မြန်မာနိုင်ငံရဲ့ ဆေးကုသမှုနဲ့ ဆေးဝါးဆိုင်ရာဈေးကွက် ဖွံဖြိုးတိုးတက်ဖို့အတွက် ပထမဆုံးအကြိမ်အနေနဲ့ ထိုင်ဝမ်-မြန်မာကျန်းမာရေးလုပ်ငန်းရှင်တွေဟာ MOU လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်မှုအရ ထိုင်ဝမ်-မြန်မာ နှစ်ဖက် ဆေးကုသမှု၊ ဆေးစစ်၊ ဆေးအလှအပ (သို့) ဇီဝဆေးဝါး အစရှိတဲ့ ဆေးပညာဆိုင်ရာလုပ်ငန်းတွေကိုပူပေါင်းဆောင်ရွက်ဖို့ ထိုင်ဝမ်ဘက်မှ မြန်မာနိုင်ငံမှ လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ ၀န်ဆောင်မှုတွေကို ကူညီပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ထိုင်ဝမ်ရဲ့ ဆေးပညာရပ်တွေကအရမ်းကောင်းတယ်။ ဈေးလည်းသက်သာတယ်။ ဒါကို မြန်မာပြည်သူတွေကိုသိစေချင်တယ်။ မြန်မာပြည်သူတွေကိုဆေးကုသမှုတွေ ၀န်ဆောင်မှုတွေ လုပ်ပေးချင်တယ်။ ဆေးပညာရပ်တွေကိုလည်း training တွေ လုပ်ပေးမယ်။ အခုကတော့ မြန်မာနိုင်ငံက Royal Clinic ဆေးခန်းနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်သွားမှာပါ။ နောက်ပိုင်းတခြားဆေးရုံတွေ ဆေခန်းတွေကစိတ်ဝင်စားတယ် ကမ်လှမ်းတယ် အကျိုးတူလုပ်မယ်ဆိုရင်လည်းရပါတယ်။အရှေ့တောင် အာရှမှာတော့ ကျွန်တော်တို့ တော်တော်များများနဲ့ ပူးပေါင်းဆောင်ရွက်ထားပါတယ်။ မြန်မာနိုင်ငံမှာတော့ အခုမှစလုပ်တာပါ။” လို့ ထိုင်ဝမ်နိုင်ငံ Chang Gung Memorial Hospital ရဲ့ MD ဖြစ်တဲ့ Chi-Chun Lai (Vice Superintendent and Professor)က ပြောပါတယ်။
MOU လက်မှတ်ရေးထိုးခြင်းနဲ့အတူ ထိုင်ဝမ်ရဲ့ ထိပ်တန်းအဆင့်ရှိတဲ့ ကျန်းမာရေးဆိုင်ရာလုပ်ငန်းကုမ္ပဏီ (၇)ခုပါဝင်တဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံကိုလာရောက်ပြီး ထိုင်ဝမ်ဆေးနဲ့ ဆေးပညာရပ်တွေကိုကိုယ်တိုင်ရှင်းလင်းမိတ်ဆက်ပေးခြင်း၊ ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေနဲ့ တိုင်ပင်ခြင်းကိုထောက်ပံ့ပေးတဲ့အပြင် မြန်မာလုပ်ငန်းရှင်တွေနဲ့လည်းတစ်ဦးချင်းတွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
ထိုင်ဝမ် ကျန်းမာရေးဌာနရဲ့ စစ်တမ်းတွေအရ ၂၀၁၇ခုနှစ်မှာ ပြည်ပမှ လူဦးရေပေါင်း ၃သိန်းခန့်ဟာ ထိုင်ဝမ်ကို လာရောက် ဆေးကုသခဲ့ပါတယ်။ အဲ့ဒီအထဲကမှ ၃ပုံ၁ပုံဟာ အရှေ့တောင် အာရှနိုင်ငံသားတွေ ဖြစ်တယ်လို့ သိရပါတယ်။ ထိုင်ဝမ်ဆေးပညာရဲ့ အဆင့်မြင့်နည်းပညာစက်ပစ္စည်းတွေ၊ ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေနဲ့ အရည်အသွေးမြင့် ဆေးပစ္စည်းတွေကြောင့် ကမ္ဘာ့ဆေးပညာအဆင့်အတန်းမှာ ၀င်ဆန့်နေပြီး ဈေးနှုန်းပိုင်းမှာလည်းအမေရိကန်၊ ဥရောပရဲ့ ၅ပုံ၁ပုံ ဈေးသာရှိတာကြောင့် ဈေးနှုန်းသက်သာပါတယ်။ ဒါကြောင့် ထိုင်ဝမ်ကို လာရောက်ဆေးကုသတဲ့ ဟောင်ကောင်၊ မကာအို၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင် နဲ့ မလေးရှားအစရှိတဲ့ နိုင်ငံခြားသားတွေ ပိုမိုများပြားလာတဲ့အပြင် အမေရိကန်၊ ကနေဒါ တို့ကပါ တကူးတကလာရောက် ဆေးကုသကြတယ်လို့ သိရပါတယ်။