What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 20 December 2020 12:06

ခုတင်(၆၀၀) ဆံ့ ပြည်သူ့ပရဟိတဆေးရုံသစ်ကြီး တောင်ဒဂုံ၌ တည်ဆောက်မည်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ လမ်းညွှန်မှု၊ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ၏လှူဒါန်းမှုဖြင့် We Love Yangon လူထုအခြေပြုပရဟိတအသင်းမှ တာဝန်ယူတည်ဆောက်မည့် ခုတင် (၆၀၀) ဆံ့ ပြည်သူ့ပရဟိတဆေးရုံသစ်ကြီးကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် (၁၄၆) ရပ်ကွက် လှော်ကားလမ်းနှင့် သိန်းတစ်ရာလမ်းထောင့်ရှိ ကိုးဧကကျယ်ဝန်းသည့် မြေနေရာ၌ ဆောက်လုပ် သွားမည်ဖြစ်ကြောင်း အဆိုပါပရဟိတအသင်းထံမှ သိရသည်။

 

အဆိုပါ ပြည်သူ့ပရဟိတဆေးရုံသစ်ကြီးကို အဆင့်နှစ်ဆင့်ခွဲ၍ ပထမအဆင့် တွင် HDU အခန်းများပါဝင်သည့် ခုတင် (၃၀၀) ဆံ့ တစ်ထပ်ဆောင်များနှင့် ဒုတိယအဆင့်တွင် အထပ်မြင့်ခြောက်ထပ်ပါရှိမည့် အထွေထွေရောဂါကု ခုတင် (၃၀၀) ဆံ့ အဆောက်အအုံကို တည်ဆောက်မည်ဖြစ်ပြီး၊ ပြည်သူ လူထု၏အလှူငွေဖြင့် တည်ဆောက်သည့် ဆေးရုံဖြစ်သည့်အတွက် ရန်ကုန်မြို့၏ ပထမဆုံး ပြည်သူ့ပရဟိတဆေးရုံဖြစ်လာမည်ဖြစ်သည်။

 

ပထမအဆင့်တည်ဆောက်မှုမှာ လေးလခန့်ကြာမြင့်မည်ဖြစ်ပြီး ခန့်မှန်း ကုန်ကျစရိတ်ငွေကျပ် သိန်းပေါင်း လေးသောင်းဝန်းကျင် ခန့်မှန်းထားပြီး၊ ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလများတွင်လည်း လက်ရှိ ကိုဗစ်ကုသရေး စင်တာများ၌ အသုံးပြုနေသည့်ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို ယင်းဆေးရုံ၌ ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း We Love Yangon ပရဟိတအသင်း၏ အထွေထွေအတွင်းရေးမှူး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဒေါ်နန့်စုရွှေစင်(ခ)မဝိုင်းက ပြောသည်။

 

ယင်းဆေးရုံတည်ဆောက်ပြီးပါက ပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှု ကို အခမဲ့ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး ကိုဗစ်အလွန် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း ရည်ရွယ်ထားသည်။ ထို့ပြင် ကျန်းမာရေး အထောက်အကူပြုသင်တန်းများလည်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဆေးရုံတည်ဆောက်မည့် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့၊နံနက်ပိုင်းတွင် အဆိုပါမြေနေရာ၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုး နှင့် တာဝန်ရှိသူများ၊ We Love Yangon ပရဟိတအသင်းမှ တာဝန်ရှိသူများနှင့် ဆေးရုံဆောက်လုပ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။

 

Ref; သတင်း-အေးမင်းသူ၊ ဓာတ်ပုံ - WLY

The Mirror Daily

Read times
Rate this item
(0 votes)