What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 16 October 2021 20:35

ရန်ကုန်တွင် ရာသီပေါ်တုပ်ကွေးရောဂါကြောင့် ဖျားနာသူများနေ

ရန်ကုန်မြို့မှာ လတ်တလော ရာသီပေါ်တုပ်ကွေးရောဂါကြောင့် လူတွေဖျားနာ ဆေးရုံပြတာတွေ များနေပေမဲ့ ကိုဗစ်စတုတ္ထလှိုင်းလာဖို့ ဝေးသေးတယ်လို့ ကျန်းမာရေး ကျွမ်းကျင်ဆရာဝန်တချို့က သုံးသပ်ထားပါတယ်။

အခုကာလဟာဆိုရင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေလည်း ရှိနေသေးပြီး ရာသီတုပ်ကွေးဟာဆိုရင်လည်း အသက်ရှူလမ်းကြောင်းကတစ်ဆင့် ဗိုင်းရပ်စ်ပိုးကနေ ကူးစက်တာကြောင့် ကိုဗစ်အတွက် ချမှတ်ထားတဲ့ စည်းကမ်းတွေလိုပဲ လက်ဆေးဖိုး၊ Mask တပ်ဖို့ လိုအပ်တယ်လို့ ကလေးအထူးကု ဆရာဝန်တစ်ဦးက ပြောပါတယ်။

ဒေါက်တာခင်ခင်ထားက "ရာသီတုပ်ကွေးက ကိုဗစ်လိုပဲ အသက်ရှုလမ်းကြောင်းက ကူးတာပေါ့။ အဲ့တာကြောင့် အိမ်တစ်အိမ်မှာ တစ်ယောက်ဖျားပြီဆိုရင် အကုန်လုံးလိုက်ဖျားတာ။ အခုက ရာသီတုပ်ကွေးရော၊ ကိုဗစ်ရော ဖြစ်နေကြတော့ ကိုဗစ်စည်းကမ်းတွေကို လိုက်နာမယ်ဆိုရင်တော့ နှစ်ခုလုံးကို ကာကွယ်ပြီးသား ဖြစ်သွားတာပေါ့။ ရာသီတုပ်ကွေးက အောက်ဆီဂျင်ကျတာတွေ မရှိတော့ ဖျားတာ တပတ်လောက်နေတော့ ပျောက်သွားပေမယ့် ဖြစ်နေတဲ့အချိန်မှာတော့ တော်တော်ခံစားရမှာ။ ကြိုတင်ကာကွယ်နည်းလမ်းက အကောင်းဆုံးပါပဲ။"


ရာသီပေါ်တုပ်ကွေးနဲ့ ကိုဗစ်ပိုးဟာ ဗိုင်းရပ်စ်က တစ်ဆင့်ကူးစက်ပြီး ကူးစက်ပုံခြင်း တူသလို ရောဂါလက္ခဏာ အခြေခံခံစားရတာတွေလည်း တူတယ်လို့ ကျွမ်းကျင်ဆရာဝန်တွေက ပြောပါတယ်။

အထွေထွေအထူးကုသမားတော် ဒေါက်တာမိုးအောင်ကျော်နိုင်က "အခုတ​လော ဖျားတဲ့သူတွေ များတယ်။ ရောဂါလက္ခဏာကလည်း ကိုဗစ်နဲ့ ဆင်တာပေါ့။ ဒါပေမဲ့ တုပ်ကွေးဖြစ်တဲ့သူများပါတယ်။ ကိုဗစ်လက္ခဏာပြလို့ စစ်လိုက်တယ်။ ဒါပေမဲ့ နက်ဂတစ်ပေါ့။ ကိုဗစ်ပိုးတွေ့သူတွေလည်း ပါပါတယ်။ အဲ့တာတွေက ကာကွယ်ဆေးမထိုးထားသူတွေနဲ့ ကိုဗစ်တစ်ခါမှ မဖြစ်သေးတဲ့သူတွေပေ့ါ။ ရာသီတုပ်ကွေးနဲ့ ကိုဗစ်နှစ်ခုလုံးက ကူးစက်ပုံခြင်းတူတယ်။ အခြေခံရောဂါလက္ခဏာ ခံစားရတာလည်းတူတယ်။ နှာစေး၊ ချောင်းဆိုး၊ ကိုယ်လက်ကိုက်ခဲမယ်။ ဖျားမယ်။ ဒါပေမဲ့ တုပ်ကွေးကတော့ ကိုဗစ်လို အောက်ဆီဂျင်ကျတာတွေတော့ မဖြစ်ဘူး။ ဖျားပြီး ဆေးခန်းပြပြီးရင် ၃/၄ရက်နေရင် သက်သာသွားမယ်''လို့ပြောပါတယ်။

လတ်တလော ရာသီတုပ်ကွေးရောဂါကူးစက်ခံသူတွေဟာ လည်ချောင်းနာ၊ နှာစေး၊ ချောင်းဆိုး၊ ကိုယ်လက်ကိုက်ခဲတာ၊ အဖျားတက်တဲ့ လက္ခဏာတွေ ခံစားရတယ်လို့ သိရပါတယ်။

ဖျားနာသူအများစုဟာ ကိုဗစ်ကူးစက်ခံရချိန်က ခံစားခဲ့ရတဲ့ ရောဂါလက္ခဏာမျိုး ခံစားနေရတာကြောင့် ကိုဗစ် စတုတ္ထလှိုင်း ဖြစ်နေပြီလားဆိုပြီး စိုးရိမ်နေကြတာပါ။

ကိုဗစ်ပိုးကူးစက်မှုလှိုင်းတွေဟာ အစုလိုက်အပြုံလိုက် ကူးစက်ပြီး သေဆုံးနှုန်းများတာ ဖြစ်တာကြောင့် အခုအခြေအနေကတော့ ကိုဗစ်စတုတ္ထလှိုင်းလာဖို့ ဝေးသေးတယ်လို့ ကျန်းမာရေး ပညာရှင်တချို့က သုံးသပ်ထားပါတယ်။

ကိုဗစ်တတိယလှိုင်း ငြိမ်သွားပြီးနောက် စက်တင်ဘာလလယ်လောက်ကစပြီး ဖျား၊ နှာစေး ၊ချောင်းဆိုး၊ ကိုက်ခဲတဲ့ လူနာတွေ ရုတ်တရက်များလာပြီး ရာသီပေါ်တုပ်ကွေး ကူးစက်မှုတွေ ဖြစ်ပေါ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

 

DVB

Read times
Rate this item
(0 votes)