What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 30 September 2020 12:33

Prudential Myanmar မှ ကိုဗစ်-၁၉ ဆိုင်ရာ လူမှုအကျိုးပြု လုပ်ငန်းစဉ်များအတွက် မြန်မာငွေကျပ် (၁၃၁) သန်းကျော် မ,တည်၊ ကူညီပံ့ပိုးမည်

ကူးစက်ရောဂါ ပြန့်ပွားနေသည့် ကာလအတွင်း မြန်မာနိုင်ငံအတွင်းရှိ ထောင်ပေါင်းများစွာသော ပြည်သူများကို ကူညီပံ့ပိုးပေးနိုင်ရန်

Prudential Myanmar သည် အက်ရှင်အေ့ဒ် (ActionAid)၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြုပြင်မွမ်းမံရေးကုသိုလ်ဖြစ် အဖွဲ့အစည်းနှင့် WaterAid စသည့် NGOs အဖွဲ့အစည်း (၃) ခု အပါအဝင် လူမှုရေးလုပ်ငန်း အဖွဲ့အစည်းတစ်ခုဖြစ်သော ဒို့အိမ် (၎င်း၏ I DO NATION အစီအစဉ် မှတစ်ဆင့်) ဖြင့် ပူးပေါင်း၍ လူမှုအကျိုးပြုလုပ်ငန်းစဉ်များစွာကို ကဏ္ဍအလိုက် စတင် ချမှတ်ဆောင်ရွက်လျက် ရှိသည်။

Prudential Myanmar အနေဖြင့် အဆိုပါ လူမှုအကျိုးပြု လုပ်ငန်းစဉ်များအား အထောက်အပံ့ ဖြစ်စေရန် အမေရိကန်ဒေါ်လာ တစ်သိန်း (ခန့်မှန်းခြေ မြန်မာကျပ်ငွေ ၁၃၁ သန်းကျော်) ပါဝင်ပံ့ပိုးကူညီထားသည်။ အဆိုပါ ရန်ပုံငွေများသည် အာရှ၊ အမေရိကန်နှင့် အာဖရိက နိုင်ငံများအတွင်း စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးလျက် ရှိသူများ အပါအဝင် Prudential ၏ လူမှုအသိုင်းအဝိုင်း အတွက် ငွေကြေးဆိုင်ရာ ထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်ရန် မ,တည်ပေးထားသော Prudential ၏ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကုစားမှု ရန်ပုံငွေအချို့အား အသုံးပြုထားခြင်း ဖြစ်သည်။
ရန်ပုံငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ (၂.၅) သန်း အသုံးပြုရန် ရည်ရွယ်ထားသော Prudential ၏ ကိုဗစ်-၁၉ ကုစားမှု ရန်ပုံငွေများကို ကူးစက်ရောဂါ ကာကွယ်တားဆီးရေး အပါအဝင် ကပ်ရောဂါ၏ နောက်ဆက်တွဲ လူမှုရေး၊ စီးပွားရေးဆိုင်ရာ အခက်အခဲများကို အမြန်ဆုံး ဖြေရှင်းပေးနိုင်သည့် လူမှုအကျိုးပြုနှင့် ကုသိုလ်ဖြစ် လုပ်ငန်းစဉ်များတွင် ပါဝင်ထောက်ပံ့ပေးနိုင်ရန်အတွက် Prudential ဝန်ဆောင်မှု ပေးလျက်ရှိသော ဈေးကွက်များသို့ ခွဲဝေဖြန့်ဖြူးခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရန်ပုံငွေ ထည့်ဝင်ခဲ့ပြီးဖြစ်သော လူမှုအကျိုးပြု လုပ်ငန်းစဉ်များမှာ ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့ကူးစက်မှုအား ကာကွယ်တားဆီးရာတွင် နည်းလမ်းအမျိုးမျိုးဖြင့် အမြန်ဆုံး ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးသွားမည်ဟု သိရသည်။ အဆိုပါ လုပ်ငန်းစဉ်များအား နေအိမ်ပြင်ပရှိ နေရာများတွင် သန့်ရှင်းရေးအတွက် အခြေခံအဆောက်အုံများ ပိုမို ကောင်းမွန်လာစေရန်၊ အိမ်ထောင်စုများ အတွက် နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များ ဖြန့်ဝေပေးနိုင်ရန်၊ လမ်းဘေး စားသောက်ဆိုင်ငယ် လေးများအား ငွေကြေးဆိုင်ရာ ကူညီပံ့ပိုးပေးနိုင်ရန်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သန့်ရှင်းရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေး လုပ်ငန်းများ ပိုမို ထိရောက်စွာ လုပ်ဆောင်နိုင်ရန် ယခု လုပ်ငန်းစဉ်များအား အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Prudential Myanmar ၏ CEO ဖြစ်သူ Mr. Asit Rath က “ကိုဗစ်-၁၉ ကြောင့် နိုင်ငံတစ်ဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ ထိခိုက်ဆုံးရှုံးမှုတွေကို လျှော့ချနိုင်ဖို့ မြန်မာနိုင်ငံက အစိုးရတာဝန်ရှိသူတွေ၊ ရှေ့တန်းမှာ လက်တွေ့ လုပ်ကိုင်နေကြသူတွေနဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်မှုတွေအတွက် ကျွန်တော်တို့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ Prudential Myanmar ရဲ့ “ဒို့တွေတစ်ကယ် ကောင်းကျိုးပြုကြတယ်” (We DO Good) ဆိုတဲ့ အရင်းခံ စိတ်ထားနဲ့ လူမှုအသိုင်းအဝိုင်းအတွက် လိုအပ်နေတဲ့ အချိန်တွေမှာ တတ်စွမ်းသရွေ့ ကူညီကာကွယ်ပေးဖို့ ကတိကဝတ်ပြုထားပါတယ်။ အခုလို မိတ်ဖက် NGO နဲ့ လူမှုရေးလုပ်ငန်း အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကိုဗစ်-၁၉ တားဆီးနှိမ်နင်းရေး လုပ်ငန်းစဉ်အမျိုးမျိုးမှာ ပါဝင်ဆောင်ရွက်ရင်းကနေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ကာလအတွင်းမှာ ပြည်သူတွေကို အဘက်ဘက်ကနေ ကူညီပံ့ပိုးပေးနိုင်တဲ့အတွက် ဝမ်းသာပီတိ ဖြစ်ရပါတယ်” ဟု ပြောသည်။

