What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 23 November 2020 17:18

လျစ်လျူမရှုသင့်သော ရောဂါ လက္ခဏာ ၆ မျိုး

လူအတော်များများဟာ ဆေးရုံဆေးခန်းသွားရမှာကို ရှောင်တတ်ကြပါတယ်။

 

ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ ဒီလိုသိနားလည်တဲ့သူတွေဆီ သွားတာက ကျန်းမာရေးအတွက် ပိုပြီး စိတ်ချရပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်က မကောင်းတာတစ်ခုခု အချက်ပြတဲ့ အခါမျိုးမှာပေ့ါ။

 

၁. ဝိတ်ချနေတာမဟုတ်ဘဲ ကိုယ်အလေးချိန် သိသိသာသာ လျော့ကျလာခြင်း။

သင့်ခန္ဓာကိုယ်အလေးချိန်ဟာ ရုတ်တရက်ကြီး ၅ ကီလိုဂရမ်ကနေ ၁၀ ကီလိုဂရမ် (5 kg to 10 kg) လောက်ထိ ကျဆင်းလာတယ်ဆိုရင် သင့်ခန္ဓာကိုယ်ရဲ့ ချို့ယွင်းချက် တစ်ခုခုကို အချက်ပြနေတာကြောင့် ဆရာဝန်ဆီကို သွားပြသင့်ပါတယ်။ ကိုယ်အလေးချိန်လျော့ကျတာရဲ့နောက်ကွယ်မှာ သင်မသိနိုင်တဲ့ ဟော်မုန်းဓာတ်မညီညွှတ်တဲ့ ရောဂါ၊ ဆီးချိုရောဂါ၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု နှေးကွေးတဲ့ရောဂါနဲ့ အခြားရောဂါတွေ အများကြီး ဖြစ်နိုင်ခြေ ရှိနေပါတယ်။

 

၂. ခန္ဓာကိုယ်အပူချိန် မြင့်တက်လာခြင်း။

သင့်ခန္ဓာကိုယ်မှာ ရောဂါကူးစက်ခံရတာမျိုး၊ ချို့ယွင်းချက်တစ်ခုခု ရှိနေတာမျိုးကို ကိုယ်အပူချိန်ကနေလည်း တစ်ဆင့် သိနိုင်ပါတယ်။ ၃ ရက် ကျော်တဲ့အထိ သင့်ကိုယ်အပူချိန်မကျသေးဘဲ ခေါင်းကိုက်တာတွေ၊ လည်ချောင်းနာတာတွေပါ ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်ဆီ သွားပြသင့်ပါတယ်။

 

၃. အသက်ရှူမဝခြင်း။

သင်စိတ်လှုပ်ရှားနေချိန် ဒါမှမဟုတ် တစ်ခုခု လှုပ်လှုပ်ရှားရှား လုပ်နေချိန်မှာ အသက်ရှူမဝတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သာမန်အနားယူချိန်မျိုးမှာ အသက်ရှူမဝသလို ခံစားရရင်တော့ ချက်ချင်းပဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို သွားသင့်ပါတယ်။

 

၄. ကြွက်သားများနာကျင်ခြင်း။

ပုံမှန်အားဖြင့် ကြွက်သားနာကျင်ခြင်းဟာ အရမ်းလေးတဲ့ ဝန်တွေထမ်းပြီးတဲ့အခါမျိုး လေ့ကျင့်ခန်းလုပ်ပြီးတဲ့ အခါမျိုးတွေမှာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဘာမှမယ်မယ်ရရ မလုပ်ရဘဲ ကြွက်သားတွေနာကျင်နေရင်တော့ ဆေးခန်းသွားသင့်ပါတယ်။ ဒီလိုအကြောင်းပြချက်မရှိဘဲ ကြွက်သားနာကျင်မှုဟာ ခန္ဓာကိုယ်အတွင်းက တစ်ခုခု ချို့ယွင်းနေတဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

 

၅. ကာလကြာရှည် ဗိုက်အောင့်ခြင်း။

ဗိုက်အောင့်တာက အခြေအနေအမျိုးမျိုးကြောင့် ခံစားရတတ်ပါတယ်။ အစာခြေစနစ်နဲ့ ပတ်သက်တဲ့ ပြဿနာများ၊ အစာအိမ်ပြည်တည်နာ၊ အလွန်အမင်း ဝမ်းချုပ်ခြင်း၊ ကူးစက်ရောဂါနဲ့ အခြား ကျန်းမာရေး ပြဿနာများကြောင့် ဖြစ်တတ်ပါတယ်။ ဗိုက်အောင့်တာက ၃ ရက်ထက်ကျော်လာပြီး ပျို့တာတွေ၊ အန်တာတွေပါ ဖြစ်လာရင်တော့ ဆရာဝန်ဆီကို သွားသင့်ပါတယ်။

 

၆. ဝမ်းအမည်းသွားခြင်း။

အနီရောင်နဲ့ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေစားဖြစ်တဲ့ အခါမျိုးတွေမှာ သင့်ဝမ်းဟာ အမဲရောင် ဖြစ်နေတတ်ပါတယ်။ သင်မုန်လာဥနီ၊ ဘလူးဘယ်ရီတို့ စားမိလို့ ဖြစ်တာဆိုရင်လည်း စိတ်ပူစရာမလိုပါဘူး။ ဒါပေမယ့် သင်ဟာ ဝမ်းအရောင်ပြောင်းစေမယ့် အစားအစာတွေမစားဘဲ သင့်ဝမ်းတွေက နီနေမယ်၊ မဲနေမယ်ဆိုရင်တော့ သင့်အစာအိမ်မှာ အနာဖြစ်နေနိုင်တာကြောင့် ဆရာဝန်ဆီကို ချက်ခြင်းသွားသင့်ပါတယ်။ သင့်ကျန်းမာရေးအတွက် ဆရာဝန်ဆီသွားဖို့ကို တွန့်ဆုတ်မနေသင့်ပါဘူး။ ပြီးတော့ ကုသခြင်းထက် ကာကွယ်ခြင်းက ပိုပြီး ထိရောက်တယ်ဆိုတာ သင်သိပြီးသားဖြစ်မှာပါ။

Read times Last modified on Monday, 23 November 2020 17:26
Rate this item
(0 votes)