What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 06 October 2021 23:46

ကျောင်းသား ကျောင်းသူများအား COVID-19 ကာကွယ်ဆေးထိုးနှံရာတွင် မိဘများထံမှ ခွင့်ပြုချက်တောင်းခံပြီးမှသာ ထိုးနှံပေးမည်

အသက် ၁၂ နှစ်မှ ၁၈ နှစ်အောက် ကျောင်းသားကျောင်းသူများအား COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ရာ

ယင်းကဲ့သို့ထိုးနှံရာတွင် မိဘများထံမှ ခွင့်ပြုချက် တောင်းခံပြီးမှသာ ထိုးနှံပေးမည်ဖြစ်ကြောင်း အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသားကျောင်းသူများအား COVID-19 ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်ဖြစ်သည့် ကာကွယ်ဆေးထိုးစီမံချက်မှ သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် အကျုံးဝင်မည့် ကလေးများမှာ ၂၀၂၁ ခုနှစ် ဇွန်တွင် ကျောင်းအပ်နှံထားပြီး ကျောင်းတက်လျက်ရှိသော အသက် ၁၂ နှစ်နှင့် အသက် ၁၈ နှစ်အောက် ကျောင်းသားကျောင်းသူများကို ထိုးနှံပေးမည်ဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိုးနှံပေးမည်ဖြစ်ကြောင်း၊ ထိုးနှံရာတွင် ကျောင်းကားများဖြင့် စုရပ်သို့ခေါ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ထိုးနှံရာ၌ Sinovac (Corona Vac ကာကွယ်ဆေးကို အသုံးပြုမည်ဖြစ်ပြီး နှစ်ကြိမ်ထိုးနှံပေးမည်ဖြစ်ကာ အဆိုပါကာကွယ်ဆေးကို တစ်ကြိမ်လျှင် သုည ဒသမ ၅ မီလီဖြင့် လေးပတ်ခြား၍ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးကို တရုတ်နိုင်ငံအစိုးရက အသက်သုံးနှစ်မှစ၍ ၁၇ နှစ်အထိ ထိုးနှံရန် အရေးပေါ်အသုံးပြုခွင့် ရရှိထားသော ကာကွယ်ဆေးဖြစ်ပြီး တရုတ်နိုင်ငံ၊ ချီလီနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် အမြောက်အမြား ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် Sinovac ကာကွယ်ဆေး ခုနစ်သိန်းကျော်ရှိပြီး အောက်တိုဘာ ၁၃-၁၄ ရက်တွင် တရုတ်နိုင်ငံအစိုးရက လှူဒါန်းသော ကာကွယ်ဆေးနှစ်သန်း ထပ်မံရောက်ရှိမည်ဖြစ်သဖြင့် ကာကွယ်ဆေး စုစုပေါင်း ၂ ဒသမ ၇ သန်း (လူဦးရေ ၁ ဒသမ ၃၅ သန်း) အသုံးပြု၍ ထိုးနှံပေးရန် ရည်မှန်းထားကြောင်း သိရသည်။

ကာကွယ်ဆေး စတင်ထိုးနှံရာတွင် နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့ သုံးခုတွင် အကြို Pilot အနေဖြင့် ခန့်မှန်း အောက်တိုဘာ ၇ ရက် သို့မဟုတ် ၈ ရက်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။


ကျောင်းသူကျောင်းသား အားလုံးမထိုးမနေရ မဟုတ်ဘဲ ၎င်းတို့၏ရွေးချယ်ခွင့်ဖြစ်ပြီး မထိုးသူများကိုလည်း ကျောင်းတက်ခွင့် မပိတ်ပင်ကြောင်းနှင့် ကာကွယ်ဆေးထိုးထားခြင်းဖြင့် COVID-19 ကပ်ရောဂါဆိုးမှ ကာကွယ်နိုင်သည့်အပြင် အခြားသူများကိုလည်း ကူးစက်မှုမှ လျှော့ချနိုင်ကြောင်း သိရသည်။

ကာကွယ်ဆေးသည် ရောဂါပိုးအရှင် မပါဝင်ဘဲ ရောဂါပိုးကိုသေအောင်၊ အင်အားနည်းအောင်/ချည့်နဲ့အောင် ပြုလုပ်ထားပြီး ခန္ဓာကိုယ်ထဲရောက်မှသာ ကိုယ်ခံအားထုတ်နိုင်အောင် ဖန်တီးထားသော ရှေးရိုးနည်းဖြင့် ထုတ်လုပ်သော ကာကွယ်ဆေးဖြစ်သဖြင့် အန္တရာယ်ကင်းကြောင်း၊ မွေးစမှ ကလေးငယ်များတွင် ထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးအများစု ထုတ်လုပ်ထားသော နည်းစနစ်အတိုင်းပင်ဖြစ်ကြောင်း သိရသည်။

နောက်ဆက်တွဲဖြစ်ရပ် အနေဖြင့် တရုတ်နိုင်ငံတွင် ထိုးနှံသူ ၆၃ သန်းအနက် နောက်ဆက်တွဲဖြစ်ပွားသူ ၁၇၇၉ ဦးသာရှိသဖြင့် လူတစ်သန်းလျှင် ၂ ဒသမ ၈ ဦးခန့်သာ ရှိသည်ကိုတွေ့ရကြောင်း၊ သာမန်နောက်ဆက်တွဲ ပြဿနာများအနေဖြင့် ခေါင်းမူးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ပျို့ခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေပြားယားယံခြင်း၊ အနီပြင်ထွက်ခြင်း၊ အန်ခြင်း စသည့်လက္ခဏာများ ဖြစ်နိုင်သော်လည်း ဖြစ်ပွားသူ အလွန်နည်းပါးပြီး အချိန်တိုအတွင်း ပျောက်ကင်းနိုင်ကြောင်းနှင့် ဆေးထိုးစုရပ်များတွင်လည်း အန္တရာယ်ကင်းအောင် စနစ်တကျ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

 

Source: news-eleven.com

Read times
Rate this item
(0 votes)