What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 22 October 2021 09:36

ကိုဗစ်ကိုယ်ခံအားနဲ့ ကာကွယ်ဆေး အကြံပြုချက်

ကိုဗစ်-19 ရောဂါ လူအများမှာဖြစ်အပြီး၊ ကိုယ်ခံအားတွေရလာပေမဲ့၊ လပိုင်းတွေအတွင်း ပြန်လျော့ကျသွားတာမို့

ကာကွယ်ဆေး ဆက်ထိုးဖို့အရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုပါတယ်။

နိုင်ငံတကာ အတွေ့အကြုံတွေအရ လူအများအပြားမှာ ကိုဗစ်ဖြစ်ခဲ့ပြီး၊ ကိုယ်ခံအား တစုံတရာရလာပေမဲ့၊ လပိုင်းအနည်းငယ်အတွင်း တဖြည်းဖြည်း ပြန်လျော့သွားတာကို တွေ့ရှိထားပါတယ်။ အမေရိကန်နိုင်ငံက ဝေးလံခေါင်ဖျားတဲ့ တောင်ဒါကိုတာပြည်နယ် (South Dakota) မှာ ဒီနှစ်ဆန်းပိုင်းက ဆိုင်ကယ်ပြပွဲကြီးတခုကနေ လူအများအပြား ကူးစက်ခဲ့ပြီး၊ ပုံမှန်ကာကွယ်ရေး (Mask ပါးစပ်နှာခေါင်းစည်းတပ်၊ လက်ဆေး၊ ခပ်ခွာခွာနေ) နဲ့ ကာကွယ်ဆေးတွေ (လူဦးရေရဲ့ ၃၀% သာရခဲ့) အလေးမပေးခဲ့ရာကနေ၊ နှစ်လယ်နောက်ပိုင်းမှာတော့ Delta မျိုးကွဲသစ် ပေါ်လာတာနဲ့အတူ ပိုးကူးစက်သူတွေ ပြန်များသွားခဲ့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကိုဗစ်အဖြစ်များခဲ့အပြီးမှာ ကိုယ်ခံအားရပြီး၊ ဆက်အကူးမခံရနိုင်တော့ဘူးလို့ မှားယွင်းမယူဆကြဘဲ၊ ကိုဗစ်ကာကွယ်ဆေးကို နောက်ဆက်တွဲ ဆက်ထိုးကြဖို့ အထူးအရေးကြီးပါတယ်။ ဒါဆို ကိုယ်ခံအား ပိုကောင်းလာလေ့ ရှိပါတယ်။

