What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 29 August 2021 10:37

အေးမြစေတဲ့ ရေခဲရေ

ရေခဲရေအေးအေးနဲ့ ပတ်သက်လို့ ထင်မြင်ချက်တွေ အမျိုးမျိုး လူတွေမှာ ရှိနေကြတယ်။

တချို့က ပြောတယ်။ ရေခဲရေအေးအေး သောက်တာ အစာချေဖို့ လုပ်ကိုင်တာမှာ အနှောင့်အယှက် ပေးတယ်။ အသက်ရှူလမ်းကြောင်းမှာ ချွဲထစေတယ်။
တချို့က ပြောတယ်။ ရေခဲရေ သောက်တာကြောင့် ကယ်လိုရီတွေ လောင်ကျွမ်းတာ ပိုများစေလို့ ကာယလေ့ကျင့်ခန်း လုပ်ကိုင်တာ ပိုအကျိုးထူးစေတယ်။
ရေခဲရေဆိုတာ မသောက်သင့်တဲ့အရာလို့ ပြောကြသူတွေလည်း ရှိတယ်။
ဆေးလုံးမျိုချဖို့ ရေသောက်တာ၊ အာခေါင်ခြောက်လို့ ရေသောက်တာစတဲ့ ရေသောက်ရခြင်း အကြောင်းတွေမဟုတ်ဘဲ ကိုယ်ခန္ဓာမှာ ရေဓာတ်ရဖို့အတွက် ရေသောက်တယ်ဆိုရင်တော့ ရေခဲရေသောက်လို့ ကျန်းမာရေး ထိခိုက်မှာ မဟုတ်ဘူး။

ရေဓာတ် ရရှိရေး

ကိုယ်ခန္ဓာ ရေဓာတ်ရဖို့ အခန်းတွင်း အပူချိန်အတိုင်း ရှိနေတဲ့ ရေကို သောက်သည်ဖြစ်စေ၊ ရေခဲရေကို သောက်သည်ဖြစ်စေ၊ ရေနွေးသောက်သည်ဖြစ်စေ ရေဓာတ်ရဖို့ပဲ ရှိပါတယ်။ ပူတာအေးတာ အကြောင်း မဟုတ်ပါ။ ရေဓာတ်က ဘာလို့ လိုအပ်တာလဲ။ ကိုယ်ခန္ဓာမှာ လိုအပ်တဲ့ ရေဓာတ် ရရှိနေမှ ကိုယ်အပူချိန်ကို ထိန်းဖို့ လွယ်တယ်။ အင်္ဂါအစိတ်အပိုင်းတွေ အလုပ်ကောင်းကောင်း လုပ်နိုင်တယ်။ အာဟာရတွေ ဆဲလ်ဆီရောက်အောင် ပို့ပေးနိုင်စေတယ်။ ပိုးမဝင်အောင် ကာကွယ်တာမှာလည်း ကူညီပေးတယ်။

ရေပူရေအေး ရိုးရိုးရေ ဘယ်ဟာကို သောက်သောက် ကိုယ်ခန္ဓာ ရေဓာတ်ရဖို့ အထောက်အကူ ဖြစ်စေတာမှာ ရေအေးကို သောက်တာက ရေဓာတ်နည်းနေချိန် ပြန်ဖြည့်တင်းပေးဖို့ ထောက်ကူတာမှာ ပိုထိရောက်ပါတယ်။

International Journal of Clinical and Experimental Medicine က သုတေသန လုပ်ပြီး စမ်းသပ်ခဲ့တာမှာ အမျိုးသား အားကစားသမား ခြောက်ဦးကို တစ်ယောက်နဲ့ တစ်ယောက် အပူချိန်မတူတဲ့ ရေကို တိုက်တယ်။ အဲဒီစမ်းသပ်မှုအရ သိခဲ့ကြတာက နေပူအောက်မှာ ကိုယ်လက်လှုပ်ရှားပြီး အားကစားလုပ်နေတဲ့ အားကစားသမားတွေအဖို့ ချွေးထွက်လို့ ရေဓာတ် ဆုံးရှုံးနေတာ ပြန်ဖြည့်တင်းဖို့ ရေအေးအေး သောက်တာ အကောင်းဆုံးပဲဆိုတာပဲ ဖြစ်ပါတယ်။

