What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 20 September 2020 10:26

ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ လူနာ လေးထောင်ကျော်ကို ထားရှိကုသပေးနိုင်မည့် နေရာများ အမြန်ဆုံးစီစဉ်လျက်ရှိ

ကူးစက်မှုနှုန်း ပြန်လည်မြင့်မားလာသည့် တကျော့ပြန် ကိုဗစ်-၁၉ လူနာများကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ လူနာ လေးထောင်ကျော်ကို ထားရှိကုသပေးနိုင်မည့် နေရာများ အမြန်ဆုံးစီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးထံမှ သိရသည်။

 

ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးက “လက်ရှိ ရန်ကုန်မှာဖြစ်နေတဲ့ အနေအထားအရ ကိုဗစ်-၁၉ လူနာသစ် တစ်ရက်ကို ၃၀၀ နဲ့ ၄၀၀ စာလောက်အထိ မှန်းတယ်။ ဒီအတွက် ကျွန်တော်တို့ ပြင်ဆင်နေတယ်။ တစ်နေ့ကို ကိုဗစ်-၁၉ လူနာ ၃၀၀ နှုန်းနဲ့ တွက်ကြည့်မယ်ဆိုရင် လူတစ်ယောက်သည် ဆေးရုံကို နှစ်ပတ်(၁၄ ရက်) တက်ရောက်ကုသဖို့လိုမယ်။ နှစ်ပတ်ပြည့်ရင်တော့ အဲ့ဒီရောဂါက အခြားသူကို မကူးနိုင်တော့ဘူး။

 

သူ့မှာ အဲ့ဒီ လက္ခဏာမရှိတော့ဘူး။ ဒါကြောင့် ဆေးရုံကို နှစ်ပတ် တက်ရောက်နိုင်ဖို့ဆိုရင် တစ်ရက် ၃၀၀ နှုန်းနဲ့ တစ်ပတ်ကို လူနာ ၂၁၀၀ ရှိမယ်။ နှစ်ပတ်ဆိုရင် ၄၂၀၀ ရှိလာမယ်။ ဒါကြောင့် ရန်ကုန်မှာ လူ ၄၂၀၀ စာအတွက် ဆေးရုံလိုအပ်တယ်” ဟု ပြောသည်။

 

လက်ရှိအနေအထားအရ ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) တွင် ကိုဗစ်-၁၉ လူနာ ၁၁၄၀၊ ဝေဘာဂီအထူးကုဆေးရုံတွင် ၇၀၊ တောင်ဥက္ကလာပအထူးဆေးရုံတွင် ၇၀၊ ဒဂုံဆိပ်ကမ်းမြို့နယ် ရိုးမ ယာယီဆေးရုံတွင် ၆၀၀၊ လှိုင်တက္ကသိုလ်တွင် ၅၀၀ စုစုပေါင်း ၂၃၈၀ ထားရှိနိုင်ပြီဖြစ်ကာ သုဝဏ္ဏဘောလုံး အကယ်ဒမီကျောင်းတွင် လူနာ ၄၀၀ ကျော်ဆံ့ ယာယီဆေးရုံ တည်ဆောက်နေပြီး ယခုရက်ပိုင်းအတွင်း ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

 

ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက “လက်ရှိအနေအထားအရ ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားတာက အခုဆို ဖောင်ကြီး၊ ဝေဘာဂီ၊ တောင်ဥက္ကလာ၊ ရိုးမ၊ လှိုင် တို့မှာ ကိုဗစ်-၁၉ လူနာ ၂၃၈၀ ထားရှိနိုင်တဲ့ အနေအထားဖြစ်သွားပါပြီ။ ကျွန်တော်တို့ နောက်ထပ်လူနာတွေ ထားနိုင်ဖို့လိုသေးတယ်။ အခုဆိုရင် ဧရာဝတီဖောင်ဒေးရှင်းက သုဝဏ္ဏမြက်ခင်းတုအားကစားကွင်းမှာ ခုတင် ၄၀၀ ဆံ့ ယာယီဆေးရုံ ဆောင်ရွက်နေတယ်။ နောက်ထပ် ဒဂုံဆိပ်ကမ်း (ရိုးမ) ကိုဗစ်-၁၉ ကုသရေးစင်တာမှာ လူနာ ၁၅၀၀ အထိ၊ (လှိုင်) ကိုဗစ်-၁၉ ကုသရေးစင်တာမှာ လူနာ ၁၀၀၀ အထိထားနိုင်ဖို့အတွက် စီစဉ်နေပါတယ်။ ဒါမှသာ ကျွန်တော်ပြောတဲ့ တစ်နေ့ ၃၀၀ ဝင်၊ ၃၀၀ ထွက် ပုံစံမျိုးရပြီး လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ လိုအပ်ရင် ဒီမှာ(သုဝဏ္ဏ) ကျန်တဲ့ကွင်းတွေ ရှိသေးတယ်။ ထပ်တိုးလို့ရတယ်” ဟုပြောသည်။

 

ဆက်လက်၍ ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက “ဒါဟာ ထိန်းချုပ်ရေး မဟာဗျူဟာကို သုံးတာပါ။ ကျွန်တော်တို့က အခုလို ကိုဗစ်လူနာတွေကို အခြားတိုင်းပြည်တွေမှာလို ဆေးရုံမှာ မထားဘဲနဲ့ အိမ်ပြန်လွှတ်မယ်၊ အိမ်မှာထားပြီး ကုမယ်ဆိုရင် သူတို့အိမ်တွေရဲ့ အနေအထားအရ တစ်ယောက်ကို တစ်ယောက်ကူးမှာ သေချာပါတယ်။

 

ပတ်ဝန်းကျင်ကို ကူးမှာသေချာပါတယ်။ အထူးသဖြင့် ချမ်းသာတဲ့အိမ်တွေမှာ တစ်ယောက်တစ်ခန်း နေနိုင်ပေမယ့် ကျွန်တော်တို့နိုင်ငံမှာ လူတိုင်းမနေနိုင်ပါဘူး။ နောက် ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားနဲ့ ပုံစံကိုက မိသားစုတွေ စုပြီးနေထိုင်ကြတာ ဖြစ်ပါတယ်။ အဲ့ဒီတော့ အသက်ကြီးတဲ့သူတွေကို ဒီရောဂါကူးသွားမှာ ဖြစ်ပါတယ်။ ကူးသွားရင် ဒီရောဂါဟာ လူငယ်တွေကို ဒုက္ခမပေးနိုင်ပေမယ့် လူကြီးတွေကို သေချာပေါက် ဒုက္ခပေးမှာဖြစ်ပါတယ်” ဟု ပြောသည်။

 

Myanmar Digital News 

Read times
Rate this item
(0 votes)