အက်ရှင်အေ့ဒ်နှင့် ပူးပေါင်းဆောင်ရွက်သည့် လူမှုအကျိုးပြု လုပ်ငန်းစဉ် တစ်ရပ်မှာ ဒလမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်နှိမ်နင်းရေးဖြစ်သည်။
အက်ရှင်အေ့ဒ် အပါအဝင် မြန်မာ့ရပ်ရွာလူထု ဘေးဒဏ်ခံနိုင်စွမ်းတိုးမြှင့်ရေးအဖွဲ့ (MCCR) အဖွဲ့ဝင်တစ်ဦးနှင့် ပူးပေါင်းပြီး ရန်ကုန်၊ ဒလမြို့နယ်အတွင်း နှာခေါင်းစည်းများ၊ ထိတွေ့စရာမလိုဘဲ အပူချိန်တိုင်းနိုင်သော ကိရိယာများ၊ ပိုးသတ်ဆေးများ၊ တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေး အသုံးအဆောင် (PPE) အစုံလိုက်များနှင့် လက်သန့်ဆေးရည်များကို လိုက်လံဝေမျှရာတွင် Prudential Myanmar မှ ကူညီပံ့ပိုး ပေးနိုင်ခဲ့ပါသည်။ အဆိုပါ လှုပ်ရှားမှုများကြောင့် ဒလမြို့နယ် လူဦးရေ၏ (၁၀%) ဖြစ်သော အိမ်ထောင်စုပေါင်း (၃,၄၅၇) ခုအား အကျိုးပြုပေးနိုင်မည် ဖြစ်ပါသည်။ အဆိုပါ လုပ်ငန်းစဉ်ကို ၂၀၂၀ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလအထိ ဆောင်ရွက်သွားမည် ဖြစ်သည်။
ထို့အပြင် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးလုပ်ငန်းများနှင့် ဆက်စပ်သော အသိပညာပေး လက်စွဲစာအုပ်များကိုလည်း ဒလမြို့နယ်အတွင်း ဖြန့်ဖြူးပေးမည်ဖြစ်ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒလမြို့နယ် ကျန်းမာရေးဌာနတို့နှင့် ဆွေးနွေးညှိနှိုင်းပြီး ကျန်းမာရေး အသိအမြင် တိုးပွားလာစေရေး အစီအစဉ်များကို ရပ်ရွာလူထုအတွင်းနှင့် အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်ပေးမည်။ အဆိုပါ လှုပ်ရှားမှုများမှာ အက်ရှင်အေ့ဒ်၏ NGOs ကွန်ရက်များ၊ ဒလမြို့နယ်အတွင်းရှိ ရပ်ရွာလူထု အပါအဝင် အစိုးရအဖွဲ့အစည်းများနှင့် အဆက်အသွယ်များကို အသုံးချကာ ယခင်ပြုလုပ်ခဲ့သော လုပ်ငန်း အတွေ့အကြုံများကို အခြေခံ၍ ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။
အဆိုပါ လုပ်ငန်းစဉ်များကို ထိရောက်မှုရှိရှိ ရေရှည်လုပ်ကိုင်ပေးနိုင်ရန်နှင့် ဘေးအန္တရာယ် မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီး ကာလများတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲနိုင်စွမ်းရှိသူများ ပိုမို များပြားလာစေရန်အတွက် အက်ရှင်အေ့ဒ် မှ စေတနာ့ ဝန်ထမ်းများနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး သင်တန်းများမှတစ်ဆင့် လေ့ကျင့်သင်ကြားပေးလျက် ရှိပါသည်။ ထိုကဲ့သို့ ရပ်ရွာလုထုအတွင်း အသိပညာပေး အစီအစဉ်များ ပြုလုပ်ပေးနေသည့် စေတနာ့ဝန်ထမ်းများအတွက် ငွေကြေးဆိုင်ရာ အထောက်အပံ့များ ပေးအပ်လျက် ရှိပါသည်။