ကာယလေ့ကျင့်ခန်း ယူပြီးတဲ့နောက် မိနစ် ၂၀ ကြာပြီးချိန်မှာ ရေအေးအေးဖြင့် ၁၀ မိနစ်ရေချိုးပေးပြီး ရေဓာတ်ဆုံးရှုံးမှု လျော့နည်းစေဖို့ ဆောင်ရွက်နိုင်ကြောင်း Human Kinetics Journal ရဲ့ စမ်းသပ်ချက်များအရ သိကြရတယ်။ အဲဒီနည်းကို ရေအေးကုထုံး "cold water therapy" လို့ အမည်တွင်တယ်။ ၁၀ မိနစ် ရေအေးနဲ့ ရေချိုးတဲ့အတွက် ကြွက်သားတွေ ပြန်အနားရကြဖို့ကိုလည်း အထောက်အကူဖြစ်စေတယ်လို့ European Journal of Applied Physiology မှာ ဆိုထားပါတယ်။

ရေအေးသောက်လို့ အကျိုးကျေးဇူးတွေ ရရှိနေပေမဲ့ ကိုယ်ခန္ဓာ ကျန်းမာရေးအတွက် မကောင်းဘူးလို့ ရေးသားကြတာတွေ ရှိနေဆဲဖြစ်ပြီး စနစ်တကျ စမ်းသပ်မှုတွေ မပြုထားဘဲ ထင်ကြေးဖြင့် ရေးသားနေကြတာ များပါတယ်။ တွေးဆချက်တွေအပေါ် အခြေပြုပြီး မမှန်စကားကို ဆိုနေကြတာသာ ဖြစ်ပါတယ်။

တွေးဆချက်များအရ ပြောဆိုကြတာမှာ ရေခဲရေကို သောက်လိုက်တဲ့အခါ ကိုယ်ခန္ဓာ အစာချေစနစ် ကောင်းကောင်း အလုပ်လုပ်လို့ မရတော့ဘူးလို့ ဆိုကြတယ်။ ရေအေးကြောင့် သွေးကြောတွေ ကျုံ့သွားတယ်။ ဒီတော့ အာဟာရနဲ့ ဗီတာမင်တွေကို စုပ်ယူပေးနိုင်ခြင်း မရှိတော့ဘူး။ ရေနွေးကို သောက်တာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာဖြစ်ပြီး ရေအေးရဖို့ ရေခဲသေတ္တာတွေ မပေါ်ခင်တုန်းက ယဉ်ကျေးမှု ဖြစ်ပါတယ်။ ရေနွေးက အစာချေတာကို ထောက်ကူတယ်။ အရှိန်ကောင်းစေတယ်။ အူကျန်းမာရေး ကောင်းစေတယ်လို့ ဆိုတဲ့ ရှေးရိုးစဉ်လာ အယူအဆ ရှိပါတယ်။ အဲဒီအယူအဆက ဆေးပညာနယ်ပယ်မှာ စမ်းသပ်မှုတွေ မလုပ်ကိုင်နိုင်ခင်ကတည်းက သက်ကြီးစကား သက်ငယ်ကြားပြီး လက်ဆင့်ကမ်းလာတဲ့ အဆိုပြုချက်တွေသာ ဖြစ်ပါတယ်။

ကိုယ်ခန္ဓာက လိုအပ်တဲ့ ရေဓာတ် ရရှိဖို့ ရေသောက်ကြရမယ်။ ရေနွေးသောက်သောက် ရေအေးသောက်သောက် ရေသောက်ပေးဖို့က ပဓာန ကျတယ်။ ရေဓာတ် ရှိနေရင် ကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် စိတ်ကို ရွှင်လန်းစေမှာ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)