊ ကျား/ မ မရွေး ဖြစ်နိုင်ပြီး အသက် (၁၅)နှစ်အထက် လူကြီးများတွင်ဖြစ်ပါက သေဆုံးမှုနှုန်း မြင့်မားကြောင်း ၎င်းကဆိုသည်။


Xinhua

Read times
Rate this item
(0 votes)