What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 23 October 2021 10:43

ဝက်ကျောက်ကပ်ကို လူမှာ အစားထိုးစမ်းသပ်တာ အမေရိကန်ဆရာဝန်တွေ အောင်မြင်

ဝက်ရဲ့ ကျောက်ကပ်တလုံးကို လူတယောက်ဆီမှာ အစားထိုးတပ်ဆင်ပေးတာကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့တယ်လို့

အမေရိကန် ခွဲစိတ်ဆရာဝန်တွေက ပြောပြီး ဒီအောင်မြင်မှုဟာ ကျောက်ကပ်အစားထိုးဖို့ လိုအပ်တဲ့လူနာတွေ အလှူရှင်မရနိုင်ဘဲ ဖြစ်နေရတဲ့ ပြဿနာကို ကျော်လွှားသွားနိုင်တော့မယ်လို့ မျှော်လင့်နေကြပါတယ်။

ကျောက်ကပ်အစားထိုးထည့်ပေးလိုက်တဲ့ လူနာကတော့ ကိုမာဖြစ်ပြီး ဦးနှောက်အလုပ်မလုပ် တော့တဲ့ သူတယောက်ဖြစ်ပါတယ်။ သူ့ကို စက်နဲ့ အသက်ရှင်နေစေတာမို့ အခု ကျောက်ကပ်လဲလိုက်ပေမယ့် သူပြန်ပြီး သတိရကာ ပြန်နာလန်ထူလာဖို့ ကတော့ ဖြစ်နိုင်ခြေ သိပ်မရှိပါဘူး။

ကျောက်ကပ်ယူလိုက်တဲ့ ဝက်ကတော့ မျိုးဗီဇ ပြုပြင်ပြောင်းလဲထားတဲ့ ဝက်ဖြစ်ပြီး အဲဒီလို ပြောင်းလဲထားခြင်းအားဖြင့် သူ့အင်္ဂါအစိတ်အပိုင်းကို လူမှာ ထည့်တဲ့အခါ လူက အပြင်ကဝင်လာတဲ့အရာ အဖြစ် လက်မခံပဲ ဓာတ်မတည့် ငြင်းပယ်တာမျိုးကို မဖြစ်စေတော့ပါဘူး။

ဒီခွဲစိတ်အစားထိုးမှုကို တခြားပညာရှင်တွေက ဆန်းစစ်ကြည့်တဲ့အဆင့်ကို မဖြတ်သန်းရသေးသလို၊ ပုံနှိပ်ထုတ်ဝေတာမျိုးလည်း မရှိသေးပါဘူး။

ကျွမ်းကျင်ပညာရှင်တွေကတော့ ဒီစမ်းသပ်မှုဟာ အဲဒီနယ်ပယ်မှာ အဆင့်အမြင့်ဆုံး စမ်းသပ်မှုတခုပဲလို့ ဆိုပါတယ်။

ဒီလိုအလားတူ စမ်းသပ်ကြည့်တာမျိုးကို လူသားမဟုတ်တဲ့ ပရိုင်းမိတ်တွေမှာ လုပ်ခဲ့ဖူးပါတယ်၊ ဒါပေမယ့် လူသားနဲ့ စမ်းသပ်တာကတော့ အခုအကြိမ်က ပထမဆုံးအကြိမ်ပါ။

ဝက်ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို လူမှာအစားထိုး သုံးတာက အသစ်မဟုတ်ပါဘူး။ ဝက်နှလုံးက အဆို့ရှင်တွေကို လူ့နှလုံးမှာ အစားထိုးသုံးတာမျိုးကို အတော်ကျယ်ကျယ် ပြန့်ပြန့် လုပ်ခဲ့ဖူးကြပါတယ်။

သူတို့ရဲ့ အင်္ဂါအစိတ်အပိုင်းတွေဟာ အရွယ်အစားအနေနဲ့ ကြည့်ရင် လူတွေနဲ့ အတော် အံဝင်ပါတယ်။

နယူးရော့ခ် တက္ကသိုလ် လန်ဂွန်း ဆေးပညာဌာန (New York University/Langone Health medical centre) က ဆရာဝန်တွေဟာ ဝက်ရဲ့ ကျောက်ကပ်ကို ဦးနှောက်သေနေတဲ့ လူနာရဲ့ သွေးကြောတွေနဲ့ ဆက်ပေးပြီး အဲဒီ ကျောက်ကပ် အလုပ် လုပ်၊ မလုပ်ဆိုတာကို ကြည့်သလို လူ့ခန္ဓာက အဲဒီကျောက်ကပ်ကို ငြင်းဆန်၊ မဆန်ကိုလည်း ကြည့်ပါတယ်။

အစားထိုးထည့်ပေးပြီး နောက် ၂ ရက်ခွဲလောက်အထိ သူတို့ဟာ ကျောက်ကပ်ကို အသေးစိတ် စောင့်ကြည့် လေ့လာသလို၊ စမ်းသပ်တာ၊ စစ်ဆေးတာတွေကိုလည်း အတော်များများ လုပ်ခဲ့ပါတယ်။

သူတို့ထဲက ဦးစီးဆောင်ရွက်သူဖြစ်တဲ့ ဒေါက်တာ ရောဘတ် မောင့်ဂိုမာရီက ဘီဘီစီနဲ့ ပြောရာမှာ "လူ့ကျောက်ကပ်နဲ့ အစားထိုးလဲလှယ်တုန်းက အဲဒီကျောက်ကပ် အလုပ်လုပ်တဲ့ ပုံမျိုးရှိ၊ မရှိ ကျွန်တော်တို့ စောင့်ကြည့်လေ့လာတော့ ပုံမှန် လူ့ကျောက်ကပ် အလုပ်လုပ်တဲ့ ပုံမျိုးတဲ့ တူညီတာကို တွေ့ရပါတယ်"လို့ ဆိုပါတယ်။

