What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 01 September 2020 20:55

ရန်ကုန်မြို့ရှိ မြို့နယ် ၇ ခု Stay at Home ပြဌာန်း

ရန်ကုန်မြို့ရှိ မြို့နယ် ၇ ခု Stay at Home ပြဌာန်းကြောင်း ထုတ်ပြန်ကြေညာထားသည်

 

ရန်ကုန် မြို့ရှိ  ၇ မြို့နယ်၌ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ် ထုတ်ပြန်ကြေညာ ထားပါသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

 

အမိန့်အမှတ်၊ ၁၀၀ /၂၀၂၀ 

( ၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက်)

(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်) 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

 ၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019 - COVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်  နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိရမှု၊ ခရီးသွား ရာဇဝင်မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြု လူနာများနှင့်လည်း ထိတွေ့ခြင်းမရှိခဲ့သည့် လူနာများ တွေ့ရှိရမှုများပြားလာသဖြင့် ရောဂါကူးစက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် အချို့ သောမြို့နယ်များတွင်နေထိုင်သည့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်နေထိုင်ရန် (Stay at Home) လိုအပ်ပါသည်။ ၂။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်ပါမြို့နယ်များတွင်နေထိုင်သည့် ပြည်သူ များအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာ လိုက်သည်

(က) သင်္ဃန်းကျွန်းမြို့နယ်၊

(ခ) အင်းစိန်မြို့နယ်၊

(ဂ) မြောက်ဥက္ကလာပမြို့နယ်၊

(ဃ) သာကေတမြို့နယ်၊

(င) လှိုင်မြို့နယ်၊

(စ) ပုဇွန်တောင်မြို့နယ်၊

(ဆ) မင်္ဂလာဒုံမြို့နယ်။ 

၃။ အဆိုပါ မြို့နယ် ၇ မြို့နယ်ရှိ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများသည် အောက်ပါစည်းကမ်းချက်များကို လိုက်နာရမည်

(က) မိမိနေအိမ်တွင်သာနေထိုင်ရန် (အစိုးရဌာန၊အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံ များတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများ မပါ) 

(ခ) မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊

(ဂ) ဆေးရုံ၊ ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊ 

(ဃ) နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်/ နှာခေါင်းစည်း (mask) တပ်ရန်၊ 

(င) တာဝန်ထမ်းဆောင်ရန် သွားရောက်ပြန်လာမည့်သူများကို ပို့ဆောင်မည့် ယာဉ်များနှင့်

ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊

(စ) ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံ ဆေးခန်းသွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန်။ 

၄။ အပိုဒ် ၃ အပိုဒ်ခွဲ(ခ)၊ (ဂ) နှင့် (စ) တို့ပါ ကိစ္စရပ်များတွင် သတ်မှတ်ဦးရေထက် ပိုမိုရန်ရှိလျှင် ဖြစ်စေ၊  အခြားအရေးပေါ်ကိစ္စရပ်များအတွက် သွားလာရန် ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့သည် တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်ရန် သွားရောက် ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှ လည်းကောင်း၊ ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်/ထွက် ခွင့်မပြုရန် ဖြစ်သည်။

 ၅။ ဤအမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မည် ဖြစ်သည်။ 

၆။ ဤအမိန့်သည် ၂-၉-၂၀၂၀ ရက်၊ နံနက် ၈ နာရီအချိန်မှ စတင်သက်ရောက်သည်။

(ဒေါက်တာမြင့်ထွေး) ပြည်ထောင်စုဝန်ကြီး

 

 

 

Read times Last modified on Tuesday, 01 September 2020 21:49
Rate this item
(1 Vote)