What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 22 May 2018 10:22

ကျန်းမာရေးလုပ်ငန်းများကို ရှောင်တခင်စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူမှုရေးဝန်ကြီးပြောကြား

ကျန်းမာရေးလုပ်ငန်းများကို ရှောင်တခင်စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူမှုရေးဝန်ကြီးပြောကြား google.com

ကျန်းမာရေးလုပ်ငန်းများအား ရှောင်တခင်စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်းမာရေးစနစ်တစ်ခုကို အထိုက်အလျောက် အားကောင်းလာနိုင်စေရန်လည်း

ပြည်သူများပူးပေါင်းဆောင်ရွက်ကြရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီနှင့် ကိုယ်ပိုင်ဆေးကုဂေဟာများတွေ့ဆုံပွဲကို ယနေ့၊ နံနက် ၁၀ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးမှုရုံးတွင် ကျင်းပခဲ့ရာ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ရှောင်တခင်စစ်ဆေးမှုတွေကို ဆက်ပြီး လုပ်ဆောင်သွားမှာပါ။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းစင်တာ ကြီးကြပ်ရေးကော်မတီက ဆေးခန်းတွေ ဖွင့်တဲ့အချိန်က စပြီး ဆေးရုံ၊ ဆေးခန်းအားလုံးကို စီစစ်မှုတွေ ဆောင်ရွက်နေတာ ရှိပါတယ်။ သတင်းရရင် ရသလို စိစစ်ဆောင်ရွက်နေတာ ရှိပါတယ်။ ဆေးရုံတွေ၊ ဆေးခန်းတွေကို ဝင်စစ်တာတွေ ရှိတယ်။ ဘာကြောင့်ဒီလို ဆောင်ရွက်ရတာလဲဆိုရင် ကျွန်တော်တို့နိုင်ငံမှာ အားလုံးဥပဒေနဲ့အညီ နေထိုင်မယ်ဆိုရင် ဥပဒေစိုးမိုးမှု ရှိလာမယ်။ ဥပဒေစိုးမိုးမှုကတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို တက်လှမ်းနိုင်မှာ ဖြစ်တယ်။ နိုင်ငံသားတွေအနေနဲ့ အစမ်းသပ်ခံသဘောမျိုး မဖြစ်စေချင်ဘူး။ ဒါကိုအထူးမေတ္တာရပ်ခံပါတယ်။ နိုင်ငံတော်က အသိအမှတ်မပြုသေးတဲ့ ကုထုံးတွေကိုရော၊ ဆေးတွေကိုရော ပြည်သူလူထုတွေအတွက် အစမ်းသပ်ခံ မဖြစ်စေချင်ပါဘူး။ ကျန်းမာရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်စေချင်ပါတယ်။ အခုလို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံရဲ့ ကျန်းမာရေးစနစ်က အထိုက်အလျောက် အားကောင်းလာနိုင်မယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံတော်မှာ ပြုပြင်ပြောင်းလဲနေတဲ့အချိန်မှာ ကျွန်တော်တို့အစိုးရဘက်က ထိန်းကွပ်ရတဲ့အခါမှာ အခက်အခဲတွေ ရှိပါတယ်။ ဒီလိုဆောင်ရွက်နေတဲ့အခါမှာ ပြည်သူလူထုအနေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တိုးတက်မှုတွေ ရလာမယ်လို့ ယုံကြည်ပါတယ် ’’ဟု လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ပြောကြားခဲ့သည်။

ပုဂ္ဂလိကဆေးခန်းများ အချင်းချင်း ပြိုင်ဆိုင်မှု အားကောင်းလာတာသည်နှင့်အမျှ ကျန်းမာရေးစရိတ်များ ပိုမို နည်းပါးလာမည်ဖြစ်ပြီး ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ရရှိလာမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရဘက်က မပေးနိုင်သည့် တချို့သောဝန်ဆောင်မှုများ၊ အခွင့်အလမ်းများကို ပေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ပြီး ဥပဒေအရ ဆောင်ရွက်မည်ဆိုလျှင် ပိုမိုကောင်းမွန်သည့် ကျန်းမာရေးဝန်ဆောင်မှုများ ရရှိလာနိုင်မည်ဟု ယုံကြည်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

“ နောက်တစ်ခုက ဥပဒေနဲ့အညီ နိုင်ငံသားတွေကို လက်တွဲဆောင်ရွက်စေချင်တဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ အဲ့ဒီလိုစိစစ်တဲ့အခါမှာ ပထမရည်ရွယ်ချက်တစ်ချက်ကတော့ ပုဂ္ဂလိကလုပ်ငန်းလိုင်စင် ရှိ၊မရှိ စိစစ်ပါတယ်။ တရားမဝင်နိုင်ငံခြားသား ဆေးကုသသူများ တရားမဝင်ဆေးကုသပေးခြင်း ရှိ၊မရှိကို စိစစ်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်ကမ်းတွေကို လိုက်နာဆောင်ရွက်ထားခြင်း ရှိ၊ မရှိ စိစစ်ပါတယ်။’’ဟု လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ဆက်လက်ပြောကြားသည်။

ကျန်းမာရေးနှင့်ပတ်သက်ပြီး ပုဂ္ဂလိကဆေးခန်းတချို့ကို ၂၀၀၃ ခုနှစ်က ဆေးကောင်စီ မှ ထုတ်ပြန်ထားသည့် ဆေးနှင့်ပတ်သက်သည့် လုပ်ငန်းများအားလုံးကို လိုက်နာရမည့် ကျင့်ဝတ်များကို အတိအလင်းဖော်ပြထားခြင်းရှိကြောင်း၊ ယင်းကျင့်ဝတ်များတွင် မိမိ၏လုပ်ငန်းအတွက် သတင်းအချက်အလက်များ အသိပေးခြင်းဆိုသည့်နေရာတွင် မိမိဝန်ဆောင်မှုအတွက် ကြော်ငြာရာတွင်လည်းကောင်း၊ ပုံနှိပ်ထုတ်ဝေရာတွင်လည်းကောင်း တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့် အညီ ဆန်းစစ်ခံနိုင်သော အချက်အလက်များ ဖြစ်ရမည်ဟု ပါရှိပြီး ထို့သို့ပြုလုပ်ရာတွင် မိမိ၏ဆောင်ရွက်ချက်များမှာ သူများ၏ဆောင်ရွက်ချက်ထက် သာလွန်ကောင်းမွန်ကြောင်း ဖော်ထုတ်ခြင်း မပြုရ။ တစ်နည်းအားဖြင့် ဆေးပညာအသိဥာဏ်ချို့တဲ့သူများအပေါ်တွင် အခွင့်ကောင်းယူပြီး ရောဂါအပေါင်းပျောက်ကင်းမည်ဟု ကြော်ငြာခြင်း မပြုရဟု အတိအလင်းဖော်ပြထားကြောင်းနှင့် ကျန်းမာရေးလုပ်ငန်းလုပ်ဆောင်သူများက အဆိုပါကျင့်ဝတ်များကို လိုက်နာရမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ထို့နောက် တက်ရောက်လာသော ကိုယ်ပိုင်ဆေးကုဂေဟာများမှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာများ၏မေးမြန်းမှုများကို ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းနှင့် အတွင်းရေးမှူးဒေါက်တာထွန်းမြင့်တို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
YRG Info:

Read: ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်နည်းများ

ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်နည်းများ

Read times Last modified on Tuesday, 22 May 2018 10:49
Rate this item
(0 votes)