"ကျောက်ကပ်က ပုံမှန်အလုပ်လုပ်တယ်၊ လူ့ကိုယ်က ဓာတ်မတည့် လက်မခံဘဲ ပြန်ငြင်းထုတ်တဲ့ပုံလည်း မတွေ့ရဘူး။"

သူကိုယ်တိုင်လည်း အင်္ဂါတခုကို အစားထိုးထည့်ထားရတဲ့ ဒေါက်တာ မောင့်ဂိုမာရီဟာ အစားထိုးလဲလှယ်ဖို့စောင့်နေကြတဲ့ လူနာတွေက အလှူရှင်ရဖို့ သိပ်ကို ခက်ခဲနေကြတာလို့ ပြောပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဒီအောင်မြင်မှုက အငြင်းပွားကြစရာတွေ ရှိတယ်ဆိုတာကိုလည်း သူက အသိအမှတ်ပြုပါတယ်။

"စိုးရိမ်ကြတာတွေကို အပြည့်အဝနားလည်ပါတယ်၊ ကျွန်တော်ပြောချင်တာကတော့ ကျောက်ကပ်အစားထိုးလဲလှယ်ဖို့ စောင့်နေကြတဲ့ လူနာ ၄၀ ရာခိုင်နှုန်းလောက်က ကျောက်ကပ် အလှူရှင်မရခင် သေဆုံးနေကြပါတယ်။"

"ကျွန်တော်တို့ဟာ ဝက်တွေကို အစားအစာအတွက် သုံးတယ်၊ ကျန်းမာရေးဆိုင်ရာမှာ နှလုံးအဆို့ရှင်တွေ အစားထိုးဖို့ သုံးတယ်၊ အခုဒီကိစ္စမှာလည်း သိပ်ကွဲပြားတာမရှိဘူးလို့ ထင်ပါတယ်။"

ဒါပေမယ့် ဒီစမ်းသပ်မှုဟာ ထပ်ပြီး သုတေသနလုပ်ရတာတွေ၊ လေ့လာရမှာတွေ ရှိပါသေးတယ်လို့လည်း သူက ပြောပါတယ်။

ဗြိတိန်က အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုဌာန (National Health Service - NHS)က ကျောက်ကပ်အထူးပြုစောင့်ရှောက်ရေးဆိုင်ရာ ဒေါက်တာ မေရီယန် ခေါ့စ်ရာဗီက "တိရစ္ဆာန်ရဲ့ အင်္ဂါတွေကို လူသားတွေမှာ အစားထိုးလဲလှယ်ကုသပေးနိုင်ဖို့ ကျွန်မတို့ ကြိုးစားလာတာ ဆယ်စုနှစ်တွေ အများကြီးရှိနေပါပြီ၊ အခု ဒီအဖွဲ့က တွေ့ရှိမှုဟာ သိပ်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်"လို့ ဆိုပါတယ်။

ကျင့်ဝတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ မေးရာမှာတော့ သူက "ကျွန်မတို့ လုပ်နိုင်တယ်ဆိုတိုင်း လုပ်သင့်တယ်လို့တော့ မဆိုနိုင်ပါဘူး၊ ဒီကိစ္စကတော့ လူ့အသိုင်းအဝိုင်းတရပ်လုံးက ဒီအမေးကို ဖြေကြရမှာပါ"လို့ ပြန်ဖြေပါတယ်။

NHS ရဲ့ သွေးနဲ့ အစားထိုးဆိုင်ရာဌာနက ပြောခွင့်ရပုဂ္ဂိုလ် တယောက်က အခုအချိန်ထိတော့ လူတွေက လှူတဲ့ အင်္ဂါတွေ လက်ခံသူနဲ့ ဓာတ်တည့်မတည့်ဆိုတဲ့ အရေးအပေါ်မှာပဲ ဦးစားပေးအာရုံစိုက်နေရတယ်လို့ ဆိုပါတယ်။

"အခုလိုမျိုး အစားထိုးလဲလှယ်မှုက တကယ်လက်တွေ့ဖြစ်လာချိန်မတိုင်မီအထိ လက်ရှိ နည်းလမ်းတွေကို သုံးနေရဦးမှာပါ။"

"အင်္ဂါအစားထိုးလဲလှယ်ဖို့အတွက် သုတေသီတွေ၊ ဆရာဝန်တွေ ဆက်ပြီး အကောင်းဆုံးကိုရဖို့ ကြိုးစားနေကြချိန်မှာပဲ (သေဆုံးသွားရင်) ကိုယ်ခန္ဓာလှူမယ့် လူတွေကို ကျွန်ုပ်တို့ လိုအပ်နေဆဲပါ။"ဝက်ရဲ့ ကျောက်ကပ်တလုံးကို လူတယောက်ဆီမှာ အစားထိုးတပ်ဆင်ပေးတာကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ အမေရိကန် ခွဲစိတ်ဆရာဝန်တွေက ပြောပြီး ဒီအောင်မြင်မှုဟာ ကျောက်ကပ်အစားထိုးဖို့ လိုအပ်တဲ့လူနာတွေ အလှူရှင်မရနိုင်ဘဲ ဖြစ်နေရတဲ့ ပြဿနာကို ကျော်လွှားသွားနိုင်တော့မယ်လို့ မျှော်လင့်နေကြပါတယ်။

 BBC

 

 

Read times Last modified on Saturday, 23 October 2021 10:49
Rate this item
(0 votes)