ဆန်ဖြူစားသုံးမှုက ဆိုဒါအချိုရည်သောက်သုံးတာထက် ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားတယ်လို့ စစ်တမ်းတွေက ဖော်ပြနေကြပါတယ်။
သကြားဓာတ်ပါဝင်တဲ့ ဖျော်ရည်တွေနဲ့ ခန္ဓာကိုယ်အဝလွန်မှုဟာ အနောက်တိုင်းက ကျန်းမာရေးအခြေအနေအပေါ် အဓိကသက်ရောက်မှုရှိတဲ့ အကြောင်းတရားနှစ်ခု ဖြစ်ပါတယ်။ အာရှမှာ ဆန်ဖြူကို အဓိကစားသုံးနေကြပြီး ဆီးချိုရောဂါ ဖြစ်ပွားမှု မြှင့်တက်လာတဲ့ အကြောင်းအရင်းမှာ ဆန်ဖြူက အဓိကအခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ကစီဓာတ်ပြည့်ဝတဲ့ ဆန်ဖြူတွေဟာ လူ့ကိုယ်ထဲမှာ သွေးတွင်း သကြားဓာတ် အလွန်အမင်းများပြားနိုင်ပြီး ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေ တိုးပွားနိုင်ပါတယ်။
စစ်တမ်းတွေက အဲဒီအဆိုကို အထောက်အထားတွေနဲ့ တင်ပြနေတာ နှစ်ပေါင်းများစွာ ကြာမြင့်ပါပြီ။ အများပြည်သူကျန်းမာရေးဆိုင်ရာ ဟားဗတ်ကျောင်းတော်ကြီး အဖွဲ့ စစ်တမ်းလေးခုနဲ့ အဲဒီအဆိုပြုချက်ကို လေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီစစ်တမ်းတွေမှာ တရုတ်၊ ဂျပန်၊ အမေရိကန်နဲ့ သြစတြေးလျစတဲ့ နိုင်ငံ ၄ နိုင်ငံက လူပေါင်း ၃၅၀,၀၀၀ ကျော် ပူပေါင်းပါဝင်ခဲ့ပါတယ်။
အဲဒီလူတွေကို ၄ နှစ်ကနေ နှစ် ၂၀ အထိ စောင့်ကြည့် လေ့လာမေးမြန်းထားတာ ဖြစ်ပါတယ်။တွေ့ရှိမှုတွေထဲက တစ်ခုကတော့ တစ်နေ့ကို ဆန်ဖြူတစ်ပန်းကန် နေ့စဉ်စားသုံးရင် ဆီးချိုရောဂါဖြစ်ပွားမှုနှုန်း ၁၁ ရာခိုင်နှုန်းအထိ မြင့်မားနိုင်တယ်လို့ သိရပါတယ်။
စစ်တမ်းရေးသားသူတွေထဲက ဘော်စတွန်မြို့ အများပြည်သူကျန်းမာရေးဆိုင်ရာ ဟားဗတ်ကျောင်းက ဆေးပညာပရော်ဖက်ဆာဖြစ်သူ ကျူဆွန်းက အခုလို မှတ်ချက်ချခဲ့ပါတယ်။“ဆန်ဖြူမှာ အမျှင်ဓာတ်နဲ့ မဂ္ဂနီစီယမ်လိုမျိုး အာဟာရဓာတ်တွေ ချို့တဲ့ပါတယ်။ ဆန်ဖြူစားသုံးမှုများပြားတဲ့ လူတွေမှာ အကျိုးဖြစ်ထွန်းစေမယ့် အာဟာရဓာတ် လျော့နည်းပါတယ်။ အာရှဒေသတွေမှာ ဆန်ဖြူအများအပြားစားသုံးနေကြပါတယ်။
တစ်ကယ်လို့ ဆန်ညိုကို စားသုံးမယ်ဆိုရင် အဲဒီအာဟာရဓာတ်တွေ ရရှိမှာပါ။ ရွေးချယ် စားသုံးစရာတွေ အများအပြား ရှိပါတယ်။ ဆန်စားသုံးမှုကို မရှောင်ကျဉ်မယ့်အစား ကျန်းမာရေးနဲ့ ပိုညီညွှတ်တဲ့ ဆန်ကို စားသုံးသင့်ပါတယ်။
ဆန်ဖြူ ဆန်လုံးရှည်တွေဟာ ဆန်လုံးတိုထက် ကျန်းမာရေးနဲ့ ပိုညီညွှတ်ပါတယ်။ ကျန်းမာရေး သင့်တော်မယ့် နောက်ထပ် နည်းလမ်းတစ်ခုက ဆန်ဖြူနဲ့ ဆန်ညိုကို ရောပြီး စားသုံးသင့်ပါတယ်။ ဆန်ဖြူထဲမှာ ဆန်ညို ၂၀ ရာခိုင်နှုန်းလောက်ရောထည့်လိုက်ရင် ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေ ၁၆ ရာခိုင်နှုန်း လျော့ကျစေပါတယ်လို့ သိရပါတယ်။ ပြန်လည်သန့်စင်ထားတဲ့ ကာဗွန်ဟိုက်ဒရိတ် စားသုံးမှုကနေ ဂျုံနဲ့ပြုလုပ်ထားတဲ့ အစားအစာတွေကို ပြောင်းလဲစားသုံးသင့်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အစားအသောက် ပိုမိုစားသုံးခြင်းကလည်း အဝလွန်မှုနဲ့ ဆီးချိုရောဂါခံနိုင်စွမ်းကို လျော့ကျစေပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ပိုမိုညီညွှတ်စေဖို့ လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်သင့်တယ်” လို့ ကျွမ်းကျင်သူတွေက အလေးအနက်ထား အကြံပြုထားပါတယ်။
source:shwemom