What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 03 October 2020 09:09

ဆေးရုံကြီး ၄ ခုမှ လက်တွေ့မြေပြင် ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်ထောင်စုဝန်ကြီး တွေ့ဆုံဆွေးနွေး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည်  Videoconferencing စနစ်ဖြင့်

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီး၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးနှင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးတို့မှ COVID-19 လူနာများအတွက် ကုသရေးလုပ်ငန်းများအား လက်တွေ့မြေပြင်တွင် ဆောင်ရွက်နေသည့် ကထိက (ဆေးပညာ)/ အထူးကုဆရာဝန်များ၊ အထူးကုလက်ထောက်ဆရာဝန်၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာမကြီးများ၊ အထက်တန်းသူနာပြုများ၊ သူနာပြုများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက -
• ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းမှာ လက်တွေ့မြေပြင်တွင် COVID-19 ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဆရာဝန်များ၊ သူနာပြုဆရာမကြီးများနှင့်သူနာပြုများထံမှ လိုအပ်ချက်များ၊ ဗဟိုမှပံ့ပိုးဆောင်ရွက်ပေး ရမည့်ကိစ္စရပ်များနှင့် အကြံပြုချက်များကို တိုက်ရိုက်သိရှိလို၍ ဖြစ်ပါကြောင်း၊
• တက်ရောက်လာကြသော ဆရာဝန်များနှင့် သူနာပြုများအနေဖြင့် ပွင့်လင်းစွာ ပြောကြားကြစေ လိုပါကြောင်း၊
• ယခု COVID-19 ကပ်ရောဂါဖြစ်ပွားမှုသည် ဝန်ကြီးဌာန၏ သမိုင်းတစ်လျှောက်လုံးတွင် အကြီးမားဆုံး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးစိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ရုတ်တရက်များပြားလာသော လူနာများကို ကိုင်တွယ်ကုသမှု ပေးရာတွင် လိုအပ်ချက်များ ရှိနိုင်မည်ဖြစ်ပါကြောင်း၊
• ထိုသို့လိုအပ်ချက်များ၊ အားနည်းချက်များကို အသင်းအဖွဲ့စိတ်ဓာတ်ကောင်းများဖြင့် အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊
• ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘက်စုံလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးနိုင်ရန်အတွက် ""ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့" ကို စက်တင်ဘာလ (၁၁) ရက်တွင် ဖွဲ့စည်းကာ ဆေးရုံများ၏ လိုအပ်ချက်များကို လည်းကောင်း၊
အသွားအလာကန့်သတ်နေရာများ စီမံခန့်ခွဲမှု ပိုမိုပီပြင် အဆင်ပြေစေရန် လည်းကောင်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊
• ယခုကဲ့သို့ ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်ရာတွင် အဘက်ဘက်မှ အမြင်များ၊ အထူးသဖြင့် လက်တွေ့မြေပြင်တွင် ဆေးရုံများ၌ ကုသမှုဝန်ဆောင်မှုကို ပေးနေသူများထံမှ အကြံပြုချက်များသည် အထူးအရေးကြီးပြီး ဝန်ကြီးဌာနအနေဖြင့် ၎င်းအချက်များကို စဉ်းစားသုံးသပ်ပြီး ဆုံးဖြတ်ချက်ချမှသာလျှင် မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်နိုင်မည်ဖြစ်ပါကြောင်း၊
