What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 22 September 2020 16:16

ရိုးမရိပ်သာစင်တာ လိုအပ်ချက်များ အမြန် ဖြေရှင်းမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ကတိပေး

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရိုးမရိပ်သာ Quarantine စင်တာတွင် ကြုံတွေ့နေရသော

အခက်အခဲ ပြဿနာများကို အမြန်ဖြေရှင်း ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ကတိပေးပြောဆိုကြောင်း သိရသည်။

ရေ၊ လျှပ်စစ်မီး ပြသနာ အပါအဝင် COVID-19 ရောဂါ ကူးစက်ခံရသူများကို Quarantine ဝင်နေကြရသူများနှင့် အခန်း ရောထားခဲ့မှု ပြဿနာများဖြင့် အသံထွက်နေသည့် ရိုးမရိပ်သာ စင်တာသို့ စက်တင်ဘာ ၂၁ ရက်နေ့က လာရောက်စဉ် ဝန်ကြီး ဦးဖြိုးမင်းသိန်း က ပြောဆိုခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစင်တာမှ Quarantine ဝင်နေရသူများကို အဓိကတာဝန်ယူထားရသည့် လုပ် အားပေးလူငယ်အဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ မပိုးပိုးက “ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လာတယ်။ ကျမတို့က Positive ဖြစ်တဲ့လူနာနဲ့ တခြား Quarantine ဝင်နေရသူတွေ ရောထားတော့ ကူးမလားဆိုပြီး ပြဿနာလေးတွေ တချို့ရှိတယ်။ အဲဒါကို တင်ပြလိုက် တယ်။ နောက် စင်တာက ဆောက်လက်စ တိုက်ခန်းတွေမှာ ဖွင့်လိုက်တော့ ရေနဲ့ မီးက အဆင်မပြေတာ ရှိတယ်။ ဝန်ကြီးချုပ်ကတော့ အမြန်ဆုံး လုပ်ပေးမယ်လို့ ပြောသွားတယ်။ ဘယ်လောက်မြန်မလဲတော့ မပြောဘူး”ဟု ပြောသည်။

၎င်းက “နောက်တခုက ဝန်ကြီးချုပ်ကို တင်ပြလိုက်တဲ့အချက်ထဲမှာ Positive ဖြစ်လာတဲ့ လူနာတွေကို ဘယ်လို ကျန်းမာရေး စောင့်ရှောက်မှု ပေးမှာလဲဆိုတဲ့အချက်ပဲ။ ဘာဖြစ် လို့လဲဆိုတော့ Quarantine ဝင်နေကြရသူ ၅ဝဝ လောက်မှာ ၃ဝဝ လောက်က Positive ထွက်လာတဲ့ အနေအထားရှိနေတယ်။ အဲဒါကိုလည်း သူ (ဝန်ကြီးချုပ်) ကတော့ အမြန်ဖြေ ရှင်းပေးမယ်လို့ ပြောသွားတာပဲ” ဟု ဆက်လက် ရှင်းပြသည် ။

ရိုးမရိပ်သာတွင် Quarantine ဝင်နေရသည့် တာမွေမြို့နယ်မှ ကိုကျော်မျိုးထွန်းက “ပေ ၂ဝ ပတ်လည်ကျော်လောက်ရှိတဲ့ အခန်းမှာ လူ ၅ ယောက်ကို အတူတူ ထားတယ်။ တယောက်ကို ၆ ပေအကွာ နေရမယ်ဆိုတဲ့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ ကြည့်လိုက်ရင် ဘယ်လိုမှ အဆင်မပြေဘူး။ အဲ့ဒီအတွက် သောင်းကျန်းတဲ့လူတချို့ အသံကို ကျနော်တို့ အခန်းထဲကတောင် ကြားရတယ်” ဟု ဆိုသည်။