ဒါ့အပြင် ကိုဗစ်ကာကွယ်ဆေး ထိုးရာမှာလည်း မြို့ရောနယ်ပါ လူတိုင်း မျှတအောင်ထိုးဖို့ အလွန်အရေးကြီးပါတယ်။ အမေရိကန်ရော အင်္ဂလန်မှာပါ အသက်အကြီးဆုံးသူတွေကနေ အောက်တစ်ဆင့်စီကို အသုတ်လိုက် ထိုးပေးတာတူပေမဲ့၊ အခုလို တစ်နိုင်ငံလုံးမျှတဖို့တော့ အားစိုက်လုပ်မူ ကွာသွားခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး (AstraZeneca ခေါ် မြန်မာမှာသုံးတဲ့ အိန္ဒိယထုတ် Covishield) ကို အခုလို မြို့ပြရော ဝေလံခေါင်ဖျားတဲ့ ကျေးလက်တွေမှာပါ အားလုံးမျှမျှတတရအောင် ဗျူဟာချ အလေးအနက် ထိုးပေးခဲ့တာကြောင့်၊ အခု လူဦးရေရဲ့ ၈၀% ကျော် ထိုးပြီးသွားပြီး ကိုဗစ်သေနှုန်း သိသိသာသာ ကျလာနေပါတယ်။ ဒါတောင် အင်္ဂလန်မှာ ဒီဆေး (AstraZeneca/ Covishield) ကို (၁၈) နှစ်အထက်တွေကိုသာ စိတ်ချ ထိရောက်လို့ ထိုးပေးနေပါသေးတယ်။ ဒါပေမဲ့ အမေရိကန်မှာတော့ အလားတူ တောရောမြို့ပါမျှအောင် အားစိုက် မထိုးခဲ့တာကြောင့် ကာကွယ်ဆေး လွှမ်းခြုံမူက နယူးယောက်မြို့ကြီးမှာတောင် (၇၀)% မပြည့်သေးဘဲ၊ အထူးသဖြင့် ကာကွယ်ဆေး လွှမ်းခြုံမူနည်းတဲ့ဒေသတွေမှာ အများအပြားကူးစက် သေဆုံးနေရပါသေးတယ်။ အခုတော့၊ အင်္ဂလန်နိုင်ငံကို အတုယူပြီး နယူးယောက်အပါအဝင် အမေရိကန်က ပြည်နယ်တချို့မှာ မရှိမဖြစ် လုပ်သားနဲ့ ကူးစက်ခံလွယ်သူ (ဥပမာ ဆေးဝန်ထမ်း၊ မီးသတ် စတဲ့အရေးပေါ်လုပ်သား) တွေကို ကာကွယ်ဆေး မဖြစ်မနေထိုးကြဖို့ အမိန့်တွေထုတ်လာပေမဲ့ မထုတ်သေးတဲ့ ပြည်နယ်တွေလည်း ရှိနေပါသေးတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာလည်း လက်ရှိကာကွယ်ဆေးထိုးလုပ်ငန်းကို မြို့ပေါ်လူတန်းစားအပြင် ကျေးလက်လူတန်းစားတွေကိုပါ မျှမျှတတနဲ့ လူအများအလေးပေး ထိုးလာအောင် အလေးအနက်အားစိုက် လုပ်သင့်ပါတယ်။ အကယ်၍ ကာကွယ်ဆေးထိုးထားလျှင်တော့ ကူးစက်ခံရလျှင်တောင် မပြင်းထန်တဲ့ သာမန်လက္ခဏာတွေ (ဖျားတာ၊ ကိုယ်လက်ကိုက်တာ၊ နုံးတာ၊ အစာမစားချင်တာ၊ စတာမျိုး) သာ ရက်အနည်းငယ်ပဲဖြစ်ပြီး လူကောင်းပကတိ ပြန်သက်သာလာနိုင်ပေမဲ့၊ ကာကွယ်ဆေး မထိုးထားလျှင်တော့ ရက်တွေကြာအပြင်းအထန် ခံရနိုင်တာအပြင် အထူးသဖြင့် သက်ကြီးနဲ့ အဝလွန်သူတွေ၊ ရောဂါအခံ (ကျောက်ကပ်၊ သွေးတိုး၊နှလုံး၊ဆီးချို စတာ) ရှိသူတွေမှာ အသက်အန္တရာယ်အထိ ရှိတတ်ပါတယ်။

ဒါ့အပြင် မြန်မာပြည်မှာက ကာကွယ်ဆေးရနိုင်မူ တခြားနိုင်ငံကြီးတွေနဲ့ယှဉ်လျှင် နည်းနေသေးချိန်မှာ၊ ကာကွယ်ဆေး အပြည့်ထိုးပြီးသူတွေအနေနဲ့တော့ ထပ်ဆောင်းအားဖြည့် ကာကွယ်ဆေးထိုးမဲ့အစား၊ ပုံမှန်ကာကွယ်ရေးနည်းတွေဖြစ်တဲ့ Mask ပါးစပ်နှာခေါင်းစည်းတပ်၊ လက်ဆေး၊ ခပ်ခွာခွာနေတာတွေနဲ့ ဆက်ကာကွယ်သင့်ပါတယ်။ အကြောင်းက ကာကွယ်ဆေး နောက်တစ်လုံး အားဖြည့်ထိုးပေမဲ့ ဒီပုံမှန်ကာကွယ်ရေးတွေ မလုပ်လျှင် ကူးစက်ခံနိုင်သေးလို့ပါ။ ရောဂါလက္ခဏာမပြပဲ ပိုးသယ်ဆောင်သူတွေ ပတ်ဝန်းကျင်မှာ ရှိကောင်းရှိနေနိုင်လို့ပါ။ လူတိုင်းအတွက် အထူးသဖြင့် ဆေးရုံဝန်ထမ်းတွေအနေနဲ့ ကာကွယ်ဆေးအပြည့်နဲ့ ထပ်ဆောင်းထိုးပြီးသူတွေတောင်၊ ဒီပုံမှန်ကာကွယ်ရေးတွေအပြည့် ဆက်လုပ်ဖို့အရေးကြီးပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုလူမျိုးတွေ ဆက်ကူးစက်ခံနေရသေးလို့ပါ။

ဒီအကြောင်းပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို.မှာ ကိုဗစ်လူနာတွေကို ကိုင်တွယ်ကုသပေးနေပြီး၊ မြန်မာပြည်က လူနာတွေကိုလည်း ဖုန်းကတဆင့် ကူသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်, ကို ဆက်သွယ်မေးမြန်းထားပါတယ်။

Read times
Rate this item
(0 votes)