• ယနေ့တွေ့ဆုံရာတွင် ဆရာဝန်များ၊ သူနာပြုများထံမှ အကြံပြုချက်များကို အသေအချာမှတ်သားထားရှိကာ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ ဆရာဝန်ကြီးများနှင့် တိုင်ပင်ကာ အမြန်ဆုံး ပံ့ပိုးဆောင်ရွက်မည်ဖြစ်ပါကြောင်း၊
• ဆေးရုံအုပ်ကြီးများအနေဖြင့်လည်း ဆရာဝန်များ၊ သူနာပြုများ၊ ကုသရေးဆိုင်ရာပညာရှင်များ၊ ဝန်ထမ်းများ အားလုံး၏ အသံများကို အမြဲတမ်းနားထောင်ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်မှာ အထူးအရေးကြီးပါကြောင်း၊
• မိမိတို့ အတိုင်းအတာဖြင့် မဆောင်ရွက်နိုင်ပါက ဗဟိုသို့ ချက်ချင်းအကြောင်းကြားပါက ဗဟိုမှ အချိန်နှင့် တစ်ပြေးညီ ပြန်လည် တုံ့ပြန်ကူညီပေးမည်ဖြစ်ပါကြောင်း၊
• နိုင်ငံတော်အစိုးရမှ ဘဏ္ဍာငွေများကို ဝန်ကြီးဌာနမှ တောင်းခံသည့်အတိုင်း လုံလောက်စွာ ခွင့်ပြုပေးလျက်ရှိကြောင်းကိုလည်း ဆေးရုံအုပ်ကြီးများကို ပြောကြားထားပြီးဖြစ်သည့်အတွက် ဆေးရုံအုပ်ကြီးများမှ လိုအပ်ချက်များကို ဗဟိုသို့ အချိန်မရွေး လျင်မြန်စွာအသိပေးစေလိုပါကြောင်း၊
• ယခုကဲ့သို့ လက်တွေ့မြေပြင်တွင် လုပ်ငန်းဆောင်ရွက်နေသူများထံမှ လိုအပ်ချက်များ၊ အကြံပြုချက်များ ကို မိမိအပါအဝင် ဝန်ကြီးဌာန အကြီးအကဲ (၅) ဦးထံသို့တစ်ပြိုင်နက်တည်း အချိန်မရွေးပေးပို့နိုင်ရန်အတွက် အစီအစဉ်တစ်ရပ်အမြန်ဆုံး ပြုလုပ်သွားမည်ဖြစ်ပြီး တင်ပြချက်နှင့် အကြံပြုချက်များကို အမြန်ဆုံး တုံ့ပြန်ခြင်းနှင့် ပံ့ပိုးခြင်းတို့ကို ပြုလုပ်မည်ဖြစ်ပါကြောင်း၊
• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရာတွင် ဆေးရုံများ၌ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှု မရှိစေရန်အတွက် ဗဟိုမှ တာဝန်ရှိသူများအနေဖြင့် အထူးကိစ္စရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊
• ဝန်ကြီးဌာနအနေဖြင့် "ဆေးနှင့်ဆေးပစ္စည်းစီမံခန့်ခွဲမှု သတင်းအချက်အလက် စာမျက်နှာ (dashboard)" ကို ပြုလုပ်ထားရှိပြီး အဆိုပါ dashboard မှ ဆေးရုံအသီးသီးရှိ ဆေးစာရင်း လက်ကျန်များကို အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုကာ ကြိုတင်တွက်ဆဝယ်ယူထားပြီး ဆေးရုံများသို့ပေးပို့လျက် ရှိပါကြောင်း၊
• ဆေးရုံအုပ်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့၏ ဆေးစတိုအတွင်းမှ ဆေးနှင့်ဆေးပစ္စည်းများကို သက်ဆိုင်ရာ လူနာဆောင်များသို့ လုံလောက်စွာပေးပို့ရမည်ဖြစ်ပြီး ဆေးစာရင်းလက်ကျန်များကို dashboard တွင် အချိန်နှင့် တစ်ပြေးညီ ဖြည့်သွင်းမှသာလျှင် ဗဟိုမှ သိရှိ၍ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း၊
