ချိစ်ကို နေ့စဉ်ပုံမှန် စားသုံးနေခြင်းသည် ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက် လာစေနိုင်ကြောင်း သုတေသီများက သတိပေး ပြောကြားလိုက်သည်။
ချော့ကလက် တစ်ပြားစာမျှ ပမာဏနှင့် တူညီသည့် ပျမ်းမျှ (၅၃)ဂရမ်မျှ ချိစ်ကို နေ့စဉ် စားသောက်နေခြင်းသည် ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို (၅၀) ရာခိုင်နှုန်း ဝန်းကျင်မျှ တိုးပွား လာစေကြောင်း သိရသည်။ သုတေသီများက နေ့စဉ် သံလွင်ဆီ တစ်ပုလင်းမျှ ပုံမှန် သောက်သုံးပေးလျင် ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ပါးစေကြောင်းလည်း အကြံပြုခဲ့သည်။
အသားနှင့် နို့တို့တွင် ပါဝင်သော ပြည့်ဝဆီသည် ဆီးအိမ်ကင်ဆာ ဖြစ်ပေါ်နိုင်ခြေကို ပိုမိုမြင့်မားစေပြီး သံလွင်ဆီကဲ့သို့ အသီးအရွက် အဆီများ၏ သက်ရောက်မှုမှာ အကောင်းဖက်မှ ရှိနိုင်ကြောင်း ပညာရှင်များက ဆိုသည်။ ယခု သုတေသန ရလဒ်ကို ဆီးအိမ်ကင်ဆာ ဝေဒနာရှင် (၂၀၀) ကျော်၏ နေထိုင် စားသောက်မှု ပုံစံများအား နောက်ကြောင်းပြန် လေ့လာပြီးမှ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
လေ့လာမှုများ အရ တစ်နေ့လျင် ချိစ်ပမာဏ (၅၃) ဂရမ်အောက် လျော့နည်းပြီး ပုံမှန် စားနေသူများတွင် ရောဂါဖြစ်နိုင်ခြေ သိသိသာသာ မြင့်တက်လာခြင်း မရှိဟု သိရှိရသည်။ ငါး၊ ကြက်သား၊ ဥနှင့် မာဂျရင်းများကြောင့် ဆီးအိမ် ကင်ဆာအပေါ် သက်ရောက်မှုမှာလည်း သိသာလောက်အောင် မထင်ရှားဟုဆိုသည်။
ဥရောပ ကင်ဆာဆိုင်ရာ ဆေးပညာ ဂျာနယ်က ယခုတွေ့ရှိချက်ကို ဖော်ပြခဲ့ပြီး ဆီးအိမ်ကင်ဆာ ဖြစ်ပေါ်နိုင်သည့် အခြားသော ပြင်ပ သက်ရောက်မှုများအဖြစ် အလုပ်ခွင်တွင် ဓာတုပစ္စည်းများနှင့် ရေရှည် ထိတွေ့နေရခြင်း၊ ဆီးအိမ်တွင် ရောဂါပိုး ဝင်ရောက်ခြင်း စသည့် အချက်များအား သတိပြုသင့်ကြောင်း ဖော်ပြခဲ့သည်။
ယခု တွေ့ရှိချက်ကို အတည်ပြုခဲ့သည့် ဥရောပယူနီယံမှ သုတေသီများက “ကျွန်တော်တို့ရဲ့ တွေ့ရှိချက်အရ အသားငါးနဲ့ နို့ထွက်ပစ္စည်းတွေက ထွက်လာတဲ့ အဆီဟာ ရေရှည်မှာ ဆီးအိမ်ကို ထိခိုက်မှု ရှိနိုင်ပြီး ဟင်းသီးဟင်းရွက် အဆီကတော့ ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေတဲ့အကြောင်း အတည် ပြုပေးနိုင်ပါတယ်”ဟု ဂျာနယ်သို့ ပြောကြားသွားခဲ့သည်။
Source: DailyMail