၎င်းက “ကျနော်တို့က အပြင်မထွက်ရပါဘူး။ ပြတင်းပေါက်က ကြည့်လိုက်ရင် တော်ကြာနေ လုပ်အားပေး လူငယ်တွေ လူတစုစုနဲ့ ပြေးထွက်သွားရပြန်ပြီ။ ဟိုအခန်းက သောင်းကျန်းလို့ ဆိုပြီးတော့။ အဓိက ပြောချင်တာက လုပ်အားပေး လူငယ်တွေက ဒိုင်ခံရှင်းနေရတယ်။ ဒီနေရာကို Quarantine ထားမယ်ဆို စီမံခန့်ခွဲတဲ့သူတွေ ကိုယ်တိုင် က ဒါကို မစဉ်းစားခဲ့တာ။ သူတို့ညံ့တာ။ တချို့ Quarantine ဝင်နေကြရသူတွေက အပြင်မှာမကူးခဲ့ဘဲ ဒီရောက်မှ ကူးမယ်လို့ကို ယူဆလာကြတယ်” ဟု ဆက်ဆိုသည်။

ထိုဖြစ်ရပ်များသည် တိုးမြင့်လာသည့် ကူးစက်နှုန်းများနှင့်အတူ Quarantine ဝင်နေကြရမည်သူများအပေါ် ကြောက်ရွံ့မှု ဖြစ်စေနိုင်သလို ကူးစက်မှုနှုန်းလည်း ပိုမိုဖြစ်လာနိုင်ခြေကို အစိုးရပိုင်းမှ တာဝန်ရှိသူများ ထည့်သွင်းစဉ်းစားကာ ဖြေရှင်းရန် လိုအပ်နေပြီဟု ကိုကျော်မျိုးထွန်းက သုံးသပ်သည်။

လက်ရှိအချိန်တွင် Quarantine စင်တာများတွင် နေရာထိုင်ခင်း ပြဿနာများ တွေ့ကြုံ လာသည့်အတွက်ကြောင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အနေဖြင့် Quarantine ဝင်ရမည့် သူများကို မည်ကဲ့သို့ စီမံခန့်ခွဲမည်ကို စဉ်းစားရန် လိုအပ်လာပြီဖြစ်သည်ဟုလည်း ဆိုသည်။

အချို့ Positive လူနာများနှင့် ထိတွေ့ခဲ့သော်လည်း စင်တာသို့ပို့မည်လား၊ နေအိမ်မှာပင် အသွားအလာ ကန့်သတ်ထားမည်လား ဆိုသည့် အချက်ကို စဉ်းစားပြီး ပြောင်းလဲကျင့် သုံးရန်လိုပါက ကျင့်သုံးရန် လိုအပ်လာပြီဟု Quarantine စင်တာများတွင် လုပ်အားပေး နေသည့် လူငယ်များအစုအဖွဲ့ဖြစ်သော မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီ အတွင်း ရေးမှူး ကိုဒီငြိမ်းလင်းက ပြောသည်။

ကိုဒီငြိမ်းလင်းက “အစိုးရအနေနဲ့ လုပ်သင့်တာက တချို့ COVID လူနာတွေနဲ့ ထိတွေ့ ခဲ့သူတွေကို ဘယ်လိုပုံစံထားမှာလဲ။ အိမ်မှာပဲ ဆက်ထားမှာလား။ တချို့ပြောတာက ဒီစင်တာလာနေမှ ကူးမလား ပြောနေကြတာ။ ဒါကို အစိုးရနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြန်သုံးသပ်ဖို့လိုတယ်။ အဲဒီလို စင်တာမှာနေတဲ့သူတွေအနေနဲ့လည်း အိမ်မှာ နေသလို တော့ မဟုတ်ဘူးဆိုတာ သဘောပေါက်ဖို့တော့ လိုတယ်။ တချို့ မချောမွေ့မှုတွေကို နားလည်ပေးဖို့လိုတယ်” ဟု ဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး အဆိုပါ Quarantine စင်တာသို့ ဝန်ကြီးချုပ်နှင့်အတူ ပါဝင်ခဲ့သည့် ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် ရန်ကုန်တိုင်းလွှတ်တော် လူမှုရေးကော်မတီမှ အတွင်းရေးမှူးဖြစ်သူ တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီတို့ထံ ဖုန်းဆက်သွယ်သော်လည်း လက်ခံဖြေကြားခဲ့ခြင်း မရှိပေ။

ရန်ကုန်မြို့အပါအဝင် တနိုင်ငံလုံးတွင် Quarantine စင်တာပေါင်း ၃ဝ၄ ခုရှိနေပြီး စင်တာတခုတိုင်းတွင် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျှက်ရှိသည်။

 

Burmese Irrawaddy

Read times
Rate this item
(0 votes)