ဒို့အိမ်နှင့် ပူးပေါင်းဆောင်ရွက်သည့် လူမှုအကျိုးပြု လုပ်ငန်းစဉ်မှာ I DO NATION ဖြစ်သည်။
Prudential Myanmar သည် ကိုဗစ်-၁၉ ကာလအတွင်း ရန်ကုန်မြို့ရှိ အကူအညီလိုအပ်နေသော ခေါင်းရွက်ဗျက်ထိုး ဈေးသည်များ၏ ကျန်းမာရေးနှင့် ရှင်သန်ရပ်တည်နိုင်ရေးတို့ကို ကူညီပေးနိုင်ရန် ဒို့အိမ်နှင့် MultiVerse Advertising တို့ ဦးဆောင်သော I DO NATION လှုပ်ရှားမှုကိုလည်း ထောက်ပံ့ကူညီပေးလျက် ရှိပါသည်။ ရန်ကုန်မြို့တွင် ရှင်သန်ရပ်တည်ရေး အတွက် နေ့စဉ် လမ်းမများပေါ်တွင် ဈေးရောင်းနေကြရသည့် ခေါင်းရွက်ဗျက်ထိုး ဈေးသည်ပေါင်း (၇၀,၀၀၀) ကျော်ရှိပြီး ၎င်းတို့ကို မှီခိုအားထားနေရသည့် မိသားစုဝင်ပေါင်း (၃၀၀,၀၀၀) ကျော် ရှိပါသည်။
ယနေ့အထိ I DO NATION အစီအစဉ်မှတစ်ဆင့် ရန်ကုန်မြို့နယ် (၆) မြို့နယ်မှ ခေါင်းရွက်ဗျက်ထိုးဈေးသည်ပေါင်း (၁,၂၀၀) အတွက် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ပြီး ဈေးသည် (၅,၀၀၀) ကျော်အတွက် PPE နှင့် လက်သန့်စင်ရေး ပစ္စည်းများ ဝေမျှပေးခဲ့ပြီး ဖြစ်ပါသည်။ ကိုဗစ်-၁၉ ကာလအတွင်း အသွားအလာကန့်သတ်မှုများကြောင့် ဈေးမရောင်းနိုင်ဘဲ ဝင်ငွေဆုံးရှုံးနေရသည့် ခေါင်းရွက်ဗျက်ထိုး ဈေးသည်များအတွက် တိုက်ရိုက် ငွေသားလှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ ၎င်းတို့ လှည့်လည်ရောင်းချနေသော လူထူထပ်သည့်နေရာများတွင် လက်ဆေးရန် လိုအပ်သည့်ပစ္စည်းများ ပြင်ဆင်ထားရှိပေးခဲ့သည်။ အဆိုပါ နေရာများတွင် နှာခေါင်းစည်း၊ လက်အိတ်၊ လက်သန့်ဆေးရည်ဘူးများနှင့် ကိုဗစ်-၁၉ အကြောင်း အသိပညာပေး လက်ကမ်းစာစောင်များကို မျှဝေပေးခဲ့ပါသည်။

