What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 02 September 2020 11:53

"(၁၀-၈-၂၀၂၀) ရက်နေ့ နောက်ပိုင်း ရခိုင်ပြည်နယ်မှ ပြန်လာသူများ"နှင့် ပတ်သက်သော သတိပေးချက် ထုတ်ပြန်

COVID-19 ရောဂါ ဖြစ်ပွားကူးစက်ပျံ့နှံ့မှု မရှိစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ "(၁၀-၈-၂၀၂၀) ရက်နေ့ နောက်ပိုင်း ရခိုင်ပြည်နယ်မှ ပြန်လာသူများ" ထံ ဆက်သွယ်ရာ၌ မဖြစ်မနေပူးပေါင်းဆောင်ရွက်ပေးကြပါရန် သတိပေးနှိုးဆော်ချက်
(၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလ (၂) ရက်

- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် (၁၀-၈-၂၀၂၀) ရက်နေ့‌မှ (၂၁-၈-၂၀၂၀) ရက်နေ့အထိ ရခိုင် ပြည်နယ်မှ လေကြောင်းခရီးဖြင့် ရန်ကုန်တိုင်းဒေသကြီးသို့ ပြန်လည်ရောက်ရှိလာသူ စုစုပေါင်း (၅၄၀၉) ဦး ကိုဆက်သွယ်ရန်ဆောင်ရွက်ခဲ့ပါသည်။ (၁၀-၈-၂၀၂၀) ရက်နေ့မှ (၁၅-၈-၂၀၂၀) ရက်နေ့အတွင်း ပြန်လည်ရောက်ရှိလာသူ (၃၁၅၂) ဦး ကို ဆေးသုတေသနဦးစီးဌာနမှလည်းကောင်း၊ (၁၆-၈-၂၀၂၀) ရက်နေ့ မှ (၂၁-၈-၂၀၂၀) ရက်နေ့အတွင်း ပြန်လည်ရောက်ရှိလာသူ (၂၂၅၇) ဦး ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှလည်းကောင်း ကြိုးပမ်းဆက်သွယ်‌ခဲ့ပါသည်။
- ဆေးသုတေသနဦးစီးဌာနမှ ဆရာဝန်များ၊ အရာရှိများနှင့် အရာထမ်းများ (၇၁) ဦးသည် (၃၀-၈-၂၀၂၀) ရက်နေ့မှ (၃၁-၈-၂၀၂၀) ရက်နေ့ အတွင်း ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခဲ့ရာတွင် ခရီးသွားလာခဲ့သူများအနက် (၃၀၄၃) ဦး၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များအား ဖုန်းခေါ်ဆိုမှုပေါင်း (၆၀၈၈) ကြိမ် ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ခရီးသွားလာခဲ့သူ ၁၄၆၆ ဦး (၄၈.၁၈%) မှာ ဖုန်းလက်ခံ ဖြေကြားခဲ့ပါသည်။ ထိုသူများအနက် ကျန်းမာရေးဌာနနှင့် အုပ်ချုပ်ရေးဌာနများသို့ ဆက်လက်သတင်းပို့သူ (၇၈၂) ဦး ရှိပြီး အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သူ (၆၆၁) ဦး ရှိပါသည်။ ဖုန်းကိုင်သော် လည်း အချက်အလက် ပြန်လည်မပြောခဲ့သူ (ဖုန်းချသွားခြင်း၊ ဖြေကြားရန်ငြင်းဆန်ခြင်း၊ ဖုန်းနံပါတ် မှားယွင်းနေသည်ဟုပြော၍ ထပ်မံဆက်သွယ်မရတော့ခြင်း)မှာ ထက်ဝက်ကျော်ဖြစ်သည့် (၁၅၇၇) ဦး (၅၁.၈၂%) ရှိသည်ကို တွေ့ရှိရပါသည်။
- ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ ဆရာဝန်များ၊ အရာရှိများနှင့် အရာထမ်းများ (၂၃) ဦးသည် (၃၀-၈-၂၀၂၀) ရက်နေ့မှ (၃၁-၈-၂၀၂၀) ရက်နေ့အတွင်း ခရီးသွား လာသူများအနက် (၁၇၁၆) ဦး၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များအား ဆက်သွယ်ခေါ်ဆိုခဲ့ရာ ၇၄၆ ဦး (၄၃.၄၇%) မှာ ဖုန်းလက်ခံ ဖြေကြားခဲ့ပါသည်။ ထိုသူများအနက် ကျန်းမာရေးဌာနနှင့် အုပ်ချုပ်ရေးဌာန များသို့ ဆက်လက်သတင်း ပို့သူ ၅၂၀ ဦး (၆၉.၇၁%) ရှိပြီး အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သူ ၄၈၁ ဦး (၆၄.၄၈%) ရှိပါသည်။ ဖုန်းဆက်သွယ်ခဲ့သူများအနက်မှ ဖုန်းအဆက် အသွယ် မရရှိသူ (ဖုန်းချသွားခြင်း၊ ဖြေကြားရန် ငြင်းဆန်ခြင်း၊ ဖုန်းနံပါတ်မှားယွင်းနေသည်ဟုပြော၍ ထပ်မံဆက်သွယ်မရတော့ခြင်း)မှာ ၉၇၀ ဦး (၅၆.၅၃%) ရှိသည်ကို တွေ့ရပါသည်။