• ဆေးရုံအလိုက် "ဆေးရုံတွင်းနှင့် လူနာဆောင်များအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရေး အဖွဲ့" ကို ဖွဲ့စည်းစေမည်ဖြစ်ပြီး သက်ဆိုင်ရာလူနာဆောင်မှ ကိုယ်စားလှယ် (၁) ဦးက လူနာဆောင်တွင် တွေ့ကြုံရသော အခက်အခဲနှင့် လိုအပ်ချက်ကို အဆိုပါအဖွဲ့ထံ တိုက်ရိုက်ပြောကြားရမည် ဖြစ်ပါကြောင်း၊
အဆိုပါအဖွဲ့နေဖြင့် လိုအပ်ချက်များကို ချက်ချင်းဆုံးဖြတ်ဖြည့်ဆည်းပေးသွားရန်ဖြစ်ပြီး ဆေးရုံအနေဖြင့် လုပ်ဆောင်နိုင်စွမ်းမရှိသည်များကို အထက်အဆင့်သို့ အချိန်နှင့်တစ်ပြေးညီ တင်ပြတောင်းခံရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် COVID-19 လူနာများအတွက် ကုသရေးလုပ်ငန်းများဆောင်ရွက်နေကြသည့် အထူးကုဆရာဝန်၊ ဆရာဝန်နှင့် သူနာပြုများက ပြောကြားရာတွင် -

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ကထိက (ဆေးပညာ)/ အထူးကုဆရာဝန် ဒေါက်တာစန္ဒာပြုံး၊ လက်ထောက်ဆရာဝန်ဒေါက်တာမြတ်မင်းမောင်၊ အထက်တန်းသူနာပြု ဒေါ်သီသီလွင်နှင့် သူနာပြု ဒေါ်လဲ့လဲ့ကေခိုင်တို့က -
• ဆေးရုံကြီးသည် နိုင်ငံတစ်ဝန်းလုံးမှ အားကိုးအားထားပြု လာရောက်ကုသမှုခံယူနေသော ဆေးရုံဖြစ်သဖြင့် ပုံမှန်အချိန်တွင်ပင် လူနာများပြားမှု၊
• ပြင်ပလူနာဌာန၊ High Dependency Unit နှင့် Intensive Care Unit (အထူးကြပ်မတ်ကုသဆောင်) တို့တွင် လူနာဝင်ဆံ့မှုအခြေအနေ၊
• လက်ရှိတွင် COVID-19 သံသယလက္ခဏာရှိသည့်လူနာများ များပြားစွာ လာရောက်ပြသလျက်ရှိသဖြင့် ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများ လုပ်ငန်းဝန်များ ပိနေမှု၊
• လူနာမှတ်တမ်းများ စာရွက်စာတမ်းများ ဖြည့်စွက်ရန်အတွက် အချိန်များပေးနေရမှု၊
• ဆရာဝန်၊ သူနာပြု အင်အား လိုအပ်မှု၊
• ဆရာဝန်၊ သူနာပြုများ တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးဝတ်စုံ (PPE) များ အချိန်ကြာမြင့်စွာ ဝတ်ဆင်ပြီးလုပ်ကိုင်နေရသည့် အတွက် ပင်ပန်းနွမ်းနယ်နေမှုနှင့် ရေချိုးခန်းများ ထပ်မံလိုအပ်မှု၊
• အောက်ဆီဂျင်ပိုက်လိုင်းများ လိုအပ်မှု၊ ယခုလူနာဆောင်များ၌ တပ်ဆင်နေမှုများ အမြန်ဆုံးပြီးစီးပါက ကောင်းမွန်မည်ဖြစ်ကြောင်း အကြံပြုမှု၊
• COVID-19 လူနာများအား ရောဂါလက္ခဏာ ရှိသူနှင့် မရှိသူများအား သီးခြား လူနာဆောင်ခွဲထားရန် အကြံပြုမှု၊
• လူနာများအား လွှဲပြောင်းကုသမှုပေးရန်အတွက် သယ်ယူပို့ဆောင်ရေးအတွက် ချိတ်ဆက်ဆောင် ရွက်ရန်အတွက် သီးခြားအဖွဲ့များ ဖွဲ့စည်းတာဝန်ယူဆောင်ရွက်စေရန် အကြံပြုမှု တို့အား လည်းကောင်း၊

မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှ ကထိက (ဆေးပညာ)/ အထူးကုဆရာဝန် ဒေါက်တာသန်းသီရိထွေး၊ လက်ထောက်ဆရာဝန် ဒေါက်တာနေခြည်ဝင်း၊ သူနာပြုဆရာမကြီး ဒေါ်လွင်လွင်ငြိမ်းနှင့် သူနာပြု ဒေါ်စုလှိုင်တင်တို့က -
• ဆေးရုံကြီးတွင် COVID-19 သံသယလူနာများ လာရောက်ပြသကုသမှုခံယူနေပြီး ထိခိုက်ဒဏ်ရာရလူနာများ၊ အခြားရောဂါအမျိုးမျိုးနှင့်လူနာဦးရေမှာလည်း ယခင်ကထက် မလျော့ကျဘဲ ပြသကုသမှုခံယူနေမှု၊