WaterAid နှင့် ပူးပေါင်းဆောင်ရွက်သည့် လူမှုအကျိုးပြု လုပ်ငန်းစဉ်မှာ သန့်ရှင်းရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ပိုမို တိုးတက်ကောင်းမွန်လာစေရေး ဖြစ်သည်။

ဤလုပ်ငန်းစဉ်ကို ၂၀၂၀ ခုနှစ်၊ ဇွန်လတွင် စတင်ခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင် အပြီးသတ်မည်ဖြစ်ကာ ကဏ္ဍလေးရပ် ဖြစ်သော သန့်ရှင်းရေးဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ သန့်ရှင်းရေးဆိုင်ရာ အမူအကျင့် ပြောင်းလဲစေရန် တိုက်တွန်းနှိုးဆော်ရေး၊ လူမှုအသိုင်းအဝိုင်းအတွင်း လက်ဆေးသည့် အလေ့အထ ပိုမို ပျံ့နှံ့ရောက်ရှိစေခြင်း၊ အကျိုးသက်ရောက်မှုနှုန်း အများဆုံးဖြစ်စေရန် ကာကွယ်တားဆီးရေး နည်းစနစ်များကို ပိုမို အားကောင်းလာစေခြင်းတို့ကို အဓိကထား လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ပြည်တွင်းရှိ အစိုးရဌာနများ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် မြို့နယ် COVID-19 တုံ့ပြန်ဆောင်ရွက်ရေးကော်မတီများ နှင့် ဆွေးနွေးတိုင်ပင်ပြီး လူထူထပ်သော နေရာများ၊ ကျန်းမာရေးစင်တာများနှင့် ကျောင်းများတွင် လက်ဆေးနိုင်ရန် လိုအပ်သည့်ပစ္စည်းများ ပြင်ဆင်ထားရှိပေးခဲ့သည်။ အဆိုပါ ဆောင်ရွက်မှုများကြောင့် ရန်ကုန်မြို့တွင် လူဦးရေ အများဆုံးနေထိုင်လျက်ရှိသော နေရာများအတွင်း တစ်ခုအပါအဝင်ဖြစ်သည့် လှိုင်သာယာမြို့နယ်ရှိ စာသင်ကျောင်း (၂) ကျောင်းတွင် ကျောင်းသားပေါင်း (၁၂,၀၀၀) ကျော်အတွက် အကျိုးပြုနိုင်ခဲ့သည်။

