နှလုံးရောဂါဟာ ရုတ်တရက် ထဖောက်တာမျိုး မဖြစ်သရွေ့ နှလုံးရောဂါရှိမှန်းမသိ ဖြစ်နေတတ်ပြီး၊
သိပ်ပြီး မသိသာတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ တကယ်လို့ သင့်မှာ ဒီလိုလက္ခဏာတွေ ဖြစ်နေတတ်တယ်ဆိုရင်တော့ သင့်နှလုံးကို သွားစစ်ကြည့်လိုက်တာ အကောင်းဆုံးပါ။ ဒါတွေဟာ နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်နေလို့ပါ။
(၁) ရင်ဘတ်အောင့်ခြင်း၊ မအီမသာဖြစ်ခြင်း
သင့်ရင်ဘတ်တွေ အောင့်နေတတ်တယ် ဒါမှမဟုတ် တစ်ခုခုနဲ့ ဖိထားသလိုဖြစ်နေတာမျိုး၊ တင်းကျပ်နေတာမျိုး၊ တဒိန်းဒိန်းနဲ့ခုန်နေတာမျိုး၊ လောင်ကျွမ်းနေသလိုမျိုး ခံစားရရင်တော့ နှလုံးရောဂါရဲ့ လက္ခဏာတွေပါ။ နည်းနည်းလှုပ်ရှားလိုက်တာနဲ့ ရင်ဘတ်အောင့်ပြီး နားလိုက်တဲ့အခါ ပြန်ကောင်းသွားတတ်တယ်ဆိုရင်တော့ ဆရာဝန်ထံ သွားပြကြည့်လိုက်ပါ။
(၂) ရင်ဘတ်အောင့်တဲ့အခါ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပါသက်ရောက်တယ်
သင့်ရင်ဘတ် အောင့်တဲ့အခါတွေမှာ လက်မောင်းတွေ(အထူးသဖြင့် ဘယ်ဖက်) ထုံကျင်နေတတ်တယ်၊ ပုခုံး၊ နောက်ကျော၊ လည်ပင်းနဲ့ မေးရိုးတွေ နာနေတတ်တယ်ဆိုရင်တော့ အမြန်ဆုံး အရေးပေါ်ကားခေါ်ပြီး ဆေးရုံသွားလိုက်တာ အကောင်းဆုံးပါပဲ။
(၃) တခြားလက္ခဏာများ
တခြားလက္ခဏာတွေဖြစ်တဲ့ ခေါင်းမူးတာ၊ အော့အန်ချင်တာ၊ အစာမကြေတာ၊ ရင်ဘတ်အထဲက ပူလောင်နေတာ၊ ဗိုက်အောင့်တာ တွေဟာလည်း တစ်ခါတလေမှာ နှလုံးရောဂါရဲ့ လက္ခဏာတွေ ဖြစ်နေတတ်ပါတယ်။ ဒီလိုလက္ခဏာတွေဟာ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။
(၄) မောပန်းခြင်း
သင်ဟာ တစ်နေကုန် အလုပ်လုပ်ရလို့၊ အားကစားအပြင်းအထန်လုပ်လို့ မောပန်းတယ်ဆိုတာ သာမန်ပါပဲ။ ဒါပေမယ့် လှေခါးအနည်းငယ် တက်ရတာလောက်နဲ့ မောပန်းနေတယ်ဆို့ရင်တော့ ဒါဟာ နှလုံးရောဂါရဲ့လက္ခဏာဖြစ်နေနိုင်ပါတယ်။ နှလုံးကြောင့်မဟုတ်ပဲ အခြားရောဂါလည်း ဖြစ်နိုင်တာကြောင့် ဆရာဝန်ထံသွားပြကြည့်တာ အကောင်းဆုံးပါပဲ။
(၅) ဖောရောင်ခြင်း
သင့်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းတွေ ဖောရောင်နေပြီး အသက်ရှူနှုန်းမြန်နေတယ်၊ မောပန်းနေတယ်ဆိုရင်တော့ ဒါဟာ နှလုံးရောဂါရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။
(၆) ချွေးစေးပြန်ခြင်း
သင်ဟာ ရုတ်တရက်ကြီး ချွေးစေးတွေပြန်ပြီး မောပန်းမူးဝေနေတယ် နောက်ပြီး အသက်ရှူနှုန်းလည်းမြန်တယ်၊ ရင်ဘတ်လည်းအောင့်တယ်၊ မောဟိုက်နေတယ်ဆိုရင်တော့ ဆရာဝန်အမြန်ပြဖို့ လိုနေပါပြီ။
(၇) မူးနောက်နေခြင်း
သင်ဟာ ထမင်းစားချိန် နည်းနည်းကျော်သွားရုံလောက်နဲ့ မူးနောက်နေတတ်တယ်၊ ရင်ဘတ်တွေအောင့်လာပြီး အသက်ရှူနှုန်းတွေ မြန်နေတယ်ဆိုရင်တော့ ဆရာဝန်ပြသင့်နေပါပြီ။
Source:shwemom