What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 11 February 2019 16:42

အရက်အလွန်အကျွံ သောက်ပြီးနောက် မအီမသာ ဖြစ်ခြင်း ( Hangovers )

အရက်အလွန်အကျွံသောက်ပြီးနောက် ခေါင်းကိုက်ခြင်း၊ နေမကောင်းဖြစ်ခြင်း၊ မူးဝေခြင်း၊ အိပ်ငိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ရေငတ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။ နေ့တစ်နေ့ရဲ့ မည်သည့်အချိန်တွင်မဆို ဖြစ်နိုင်သော်လည်း များသောအားဖြင့် ညဘက်တွင် အရက်အလွန်အကျွံသောက်ပြီး နောက်တစ်နေ့ မနက်တွင် ဖြစ်လေ့ရှိပါတယ်။

 

အရက်အလွန်အကျွံသောက်ခြင်း၏ လက္ခဏာများကတော့ နှလုံးခုန် မြန်ခြင်း၊ စိတ်ပူပန်ခြင်း၊ မျက်လုံးများ နီရဲခြင်း၊ ကိုယ်လက်နှင့် ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ မူးဝေခြင်း၊ ဝမ်းလျှောခြင်း၊ ခံတွင်းအနံ နံ့ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပုံမှန်ထက် တံတွေးပိုထွက်ခြင်း၊ လေချဉ်တက်ခြင်း၊ ပင်ပန်းခြင်း၊ နွမ်းနယ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ အာရုံစူးစိုက်မှု အားနည်းခြင်း၊ အလင်းရောင်ကြောက်ခြင်း၊ စိတ်အလိုမကျဖြစ်ခြင်း၊ ဆတ်ဆတ်ထိမခံဖြစ်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ ရေငတ်ခြင်း များဖြစ်နိုင်ပါတယ်။

 

ဖြစ်ပွားရသော အကြောင်းရင်းများကတော့ အရက်အလွန်အကျွံသောက်သုံးမှုကြောင့် ဆီးသွားများသည့်အတွက် ရေဓာတ်ခန်းခြင်း---ရေငတ်ခြင်း၊ အရက်ကို ခန္ဓာကိုယ်မှ တုံပြန်ခြင်း---အစားအသောက်ပျက်ခြင်း၊ စူးစိုက်မှုအားနည်းခြင်း ၊ အစာအိမ် အက်ဆစ်ရည်များ ပိုထွက်စေခြင်း---ပျို့ခြင်း ၊ အန်ခြင်း၊ အစာအိမ်နာခြင်း ၊ သွေးတွင်းသကြားဓာတ် ကျခြင်း---ပင်ပန်းခြင်း ၊ နွမ်းနယ်ခြင်း၊ တက်ခြင်း ၊ သွေးကြောများ ကျယ်ခြင်း---ခေါင်းကိုက်ခြင်း ၊ ကောင်းမွန် နှစ်ချိုက်စွာ အိပ်မပျော်ခြင်း တို့ ဖြစ်စေနိုင်ပါတယ်။

 

ဖြစ်နိုင်ချေများသူများကတော့ အစာမရှိပဲ အရက်သောက်သုံးသောသူ ၊ နီကိုတင်းဓာတ်ပါသော ဆေးလိပ်၊ ဆေးဝါးများကို အရက်နှင့် အတူ သုံးစွဲသောသူ ၊ ကောင်းမွန် နှစ်ချိုက်စွာ အိပ်မပျော်သောသူ ၊ အရောင်ရင့်ရင့်ရှိပြီး အမျိုးအစားမကောင်းသော အဖျော်ယမကာများ သောက်သုံးသောသူများတွင် အဖြစ်များပါ တယ်။

 

နောက်ဆက်တွဲ ပြဿနာများကတော့ မှတ်ဉာဏ်လျော့နည်းခြင်း ၊ အာရုံစူးစိုက်မှု အားနည်းခြင်း၊ အလုပ်တွင်အဆင်မပြေဖြစ်ခြင်းများ ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါပြင် အသက်ရှုမမှန်ခြင်း ၊ ပုံမှန်ထက် အသက်ရှုနှုန်း ကျသွားခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ တက်ခြင်း ၊ ကိုယ်တွင်းအပူချိန် ကျဆင်းခြင်း၊ သတိလစ်သွားခြင်း၊ ဆက်တိုက်အန်ခြင်း ဖြစ်ပေါ်လာလျှင် ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါတယ်။

 


ကာကွယ်ခြင်း အရက်မသောက်ခင် အစာစားခြင်း ၊ အရက်ကို တစ်ပြိုင်နက်တည်း ပမာဏအများကြီးမသောက်ပဲ ဖြည်းဖြည်းချင်းသောက်ခြင်း ၊ အရောင်ဖျော့ပြီး အမျိုးအစားကောင်းသော အဖျော်ယမကာများကို ရွေးချယ်သောက်သုံးပေးခြင်း ၊ အရက်သောက်သည့်အခါ ရေကိုပါ အတူတွဲ၍ သောက်ပေးခြင်းတို့ ဖြစ် ကာကွယ်နိုင်ပါတယ်။

Source: Dr May Hnin Phyu (healthcare.com.mm)

 

 
Read times Last modified on Monday, 11 February 2019 16:50
Rate this item
(0 votes)