သန့်ရှင်းရေးဆိုင်ရာ အမူအကျင့် ပြောင်းလဲစေရန် တိုက်တွန်းနှိုးဆော်သည့်အနေဖြင့် သတ်မှတ်ထားသော နေရာများတွင် အသိပညာပေး လက်ကမ်းပိုစတာနှင့် ကြော်ငြာဆိုင်းဘုတ်များကို ထားရှိပြသပေးမည် ဖြစ်ပါသည်။ ထို့အပြင် WaterAid အနေဖြင့် ဒစ်ဂျစ်တယ်မီဒီယာ ချန်နယ်များကို အသုံးချပြီး လက်ဆေးခြင်းဆိုင်ရာ အလေ့အထကောင်းများကို ပိုမို သတိပြုလာကြစေရန် အသိပညာပေးမှုများ တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြုပြင်မွမ်းမံရေးကုသိုလ်ဖြစ် အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်သည့် လူမှုအကျိုးပြု လုပ်ငန်းစဉ်မှာ သန့်ရှင်းရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေး လုပ်ငန်းများဖြစ်သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည့် အနယ်နယ်အရပ်ရပ်မှ ဆင်းရဲနွမ်းပါးသည့် ပြည်သူများအတွက် မြန်မာနိုင်ငံ၏ ပင်မ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသော နေရာတစ်ခု ဖြစ်ပါသည်။ Prudential Myanmar အနေဖြင့် လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများ အကြား ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးနိုင်ရေး အကူအညီပေးနိုင်ရန်အတွက် RGHRCT ၏ သန့်ရှင်းရေးနှင့် ရောဂါကူးစက် ပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမို ထိရောက်စွာ လုပ်ဆောင်နိုင်ရန် ပံ့ပိုးကူညီပေးမည် ဖြစ်သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပိုမို သန့်ရှင်းလာစေရန် ဆောင်ရွက်ခြင်းသည် လက်ရှိကာလနှင့် အနာဂတ်ကာလတွင် ရပ်ရွာလူထု ဘေးဒဏ်ခံနိုင်စွမ်းအတွက် များစွာ အထောက်အကူ ဖြစ်စေနိုင်ပါသည်။ ထိုသို့လုပ်ဆောင်ရာတွင် ကိုဗစ်-၁၉ အရေးပေါ်ကုသမှု ဆောင်ရွက်ရာသည့် ‌နေရာများ၊ စောင့်ကြည့်လူနာ ထားရှိရာ ဆေးကုသဆောင်များနှင့် အထူးကြပ်မတ် ကုသဆောင်များ အစရှိသဖြင့် ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်ရေး နေရာများတွင် လက်ဆေးနိုင်ရန် လိုအပ်သော ပစ္စည်းများကို အလုံအလောက် ထားရှိဖြည့်ဆည်းပေးသည့် လုပ်ဆောင်ချက်များကို အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

RGHRCT သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ လက်တွဲလုပ်ကိုင်ပြီး လက်သန့်ရှင်းရေး အပိုင်းတွင်လည်း အားစိုက်လုပ်ကိုင်သွားမည်ဖြစ်ပြီး အထူးအလေ့အကျင့်ကောင်းများနှင့်မွမ်းမံသင်တန်းများ ပြုလုပ်ပေးနိုင်ရန် ကူညီပံ့ပိုးပေးမည် ဖြစ်ပါသည်။

Prudential Myanmar ၏ လှုပ်ရှားမှုများနှင့် ကိုဗစ်-၁၉ ဆိုင်ရာ အသိပေးကြေညာချက်များအတွက် နောက်ဆုံးရ အချက်အလက်များကို ကုမ္ပဏီ၏ Facebook စာမျက်နှာ - www.facebook.com/PrudentialMyanmarLifeInsurance တွင် ပုံမှန် အသိပေးဖော်ပြသွားမည်ဟု သိရသည်။

Prudential Myanmar Life Insurance အကြောင်း
Prudential Myanmar သည် Prudential Corporation Asia လက်အောက်ရှိ အပိုင် အသက် အာမခံလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ရေရှည် ယုံကြည်စိတ်ချရသည့် ကာကွယ်စောင့်ရှောက်မှုနှင့် လိုအပ်ချိန်တွင် အထောက်အပံ့ဖြစ်စေမည့် စုဆောင်းငွေများ ပိုမို တိုးပွားလာစေမည့် အသက်အာမခံ ပေါ်လစီ ထုတ်ကုန်များနှင့် နည်းပညာဖြေရှင်းမှုစနစ်များကို ပေးအပ်ရန် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (MoPF) မှ ပေးအပ်သည့် အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့် လိုင်စင်ကို လက်ခံရရှိခဲ့ပါသည်။

