အဆိုပါရောဂါသည် ရှေ့သွားအသုံးပြုကိုက်ဖြတ်တတ်သည့် တောရိုင်းတိရစ္ဆာန် (rodents)များ (ဥပမာ-ကြွက်နှင့်ရှဉ့်) တို့မှတစ်ဆင့်ကူးစက်သောရောဂါ (zoonotic disease) ဖြစ်ကာအချိန်မရွေး၊ နေရာမရွေး (အထူးသဖြင့် ကျေးလက် ဒေသ) တွင်ဖြစ်ပွားတတ်၍ ကပ်ရောဂါအသွင်ဖြစ်ပွားနိုင်ကာ အချိန်မီဆေးကုသမှုမခံယူပါက အသက်သေဆုံးနိုင်ပါသည်။
ရောဂါကူးစက်သည့်နည်းလမ်းမှာ ပလိပ်ရောဂါဘက်တီးရီးယားပိုး (Yersinia pestis) ကူးစက်ခံထားရသောကြွက်နှင့် ရှဉ့်များရှိ လှေးကောင်များ (Fleas)တွင် ရောဂါပိုးကူးစက်ရာမှ အဆိုပါ ကြွက်နှင့်ရှဉ့်များရောဂါကြောင့် သေဆုံးသော အခါ သွေးအစာမရနိုင်သောကြောင့် လှေးကောင်များသည် စွန့်ခွာကြပြီး နီးစပ်ရာကြွက်များ၊ ရှဉ့်များ၊ အခြား အိမ်မွေး တိရစ္ဆာန်များနှင့် လူများကို ကိုက်ခြင်းအားဖြင့် ပလိပ်ရောဂါသည် အဆင့်ဆင့်ကူးစက်ပျံ့နှံ့ပါသည်။
လှေးကောင်အကိုက်ခံရသည့်နေရာတွင် အရေပြားအောက်သွေးထွက်ခြင်းကြောင့် အမည်းရောင်အဖြစ်တွေ့ရလေ့ ရှိပါသည်။
ပလိပ်ရောဂါအမျိုးအစားများ နှင့်ရောဂါလက္ခဏာများမှာ-
(၁) အကျိတ်ပလိပ်ရောဂါ (Bubonic Plague) - ရောဂါဖြစ်ပွားမှုအများစုတွင်တွေ့ရှိရပြီး ပြန်ရည်ကြောစနစ် (lymphatic system) အတွင်း ရောဂါပိုးဝင်ရောက်ခြင်းကြောင့် ပေါင်ခြံ၊ ချိုင်းနှင့်လည်ပင်းတို့တွင် အကျိတ်များ (buboes) ထွက်ခြင်း/ နာကျင်ခြင်းနှင့် ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပြည်တည်ခြင်းတို့ ဖြစ်ပါသည်။
(၂) သွေးပလိပ်ရောဂါ (Septicemic Plague) - ပြင်းထန်အကျိတ်ပလိပ်ရောဂါကြောင့် ရောဂါပိုးများသည် လျင်မြန်စွာသွေးထဲရောက်၍ သွေးဆိပ်တက်ခြင်း၊ ကိုယ်တွင်းကလီစာများပျက်စီးခြင်း၊ သွေးကြောများအတွင်းတွင် နေရာအနှံ့သွေးခဲခြင်းတို့ဖြစ်ကာ သေဆုံးမှုနှုန်းမြင့်မားသည်။
(၃) အဆုတ်ပလိပ်ရောဂါ(Pneumonic Plague) - အများအားဖြင့် သွေးထဲတွင် ရောဂါပိုးများပျံ့နှံ့ရာမှ အဆုတ်များသို့ ရောဂါရောက်ရှိခြင်း(သို့မဟုတ်) အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဆုတ်တွင်းသို့ တိုက်ရိုက်ကူးစက်ခံရခြင်းကြောင့် ချောင်းဆိုးသွေးပါခြင်း၊ ပြာနှမ်းခြင်း၊ အသက်ရှူနှုန်းမြန်ခြင်းစသည့် လက္ခဏာများတွေ့ရှိရတတ်ပြီး သေဆုံးမှုနှုန်း မြင့်မားပါသည်။ တစ်ဦးမှ တစ်ဦးသို့ ကူးစက်မှုနှုန်းအလွန်မြန်ပါသည်။
ကာကွယ်နိုင်မည့်နည်းလမ်းများမှာ - ကြွက်များအား အိမ်အတွင်းမဝင်နိုင်စေရန်ကြိုတင် တားဆီးထားခြင်း၊ မိမိတို့၏ ပတ်ဝန်းကျင်များတွင် ကြွက်များရှင်သန်ပေါက်ပွားခြင်းမရှိအောင် အညစ်အကြေးနှင့်အမှိုက်သရိုက်များ စနစ်တကျ စွန့်ပစ်ခြင်း၊ ကြွက်များအားဖမ်းဆီးနှိမ်နင်းခြင်း၊ ဖျားနာနေသောတိရစ္ဆာန်များနှင့် သေဆုံးနေသည့် တောရိုင်း တိရစ္ဆာန်များကို အကာအကွယ်မပါဘဲ ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်းတို့ကို ပြုလုပ်ရပါမည်။
"ပလိပ်(Plague)ရောဂါအန္တရာယ်ရှိ၍ဖြစ်ပွားလေ့ရှိသောဒေသများတွင် အထက်ဖော်ပြပါလက္ခဏာများခံစားရခြင်း၊ သဘာဝမဟုတ်သောကြွက်အများအပြား သေဆုံးခြင်းကိုတွေ့ရပါကနီးစပ်ရာကျန်းမာရေးဌာနသို့အမြန်ဆုံးသတင်းပို့ပါ။"
MOHS