• COVID-19 သံသယလူနာများတွင် ရောဂါလက္ခဏာ ပြင်းထန်သူများ ယခင်ကထက် သိသာစွာ ပိုမိုများပြားလာမှု၊
• လူနာပြသရန် စောင့်ဆိုင်းနေရာများ တိုးချဲ့ရန် ထပ်မံလိုအပ်မှု၊
• ဆရာဝန်၊ သူနာပြု အင်အားနှင့် အသက်ရှူစက်ထပ်မံလိုအပ်မှု၊
• COVID-19 လူနာများအား ကိုင်တွယ်ကုသမှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ နေထိုင်ရန်အတွက် အဆောင်၊ နေရာ ထပ်မံလိုအပ်မှု၊
• ဆရာဝန်နှင့် သူနာပြုများကို ကူညီရန် အထွေထွေလုပ်သားများ လိုအပ်မှု၊
• ပြင်းထန်လူနာများ အထူးသဖြင့် လူနာစောင့်မရှိသူများအတွက် အစားအသောက်၊ သန့်ရှင်းရေး ဆိုင်ရာများ ပြုစုပေးနိုင်ရေးအတွက် လိုအပ်မှု၊
• လူနာများအား ကုသမှုပေးရန် အောက်ဆီဂျင်ပိုက်လိုင်းများ တပ်ဆင်ပါက ပိုမိုကောင်းမွန်မည် ဖြစ်ကြောင်း အကြံပြုခြင်း၊
• လူနာများအား အထူးကြပ်မတ်ကုသဆောင်များသို့ ပို့ဆောင်ရာတွင် အဆောင်များမှ လက်ခံနိုင်သည့်အ နေအထားကို ညှိနှိုင်းပေးရန် လူနာဆောင်နေရာချထားရေးတာဝန်ခံထားရှိရန် အကြံပြုခြင်း၊
• ပြင်းထန်လူနာများအား လူနာစောင့်များက အစားအသောက်နှင့် သန့်ရှင်းရေး ဆိုင်ရာကိစ္စရပ်များ လုပ်ဆောင်ရန်အတွက် ရောဂါကာကွယ်ရေးအသုံးအဆောင်များ ဝတ်ဆင်ဆောင်ရွက်စေရန် အကြံပြုမှု၊
• လူနာတင်ယာဉ်များကို မောင်းနှင်ရာတွင် ဝန်ကြီးဌာနမှ ယာဉ်မောင်းဝန်ထမ်းများကို အသုံးပြုပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း အကြံပြုမှု၊
• ဆေးရုံကြီးတွင် COVID-19 များကို စနစ်တကျလက်ခံကုသမှုပေးရန်အတွက် သီးခြားလူနာဆောင်များ၊ အထူးကြပ်မတ်ကုသဆောင်များအတွက် ထားရှိမည့် အနေအထား အကြံပြုမှုတို့ကိုလည်းကောင်း၊

သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးမှ ကထိက (ဆေးပညာ)/ အထူးကုဆရာဝန် ဒေါက်တာသင်ဇာချိုဦး၊ လက်ထောက်ဆရာဝန် ဒေါက်တာဇင်ထက်နိုင်၊ သူနာပြုဆရာမကြီး ဒေါ်ခင်စန်းဝင်းနှင့် သူနာပြု ဒေါ်လင်းလင်းဖြူတို့က -
• COVID-19 သံသယလူနာများတွင် ရောဂါလက္ခဏာ ပြင်းထန်သူများ၊ အခံရောဂါ၊ နာတာရှည် ရောဂါရှိသူများ များပြားလာမှု၊
• COVID-19 သံသယလူနာများအား လူနာရှင်များက ဆေးရုံသို့လာရောက်ပို့ဆောင်ပြီးနောက် ဆက်သွယ်၍ မရတော့သည့် ဖြစ်စဉ်များ၊
• အထွေထွေလုပ်သားများလိုအပ်နေမှု၊
• N95 Mask များ ပိုမိုပေးအပ်ပါက ကောင်းမွန်မည်ဖြစ်ကြောင်း အကြံပြုမှု၊
• လူထုအတွင်း COVID-19 ကာကွယ်ရေးစည်းကမ်းလိုက်နာမှု မရှိသည့်ဖြစ်စဉ်များ၊ ဈေးများတွင် လူအများ ပါးစပ်နှင့် နှာခေါင်းစည်းစနစ်တကျတပ်ဆင်ခြင်းမရှိဘဲ သွားလာနေမှုများကို လည်းကောင်း၊

အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် (ဆေးပညာ) ဒေါက်တာမင်းသန့်ကျော်၊ လက်ထောက်ဆရာဝန် ဒေါက်တာသူရိန်မင်းဇော်၊ အထက်တန်းသူနာပြု နော်ဟေဆာဖေါနှင့် သူနာပြု ဒေါ်ချမ်းချမ်းမွန်တို့က -
• အခြားဆေးရုံကြီးများနည်းတူ လူနာများ များပြားနေမှုနှင့် လိုအပ်ချက်များ၊
