ဦးနှောက်ချစ်ပ် ဦးခွံထဲ ထည့်လိုသူ ထောင်ချီများပြား
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
လူထောင်ပေါင်းများစွာသည် ၎င်းတို့၏ ဦးခေါင်းခွံ ခွဲစိတ်ပြီး အီလွန်မတ်စ်၏ ဦးနှောက်ချစ်ပ် ထည့်ရန် တန်းစီစာရင်းတွင် အမည်ပေးသွင်းထားကြသည်။
၂၀၁၆ ခုနှစ်တွင် အီလွန်မတ်စ် ပူးတွဲထူထောင်သည့် Neuralink သည် လူသားများဖြင့် စမ်းသပ်မှုများ စတင်ရန်အတွက် လူထောင်ပေါင်းများစွာက စမ်းသပ်ခံအဖြစ် အရဲစွန့်ပြီး ပါဝင်ရန် စိတ်ဝင်စားလျက်ရှိကြောင်း Bloomberg က သတင်း ဖော်ပြခဲ့သည်။
Elon Musk ၏ အတ္ထုပ္ပတ္တိ ရေးသားသူများထဲမှ တဦးဖြစ်သူ Ashlee Vance က Neuralink လုပ်ငန်းခွင်ကို ၃ နှစ်တာအတွင်း ၁၀ ကြိမ် သွားရောက်ခဲ့သည်။
Neuralink သည် ချစ်ပ်ထည့်ပေးခြင်း ယခုအထိ မရှိသေးကြောင်း၊ နောက်နှစ်တွင် ၁၁ ဦးကို ချစ်ပ်ထည့်ပေးရန် ရည်မှန်းထားကြောင်း Vance က ပြောကြားသည်။
၂၀၃၀ ပြည့်နှစ် မတိုင်ခင် လူ ၂၂,၀၀၀ ဦးတွင် ချစ်ပ်ထည့်ပေးရန် လျာထားသည်။
ယခုနှစ် နှစ်ဆန်းပိုင်းတွင် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန Food and Drug Administration FDA က လူဖြင့် စမ်းသပ်ရန် Neuralink ကို အတည်ပြု ခွင့်ပြုပေးခဲ့သည်။
ချစ်ပ်က အပူလွန်ကဲနိုင်ခြင်း၊ ဦးနှောက်ချစ်ကို ဝါယာများဖြင့် ချိတ်ဆက်ထားခြင်း၊ ဦးခွံထဲ ချစ်ပ် နေရာရွေ့ပြီး ဦးနှောက်ကို ထိခိုက်နိုင်ခြင်း စသည့် အန္တရာယ်များ ရှိနေသည့်အတွက် FDA သည် လူဖြင့် လက်တွေ့စမ်းသပ်မှုများကို ယခင်က ပယ်ချခဲ့သည်။
စက်တင်ဘာလတွင် စမ်းသပ်ခံအဖြစ် ပါဝင်လိုသူများကို Neuralink က စာရင်း စတင်ကောက်ခံခဲ့သည်။
ကျောရိုးဒဏ်ရာကြောင့် ဖြစ်စေ၊ အကြောသေရောဂါကြောင့် ဖြစ်စေ ခြေနှစ်ချောင်း လက်နှစ်ချောင်း အကုန်လုံး သွက်ချာပါဒ လိုက်နေသူများကို အလိုရှိကြောင်း Neuralink က ကြေညာခဲ့သည်။
ချစ်ပ်ထည့်မြှုပ်ခြင်းအတွက် နာရီအတန်ကြာ ခွဲစိတ်ကုသမှု ခံယူရမည် ဖြစ်သည်။ လူသား ဆရာဝန်များက ဦးခွံကို ဖွင့်ပေးမည်။ ရိုဘော့အကြီးစားက ချစ်ပ်ထည့်မြှုပ်ပေးမည်။ ချစ်ပ်နှင့် ဦးနှောက်တို့ကို နန်းမျှင်များဖြင့် ချိတ်ဆက်ပေးမည်။ ကိစ္စအဝဝ ပြီးမြောက်သောအခါ လူသားဆရာဝန်များက ဦးခွံကို ပြန်ပိတ်ပေးမည် ဖြစ်သည်။
ချစ်ပ်ကို နားရွက် နောက်ဘက်တွင် ထည့်မြှုပ်မည် ဖြစ်သည်။
Neuralink သည် ဝက်၊ မျောက် အစရှိသည့် တိရစ္ဆာန်များဖြင့် ဦးခွံထဲ ချစ်ပ် မြှုပ်ခြင်းကို ၁၁၅ ကြိမ် လက်တွေ့စမ်းသပ်ခဲ့ပြီးနောက် လူဖြင့် လက်တွေ့စမ်းသပ်မည့်အဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
Source business insider
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL