What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 19 September 2020 10:30

ကွာရန်တင်းစင်တာ ရောက်ခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာတစ်ဦး ရဲ့ ကိုယ်ပိုင်အတွေ့အကြုံ

ကွာရန်တင်းစင်တာ ရောက်ခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာတစ်ဦး ရဲ့ ကိုယ်ပိုင်အတွေ့အကြုံ HTEIK TIN AUNG

ကိုဗစ်အတည်ပြုလူနာတွေနဲ့ အနီးကပ် ထိတွေ့ခဲ့သူတွေကို အသွားအလာကန့်သတ်ပြီး အစိုးရက ကွာရန်တင်းစင်တာတွေမှာ ၁၄ ရက် ထားလေ့ရှိ

 

မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်း အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း၃၈၀၀ ကျော် ရှိပြီး သေဆုံးသူဦးရေ ၅၇ ဦးအထိ ရှိလာနေပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ကိုဗစ်အတည်ပြုလူနာတွေနဲ့ အနီးကပ် ထိတွေ့ခဲ့သူတွေကို အသွားအလာကန့်သတ်ပြီး တခြားသူတွေနဲ့ထိတွေ့ဆက်ဆံတာမျိုး မရှိရအောင် အစိုးရက ကွာရန်တင်းစင်တာတွေမှာ ၁၄ ရက် ထားလေ့ရှိပါတယ်။

 

အခကြေးငွေပေးပြီး ဟိုတယ်မှာ သီးခြားခွဲနေသူတွေသာမက အစိုးရက စီစဉ်ပေးတဲ့ နေရာတွေမှာ နေထိုင်သူတွေအတွက် ကွာရန်တင်း စင်တာမှာ ဘာတွေ လိုအပ်မလဲဆိုတဲ့ အချက်အလက်တွေကို အစိုးရက တရားဝင် ထုတ်ပြန်ထားတာ လောလောဆယ်မှာ မရှိသေးပါဘူး။ ဒါကြောင့်လည်း ကြိုတင်ပြင်ဆင်ချိန် ရရဲ့သားနဲ့ မပြင်ဆင်လိုက်နိုင်ခဲ့သူတွေ၊ ချက်ချင်း သီးခြားခွဲနေဖို့ ဖြစ်လာသူတွေအနေနဲ့ ကွာရန်တင်း စင်တာတွေမှာ အခက်အခဲတချို့နဲ့ ရင်ဆိုင်ရလေ့ ရှိပါတယ်။

 

ဇနီးဖြစ်သူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးတဲ့နောက်ပိုင်း တစ်မိသားစုလုံး ကွာရန်တင်း ဝင်ခဲ့ရတဲ့ ကိုထိပ်တင်အောင်ကတော့ သူရဲ့ အတွေ့အကြုံတွေအကြောင်း ဘီဘီစီမြန်မာပိုင်းကို ပြန်လည် ဝေမျှပေးထားပါတယ်။ ကိုထိပ်တင်အောင်ဟာ သားသမီးနှစ်ယောက်၊ ဆီးချိုဝေဒနာသည် ယောက္ခမ ဖြစ်သူတို့နဲ့အတူ ဟိုတယ်ကွာရန်တင်း ဝင်ခဲ့ပြီး ရက်ပိုင်းအကြာမှာ တစ်မိသားစုလုံး ကိုဗစ် ကူးစက်ခံခဲ့ရတယ်လို့ သိရှိခဲ့သူပါ။

 

တစ်မိသားစုတည်း ဖြစ်ပေမဲ့ ဗိုင်းရပ်စ်ပိုး အရင် ကူးစက်ခံခဲ့ရတဲ့ ဇနီးဖြစ်သူက ဖောင်ကြီး ဆေးရုံမှာ တက်ရောက် ကုသနေပြီး သူနဲ့အတူ တခြားမိသားစုဝင်တွေက လှိုင် ကိုဗစ်ကုသရေး ယာယီဆေးရုံမှာ ရောက်ရှိနေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ တစ်ကိုယ်ရည် အသုံးအဆောင်တွေကို တစ်ယောက်စီ ပြင်ဆင်ဖို့ လိုကြောင်း ကိုထိပ်တင်အောင်က အကြံပြုပါတယ်။

 

"သွားတိုက်ဆေး၊ သွားတိုက်တံ၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာ၊ မျက်နှာသုတ် ပုဝါ စတဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ သာမက ၁၄ ရက် အနည်းဆုံး ကွာရန်တင်း ဝင်ရမှာ ဖြစ်လို့ တစ်ယောက်ကို အဝတ်အစား ၈ စုံကနေ ၁၀ စုံအထိ ထည့်တယ်။ ကလေးတွေကိုလည်း သူတို့ကျောပိုးအိတ်ထဲ ထည့်ပေးတယ်။ မိသားစုထဲမှာ ဘယ်သူက positive ၊ ဘယ်သူက negative လဲ ဆိုတာ မသိသလို တစ်ယောက်ချင်း ကွဲသွားနိုင်ခြေလည်း ရှိတဲ့အတွက်ကြောင့် တစ်ဦးချင်းစီကို သီးသန့်စီ ထုပ်ပိုး ပြင်ဆင်ပါတယ်။နှာခေါင်းစည်း (mask)၊ အရက်ပျံ၊ လက်သန့်ဆေးရည်၊ စောင်၊ ခြင်ထောင်၊ စားစရာ၊ အဝတ်လျှော်ဆပ်ပြာ နဲ့ ကိုယ်သောက်နေကြ ဆေးတွေ၊ အကိုက်အခဲပျောက်ဆေးနဲ့ ချောင်းဆိုး ပျောက်ဆေးတွေကိုလည်း ယူဆောင်သွားတယ်" လို့လည်း သူက ဆိုပါတယ်။