- အဆိုပါတွေ့ရှိချက်များအရ ခရီးသွားလာခဲ့သူများအနက်မှ ထက်ဝက်ကျော်ဖြစ်သည့် (၂၅၄၇)ဦး (၅၃.၃%) သည်ဖုန်းပြန်လည်ဖြေကြားမှုမရှိခြင်းနှင့် လက်ခံဖြေကြားခဲ့သူအချို့မှာလည်း သက်ဆိုင်ရာကျန်းမာရေး ဌာနနှင့် အုပ်ချုပ်ရေးဌာနများသို့ ဆက်လက်သတင်းပို့ခြင်းနှင့် အသွားအလာကန့်သတ်ခြင်း လုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်ခြင်းစသည့် ရောဂါဆက်လက်မပြန့်ပွားစေရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်မှုများ အလွန်အားနည်းနေသည်ကို တွေ့ရှိရပါသည်။
- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ဆရာဝန်များနှင့် ဝန်ထမ်းများအနေဖြင့် ယခုကဲ့သို့ ကြိုးပမ်း ဆက်သွယ်ရခြင်းမှာ ပြည်သူအကျိုးရှေးရှု၍ ပြည်သူများအကြားတွင် ရောဂါကူးစက်မှုအဆင့်ဆင့် ဆက် လက်မဖြစ်ပေါ်စေရေး ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။
- ယခုအခါ ရခိုင်ပြည်နယ်တွင် တွေ့ရသော COVID-19 ရောဂါဖြစ်ပွားနေသူများအနက် (၇၁%)သည် အမြင် အားဖြင့် ရောဂါလက္ခဏာတစ်စုံတစ်ရာမပြဘဲ နေကောင်းကျန်းမာစွာဖြင့်ရှိသော်လည်း ရောဂါပိုးကို သယ်ဆောင်ကာ အလွန်လျင်မြန်သည့်နှုန်းဖြင့် ရောဂါဆက်လက်ဖြန့်ဖြူးနေနိုင်သူဖြစ်ရန် အခွင့်အလမ်း အလွန်များပြားလျက် ရှိပါသည်။
- ထိုသို့ ရောဂါပိုးသယ်‌ဆောင်သူများမှတဆင့် ချစ်ခင်ရသော မိသားစုဝင်များ အထူးသဖြင့် အသက်အရွယ် ကြီးရင့်သူများနှင့် နာတာရှည်ရောဂါ (ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်ရောဂါ)ရှိသူ မိဘ/ဘိုးဘွား/ဆွေမျိုး များထံ အလွန်လျင်မြန်စွာဆက်လက်ကူးစက်ရာမှ ၎င်းတို့ကိုအသက်သေဆုံးစေနိုင်သည်အထိ နောက်ဆက်တွဲဆိုးကျိုးများစွာ ခံစားရနိုင်ပါသည်။
- ထို့အပြင် မိသားစုနှင့်ဆက်စပ်လျက်ရှိသော အိမ်နီးချင်းများ၊ သူငယ်ချင်းမိတ်ဆွေများထံသို့ အဆင့်ဆင့် ဆက်လက်ကူးစက်စေနိုင်သည့်အတွက် ခရီးသွားခဲ့သူအနေဖြင့် ပြန်လည်ရောက်ရှိနေထိုင်ရာ ဒေသအတွင်း တွင် ‌ရောဂါစတင်ဖြစ်ပွားကူးစက်စေသူအဖြစ်ရောက်ရှိကာ တည်ဆဲဥပဒေများအရ ပြင်းထန်စွာအရေးယူ ခြင်းခံရနိုင်ပါသည်။
သို့ဖြစ်ပါ၍ ပြည်သူလူထုအတွင်း ရောဂါဆက်လက်အဆင့်ဆင့်ပြန့်ပွားမှုများမရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းပါဝင်ပေးကြပါရန်နှင့် ထုတ်ပြန်ကြေညာထားသော အမိန့်ညွှန်ကြားချက်များ လိုက်နာမှု မရှိခြင်း/ချိုးဖောက်ခြင်း၊ သတင်းထိန်ချန်မှုပြုလုပ်ခြင်းများကို တွေ့ရှိရပါက တည်ဆဲဥပ‌ဒေဖြစ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အ‌ရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတိပေးနှိုးဆော်အပ်ပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

Read times
Rate this item
(0 votes)