ယနေ့ခေတ် လူငယ်တွေဟာ သန်းခေါင်ညဉ့်နက်တိုင်အောင် ရည်းစားနှင့်ဖုန်းပြောခြင်း၊ Chatting ထိုင်ခြင်း၊ မူးယစ်သောက်စားခြင်း အစရှိသဖြင့် အိပ်စက်ခြင်းကို အရေးမပေးကြောင်း သိရှိရပါတယ်။ ထို့ကြောင့် အိပ်ရေးမဝခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုး (၇) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
မတော်တဆမှုများကို ဖြစ်စေပါတယ်
အိပ်ရေးမဝခြင်းဟာ ယာဉ်မတော်တဆမှုတွေ ဖြစ်ရတဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ အိပ်ရေးမဝမှုပြဿနာဟာ အသက် ၂၅နှစ်အောက် လူငယ်တွေ အဓိကရင်ဆိုင်နေတဲ့ ပြဿနာတစ်ခုပါ။ အိပ်ရေးမဝခြင်းဟာ လုပ်ငန်းခွင်မှာလည်း မတော်တဆမှုများစွာကို ဖြစ်ပေါ်စေ ပါတယ်။
ဆုံးဖြတ်ချက် မှားယွင်းနိုင်ပါတယ်
အိပ်စက်ခြင်းသည် တွေးခေါ်ခြင်း၊ သင်ယူခြင်းကိစ္စတွေမှာ အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်တာကြောင့် လေးလံထိုင်းမှိုင်းစေပါတယ်။ အိပ်ရေးမဝတဲ့အတွက် တွေးခေါ်ခြင်း၊ အာရုံစိုက်ခြင်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းရည်တွေကို ကျဆင်းစေပါတယ်။ အိပ်ရေးမဝတာကြောင့် လုပ်ငန်းကိစ္စရပ်များဆောင်ရွက်ရာတွင် ဆုံးဖြတ်ချက်မှားယွင်းပြီး အလွဲများစွာ ဖြစ်စေပါတယ်။
ရောဂါပေါင်းစုံဖြစ်ပွားစေပါတယ်
အိပ်ရေးမဝခြင်းဟာ နှလုံးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ နှလုံးခုန်ရပ်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ သွေးဖိအားမြင့်ခြင်း၊ ဆီးချိုရောဂါ စတဲ့ ရောဂါပေါင်းစုံကို ဖြစ်ပွားစေပါတယ်။
စိတ်ကျဝေဒနာ ခံစားရနိုင်ပါတယ်
စိတ်ဓာတ်ကျဆင်းနေတဲ့လူတွေ၊ စိတ်နှလုံးပူပန်နေတဲ့လူတွေဟာ တစ်နေ့ကို အိပ်စက်ချိန် ၆နာရီအောက်ပင် ရှိကြပါတယ်။ အိပ်မပျော်ရောဂါရှိသူတွေဟာ စိတ်ကျဝေဒနာဖြစ်နိုင်မှုကို သာမန်လူတွေထက် ၅ဆပိုတယ် ဆိုတာ လူ ၁၀,၀၀၀ ကို စမ်းသပ်ပြီး သုတေသနအရ သိရပါတယ်။
မှတ်ဉာဏ်ကို အားနည်းစေတယ်
ဦးနှောက်လှိုင်းတွေဟာ ဦးနှောက်ဘေးဘက်ကြမ်းပြင်ရဲ့ အလယ်ပိုင်းအဖု (Hippocampus) ဆီမှ မှတ်ဉာဏ်သိုလှောင်ရုံ (Neocortex) ဆီသို့ မှတ်ဉာဏ်ကူပြောင်းခြင်းဟာ နှစ်ချိုက်စွာ အိပ်မောကျနေတဲ့ ညအခါမှာ အများဆုံးဖြစ်တာကြောင့် အိပ်ရေးမဝသူတွေဟာ မှတ်ဉာဏ်မကောင်းတော့ဘဲ မေ့လျော့တတ်ပါတယ်။
အဝလွန်ခြင်းကို ဖြစ်ပေါ်စေတယ်
အိပ်ရေးမဝခြင်းဟာ ဆာလောင်မှုကို လွန်စွာဖြစ်စေပြီး အဝလွန်ခြင်းကို ဖြစ်စေပါတယ်။ အိပ်ချိန် ၆နာရီအောက်လျော့နည်းတဲ့သူတွေက အိပ်ချိန် ၇နာရီမှ ၉နာရီ အတွင်း အိပ်စက်တဲ့ သာမန်လူတွေထက် အဝလွန်ရောဂါဖြစ်နိုင်ပါတယ်။
စီမံခန့်ခွဲမှု မှားယွင်းနိုင်ပါတယ်
အိပ်ရေးမဝခြင်းဟာ လုပ်ငန်းခွင်မှာ ဆုံးဖြတ်ချက်ချရမယ့် ကိစ္စတွေမှာ အဓိပ္ပာယ်ကောက်လွဲမှားနိုင်ပါတယ်။ အိပ်ရေးမဝခြင်းကြောင့် စိတ်တိုမှု၊ ခေါင်းရှူပ်မှု များစွာတို့ကြောင့် လုပ်ငန်းခွင်မှာ များစွာထိခိုက်နိုင်ပါတယ်။