Prudential Myanmar သည် မြန်မာနိုင်ငံ၏ အသက်အာမခံနယ်ပယ် တိုးတက်ပျံ့နှံ့လာစေရန်နှင့် ပြည်သူ အားလုံးပါဝင် အသုံးပြုနိုင်သည့် ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလေးထား ကြိုးစားဆောင်ရွက်မည် ဖြစ်သည်။ Prudential Myanmar ၏ နည်းပညာ ဦးစားပေးချဉ်းကပ်မှုဖြင့် အာမခံ ဝန်ဆောင်မှု များကို ရိုးရှင်းလွယ်ကူပြီး အဆင်ပြေချောမွေ့စွာ ရယူနိုင်မည့်အပြင် မြန်မာနိုင်ငံ အနှံ့အပြားရှိ ပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ရောက်ရှိနိုင်ရန် ကတိကဝတ်ပြုထားသည်။

အသေးစိတ်ထပ်မံ သိရှိလိုပါက Prudential Myanmar Life Insurance ဝက်ဘ်ဆိုက် နှင့် Facebook စာမျက်နှာ တို့တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

Prudential Corporation Asia အကြောင်း
Prudential Corporation Asia သည် Prudential plc လက်အောက်ရှိ လုပ်ငန်းခွဲတစ်ခု ဖြစ်ပြီး အာရှဒေသ အတွင်းနှင့် အာဖရိကနိုင်ငံရှိ အသက်အာမခံလုပ်ငန်းများနှင့် Eastspring Investments ၏ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲ့မှု လုပ်ငန်းတို့ ပါဝင်သည်။ (Prudential plc သည် လန်ဒန် (PRU.L) ၊ ဟောင်ကောင် (2378.HK) ၊ စင်ကာပူ (K6S.SG) နှင့် နယူးယောက် (PUK.N) စတော့အိတ်ချိန်း ဈေးကွက်များတွင် စာရင်းဝင်ခဲ့ပြီး ဖြစ်သည်။ Prudential plc သည် အမေရိကန်ပြည်ထောင်စုတွင် အဓိက လုပ်ငန်းအခြေစိုက်သည့် Prudential Financial, Inc. နှင့် United Kingdom ရှိ M&G plc ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သည့် Prudential Assurance Company တို့နှင့် လုပ်ငန်းဆက်စပ်မှု မရှိပါ)

ရုံးချုပ်မှာ ဟောင်ကောင်တွင် တည်ရှိပြီး Prudential အနေဖြင့် လူအများ၏ လိုအပ်ချက်အမျိုးမျိုးကို ဖြည့်ဆည်းပေးနိုင်မည့် ရေရှည် အာမခံစုဆောင်းငွေ ဝန်ဆောင်မှုများ၊ ရင်းနှီးမြုပ်နှံမှုနှင့် ကာကွယ်စောင့်ရှောက်မှု ဆိုင်ရာ အာမခံအမျိုးအစားများကို ပေးအပ်ထားပါသည်။

Prudential သည် ကမ္ဘောဒီးယား၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်းနှင့် ဗီယက်နမ် စသည့် အာရှဒေသတစ်လွှားရှိ ဈေးကွက် (၁၃) ခု၏ ထိပ်တန်းအသက်အာမခံ ဝန်ဆောင်မှု လုပ်ငန်းတစ်ခု ဖြစ်သည်။ အာဖရိက တိုက်တွင် ကင်မရွန်း၊ ကုတ်အိုင်ဗွီ၊ ကင်ညာ၊ နိုင်ဂျီးရီးယား၊ တိုဂိုနှင့် ယူဂန်ဒါ နိုင်ငံတို့ ပါဝင်သော ဈေးကွက် (၈) ခုကို လွှမ်းခြုံထားပြီးဖြစ်သည်။ Prudential ၏ အာမခံလုပ်ငန်းများအား နေရာမျိုးစုံမှတစ်ဆင့် အလွယ်တကူ ချိတ်ဆက်ရယူနိုင်ရသော ယုံကြည်စိတ်ချရသည့် ပလက်ဖောင်းမှတစ်ဆင့် ကမ္ဘာ့တိုက်ကြီးနှစ်တိုက်မှ customer ပေါင်း (၁၆) သန်းကျော်အတွက် အမျိုးအစား စုံလင်ပြီး တီထွင်ဆန်းသစ်သည့် နည်းပညာ ဖြေရှင်းလုပ်ဆောင်ချက်များကို ပေးအပ်လျက်ရှိသည်။

