What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 27 August 2021 11:11

ပြင်ပပစ္စည်း ပါဝင်နေမှုကြောင့် Moderna ထိုးဆေး ၁.၆၃ သန်း ဂျပန်မှာ ရပ်ဆိုင်းထား

ဂျပန်နိုင်ငံတွင် အသုံးမပြုရသေးသော Moderna Inc. ၏ COVID-19 ကာကွယ်ရေး ထိုးဆေးပုလင်းများအတွင်း ပြင်ပပစ္စည်းများ တွေ့ရှိကြောင်း အတည်ပြုခဲ့ပြီး

ကြိုတင်ကာကွယ်သည့်အနေဖြင့် ထုတ်လုပ်ရေးလိုင်းတူဖြစ်သော ကာကွယ်ဆေး ၁.၆၃ သန်းခန့်ကို အသုံးပြုခြင်း ဆိုင်းငံ့လိုက်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။

ပြင်ပပစ္စည်းပါဝင်နေမှုကို အီဘရာကိ၊ ဆာအီတာမာ၊ တိုကျို၊ ဂီဖူးနှင့် အိုက်ချီ စီရင်စုများရှိ ကာကွယ်ဆေးထိုးနေရာ ၈ ခုတွင် ဩဂုတ် ၁၆ ရက်က အတည်ပြုထားပြီးဖြစ်ကြောင်း ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံအတွင်း Moderna ကာကွယ်ဆေး ရောင်းချရေးနှင့် ဖြန့်ချိရေးတာဝန်ယူထားသော ဂျပန် ဆေးဝါးထုတ်လုပ်သူ Takeda Pharmaceutical ကုမ္ပဏီက ဘေးကင်းစိတ်ချရေးစိုးရိမ်မှု အစီရင်ခံစာတစ်စုံတစ်ရာ မရရှိသေးကြောင်းနှင့် ဝန်ကြီးဌာနထံ သတင်းပို့ထားကြောင်း ဩဂုတ် ၂၅ ရက်က ပြောခဲ့သည်။

ကာကွယ်ဆေး ၃၉ ပုလင်းတွင် တွေ့ရှိခဲ့သော ပြင်ပပစ္စည်းများ၏ အရွယ်အစားမှာ မီလီမီတာအနည်းငယ်သာဖြစ်နိုင်ဖွယ် ရှိကြောင်း သိရသည်။

“ယနေ့အထိ ဘေးကင်းမှုမရှိသော သို့မဟုတ် ဆေးစွမ်းထက်မှုမရှိသော ကိစ္စရပ်များကို စစ်ဆေးထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဂရုတစိုက်ဆောင်ရွက်နေပြီး ဖြစ်ပွားရတဲ့အကြောင်းရင်း အရင်းအမြစ်အပေါ် နောက်ထပ်မှတ်ချက်တွေ မရှိသေးပါဘူး” ဟု Moderna က ဒေသခံမီဒီယာသို့ ပြောခဲ့သည်။

Moderna ကာကွယ်ဆေး ၁.၆၃ သန်းကို စပိန်နိုင်ငံတွင် တူညီသောထုတ်လုပ်မှုလိုင်းတွင် တစ်ချိန်တည်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကုန်ပစ္စည်းနံပါတ် ၃၀၀၄၆၆၇ ၊ ၃၀၀၄၇၃၄ နှင့် ၃၀၀၄၉၅၆ သုံးခုအတွင်း ကျရောက်နေပြီး ယင်းကာကွယ်ဆေးများအား နိုင်ငံတစ်ဝန်းရှိ ကာကွယ်ဆေးထိုးစင်တာ ၈၆၃ ခုသို့ လွှဲပြောင်းပေးထားပြီး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့သည်။

ဘေးကင်းလုံခြုံရေးကိစ္စများနှင့်ပတ်သက်၍ “အရေးမပါသော်လည်း” စင်တာတစ်ခုစီအနေဖြင့် လက်ခံရရှိထားသော ယင်းဆေးများအား အသုံးမပြုရန် ပြောကြားသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

Moderna ကာကွယ်ဆေးအား နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် မေလက ခွင့်ပြုပြီးချိန်မှစ၍ ကာကွယ်ဆေး ၁၀ သန်းကျော် အသုံးပြုထားပြီးဖြစ်ကြောင်း အစိုးရက ပြောခဲ့သည်။

ဂျပန်နိုင်ငံအစိုးရသည် စက်တင်ဘာလကုန်မတိုင်မီ COVID-19 ကာကွယ်ဆေး သန်း ၅၀ ရရှိရန် Moderna နှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးထားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အသက် ၁၂ နှစ်နှင့်အထက်ရှိသူများအား ၎င်းကာကွယ်ဆေးထိုးနှံနိုင်ကြောင်း သိရသည်။

ထို့ပြင် ညစ်ညမ်းမှုပါဝင်နေသော ကာကွယ်ဆေးများ၏ ကုန်ပစ္စည်းနံပါတ်များအား ပြည်သူသို့ ထုတ်ဖော်ပြောကြားခဲ့ပြီး စိုးရိမ်ပူပန်သူများအနေဖြင့် ယင်းကာကွယ်ဆေးများအား ဆိုင်းငံ့ခြင်းမပြုမီက ၎င်းတို့ ထိုးနှံခဲ့သော ကာကွယ်ဆေးများ ဟုတ်မဟုတ် စစ်ဆေးနိုင်ကြောင်း သိရသည်။

ယင်းသို့ အလားတူ ပုံမှန်မဟုတ်သောအခြေအနေများကို အခြားသောနိုင်ငံများတွင်လည်း တွေ့ရှိခဲ့ကြောင်း၊ Moderna အနေဖြင့် ကမ္ဘာ့ဈေးကွက်များမှ ထုတ်ကုန်များနှင့်ပတ်သက်၍ လက်ခံရရှိလာသော မေးခွန်းများအား စောင့်ကြည့်ကာ ထိရောက်မြန်ဆန်သော လုပ်ဆောင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသခံအာဏာပိုင်များအနေဖြင့် ယင်းဆုံးဖြတ်ချက်များထွက်ရှိပြီးနောက် အချက်အလက်ထုတ်ဖော်မှုနှင့်ပတ်သက်၍ ၎င်းတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များအရ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြဿနာသည် COVID-19 ရောဂါကူးစက်မှုအား ထိန်းချုပ်ရန် ကြိုးပမ်းရုန်းကန်နေရချိန်တွင် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းနှင့် အစိုးရက COVID-19 ပြည်နယ် အရေးပေါ်အခြေအနေအောက်တွင် စီရင်စု ၈ ခုအား ထည့်သွင်းရန် အစီအစဉ်ကို ဩဂုတ် ၂၅ ရက်က ကြေညာခဲ့သည်။

ဂျပန်နိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း နိုင်ငံအတွင်းရှိ ဒေသများစွာ၌ ကူးစက်မြန် ဒယ်လ်တာဗိုင်းရပ်စ်ကြောင့် နေ့စဉ် အတည်ပြုလူနာအရေအတွက် မြင့်တက်လျက်ရှိကြောင်းသိရသည်။
(Xinhua)

 

Read times Last modified on Friday, 27 August 2021 11:13
Rate this item
(0 votes)