 

ဟိုတယ် ကွာရန်တင်းမှာ သာမက သူလက်ရှိရောက်နေတဲ့ လှိုင် ကိုဗစ်ကုသရေး ယာယီဆေးရုံမှာလည်း မနက်စာ၊ နေ့လယ်စာနဲ့ ညစာ ကျွေးတယ်ဆိုပေမဲ့ တစ်ခါတစ်ရံမှာ သတ်မှတ်ထားတဲ့အချိန်အတိုင်း မဆောင်ရွက်နိုင်တာတွေရှိတယ်လို့လည်း သူက ပြောပါတယ်။ ဒါကြောင့် ကလေးတွေနဲ့ ကွာရန်တင်း ဝင်မယ့်သူတွေအနေနဲ့ အစာပြေ စားစရာ၊ မုန့်တွေကိုလည်း အလုံအလောက် ဝယ်ထားသင့်တယ်လို့ အကြံပြုပါတယ်။

 

နောက်ပြီး ကိုယ်ခံအားကောင်းဖို့နဲ့ အာဟာရ ပိုမိုပြည့်ဝဖို့အတွက် ပဲနို့၊ အိုဗာတင်း စတဲ့ ဖြည့်စွက်အစားအစာတွေကိုလည်း ယူသွားသင့်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ကတော့ ကလေးတွေ ပါတဲ့အတွက်ကြောင့်၊ မနက်ခင်းတိုင်း ရေနွေးနဲ့ ဆားငန်ရည် အာလုတ်ကျင်းဖို့အတွက်ကြောင့်ပါ လျှပ်စစ်ရေနွေးအိုး တစ်လုံးကိုလည်း သယ်သွားဖြစ်တဲ့အကြောင်း ပြောပါတယ်။

 

လက်ရှိအချိန်ထိ ကျန်းမာရေးနဲ့ ပတ်သက်လို့ သူတို့ကို မေးမြန်းကုသဆောင်ရွက်မှုတွေ မရှိသေးပေမဲ့ သူတို့ဘာသာ နေ့စဉ် ကိုယ်အပူချိန် တိုင်းလေ့ရှိတယ်လို့ ကိုထိပ်တင်အောင်က ပြောပါတယ်။ ကွာရန်တင်းစင်တာတွေမှာ စောင် ခြင်ထောင် ထားရှိထားတယ်ဆိုပေမဲ့ လူ့သဘာဝအရ ကိုယ်ခြုံနေကျ စောင်နဲ့ခြုံရင် ပိုပြီး စိတ်လုံခြုံလေ့ရှိတာကြောင့် စောင် သယ်သွားဖို့ကိုတော့ သူက အကြံပြုပါတယ်။

 

"ကိုရိုနာဗိုင်းရပ်စ်ကြီး ဖြစ်ပွားနေတဲ့အချိန်မှာ ကိုယ့်စိတ်ကို လုံခြုံအောင် ထားဖို့နဲ့ ကိုယ့်စိတ်ကို ထိန်းနိုင်ဖို့လည်း လိုတယ်။ ဒါကြောင့် ကိုယ်သုံးနေကျ အသုံးအဆောင်တွေ ကိုယ့်ဘေးနားမှာ ရှိတာဟာ ကိုယ့်အတွက် ခွန်အားဖြစ်စေတယ်။ နောက်ပြီး အဓိက အရေးကြီးဆုံးက မိသားစုဝင်တွေအားလုံး တစ်ဦးနဲ့တစ်ဦး အဆက်အသွယ် မပြတ်ဖို့ စီစဉ်ထားသင့်တယ်" လို့ ကိုထိပ်တင်အောင်က ဆိုပါတယ်။

 

ကိုဗစ်သံသယလူနာတွေကို ပရဟိတအဖွဲ့တွေ၊ ကျန်းမာရေးအဖွဲ့တွေက လာခေါ်တဲ့အခါ ဘယ်လို ပစ္စည်းတွေ၊ အသုံးအဆောင်တွေ ယူဆောင်ဖို့ လိုမလဲဆိုတာ တိတိကျကျ ပြဋ္ဌာန်းထားဖို့ လိုတယ်လို့ သူက ဆိုပါတယ်။ နောက်ပြီး နှာခေါင်းတို့ဖက်၊ ဆေးစစ်ချက် ယူပြီးသွားပြီးရင်လည်း ဆေးစစ်ချက်အဖြေကို သံသယလူနာတွေထံ အမြန်ဆုံး အကြောင်းကြားပေးသင့်တယ်လို့ ကိုထိပ်တင်အောင်က တိုက်တွန်းပါတယ်။

 

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ပြီးနောက်ပိုင်း ပြည်ပက ပြန်လာသူတွေသာမက ပိုး ကူးစက်ခံရသူတွေနဲ့ ထိတွေ့ဆက်ဆံသူတွေကို ကွာရန်တင်းစင်တာတွေမှာ ၂၁ ရက်ထားရှိခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နဲ့၊ ဗိုင်းရပ်စ်ပိုး ကာကွယ်ထိန်းချုပ်ရေး စင်တာတွေက ထုတ်ပြန်ချက်တွေ၊ နိုင်ငံတွင်း ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှု အခြေအနေပေါ် မူတည်ပြီး ကိုဗစ်အတည်ပြုလူနာတွေနဲ့ အနီးကပ် ထိတွေ့ခဲ့သူတွေကို ကွာရန်တင်း စင်တာတွေမှာ ၁၄ ရက်ထားရှိပြီး နေအိမ်မှာ အသွားအလာ ကန့်သတ်ထားရှိမှု (Home Stay) ၇ ရက် ထားသွားမှာ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

 

ဘီဘီစီ မြန်မာပိုင်း

Read times
Rate this item
(0 votes)