Eastspring Investments သည် ကြီးမားကျယ်ပြန့်သည့် အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြုပ်နှံသူများကိုယ်စား အာရှဒေသ အတွင်းရှိ အကြီးဆုံး ရင်းနှီးမြုပ်နှံမှုများကို စီမံခန့်ခွဲပေးလျက် ရှိပါသည်။ အာရှဈေးကွက်ကြီး (၁၁) ခုအပြင် မြောက်အမေရိက၊ ဥရောပတို့တွင် လုပ်ငန်းအမြောက်အမြားရှိခြင်းတို့ကြောင့် အာရှအခြေစိုက် ထိပ်တန်းရင်းနှီးမြုပ်နှံမှု ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ အဆိုပါ လုပ်ငန်းသည် ၂၀၂၀ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ စာရင်း အရ စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၂၀) ဘီလီယံကျော် တန်ဖိုးရှိ ပစ္စည်းဥစ္စာများကို စီမံခန့်ခွဲလျက်ရှိပြီး စတော့ရှယ်ယာများနှင့် ပုံမှန်ဝင်ငွေတို့ အပါအဝင် ငွေကြေး ပိုင်ဆိုင်မှုအမျိုးမျိုးကို စီမံခန့်ခွဲလျက် ရှိပါသည်။

လူတိုင်းအတွက် ကုန်ကျစရိတ်သက်သာပြီး အလွယ်တကူရယူနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် ဟူသည့် ကုမ္ပဏီ၏ မျှော်မှန်းချက်နှင့်အညီ Prudential မှ မိတ်ဆက်လိုက်သည့် Pulse အက်ပလီကေးရှင်းကို မလေးရှားနိုင်ငံတွင် ၂၀၁၉ ခုနှစ် ဩဂုတ်လက စတင်မိတ်ဆက်ခဲ့ပါသည်။ ယနေ့အချိန်တွင် Pulse ကို အာရှတစ်ဝှမ်းရှိ ဈေးကွက် (၁၁) ခုတွင် သုံးစွဲနိုင်ပြီဖြစ်ပြီး၊ မကြာမီ အာဖရိကနိုင်ငံတွင် သုံးစွဲနိုင်တော့မည် ဖြစ်သည်။ Pulse အက်ပလီကေးရှင်း၏ AI နည်းပညာဖြင့် ပံ့ပိုးပေးထားသော အချိန်နှင့်တပြေးညီရယူနိုင်သော သတင်းအချက်အလက်များ၊ တစ်ဦးချင်းစီ၏ လိုအပ်ချက်အရ ကိုယ်တိုင်ရယူနိုင်သော ပံ့ပိုးမှုများဖြင့် အသုံးပြုသူများအတွက် ၂၄ နာရီ၊ ၇ ရက်ပတ်လုံး ကူညီစောင့်ရှောက်ပေးမည် ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ အဖော်မွန်တစ်ဦး ရှိထားသကဲ့သို့ ရောဂါဘယများ စတင်ဖြစ်ပွားမှုမှ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရန် ကူညီပေးမည် ဖြစ်ပါသည်။ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ အထိ အာရှဒေသတွင် အက်ပလီကေးရှင်း ဒေါင်းလုဒ်ရယူမှုပေါင်း အကြိမ်ရေ (၈) သန်းကျော် အထိ ရှိခဲ့ပြီ ဖြစ်သည်။ အက်ပလီကေးရှင်းအကြောင်း ပိုမိုသိရှိလိုပါက www.wedopulse.com သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။

Read times
Rate this item
(0 votes)