• COVID-19 လူနာများအား ကုသနေသည့် ကျန်းမာရေးဝန်ထမ်းများ နေထိုင်ရန် အဆောင်၊ နေရာ ထပ်မံလိုအပ်မှု၊
• အထွေထွေလုပ်သား အင်အားလိုအပ်မှု၊
• အောက်ဆီဂျင်ပိုက်လိုင်းများ တိုးချဲ့တပ်ဆင်ရန် အကြံပြုချက် တို့ကိုလည်းကောင်း အသီးသီး တင်ပြခဲ့ကြပါသည်။

ထိုသို့တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက -
• ရောဂါကူးစက်ခံရနိုင်ချေများရှိနေသော်လည်း ယခုကဲ့သို့ ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အစွမ်းကုန်ဆောင်ရွက်နေသည့်အတွက် အထူးအသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း၊
• ယခုကဲ့သို့ ပွင့်လင်းစွာ ပြောကြားမှုများနှင့် အကြံပြုချက်များကို ဝန်ကြီးဌာနအထူးကိစ္စရပ်အနေဖြင့် စဉ်းစားပြီး အမြန်ဆုံးနှင့် အတတ်နိုင်ဆုံးဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊
• ဝန်ကြီးဌာန၏ e-Health Unit မှ COVID-19 ဆိုင်ရာ အသွားအလာကန့်သတ်မှု၊ ဓာတ်ခွဲစစ်ဆေးမှု၊ လူနာကုသမှု စသည်တို့ ပါဝင်ပြီး ကွန်ပျူတာ (သို့မဟုတ်) android စနစ်သုံး မိုဘိုင်းဖုန်းများအသုံးပြု ဖြည့်စွက်နိုင်သည့် စာရင်းပုံစံကို ပြုစုထားရှိပြီး အပြီးသတ်ရေးဆွဲရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးဆောင်ရွက်လျက်ရှိပါကြောင်း၊
• ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့သည် ဆေးရုံများ၊ ယာယီဆေးရုံများ၊ အသွားအလာကန့်သတ်ရာနေရာများသို့ကွင်းဆင်းခြင်း၊ ယာယီဆေးရုံသစ်များ တည်ဆောက်မှုကို ကြီးကြပ်ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် Videoconferencing စနစ်ဖြင့် တွေ့ဆုံ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခြင်းတို့ လုပ်ဆောင်လျက် ရှိပါကြောင်း၊
• ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်ပိုက်လိုင်းများ တိုးချဲ့တပ်ဆင်လျက်ရှိပြီး ကျန်ဆေးရုံကြီး (၃) ခုတွင်လည်း တိုးချဲ့တပ်ဆင်ရန်အတွက် ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊
• ဆရာဝန်များနှင့် သူနာပြုများအတွက် ရေချိုးခန်းများကို အသင့်တပ်ဆင်ပြီးရေချိုးခန်းများ ထားရှိပေးသွား မည်ဖြစ်ပါကြောင်း၊
• COVID-19 လူနာများအားကုသမှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ နေအိမ်သို့မပြန်လိုပါက နေထိုင်ရန် အဆောင်များနှင့် ဟိုတယ်များ ထားရှိရန်စီစဉ်ပေးမည်ဖြစ်ပါကြောင်း၊
• ဝန်ကြီးဌာနမှ အသစ်ခန့်အပ်တာဝန်ပေးအပ်ထားသည့် သူနာပြုသစ်လွင်များအား တာဝန်ကျရာ နေရာဒေသများသို့ မသွားရောက်စေသေးဘဲ ရန်ကုန်တိုင်းဒေသကြီးတွင် ယာယီတွဲဖက်တာဝန်ချ ထားပေးမည် ဖြစ်ပါကြောင်း၊
• လိုအပ်နေသော အထွေထွေလုပ်သားများအား ဆေးရုံအုပ်ကြီးများက ချက်ချင်း တာဝန်ယူခန့်အပ်နိုင်ပါကြောင်း၊
• လူနာများအား လွှဲပြောင်းကုသမှုပေးရန်အတွက် သယ်ယူပို့ဆောင်ရေးအတွက် ချိတ်ဆက်ဆောင် ရွက်ရန်အတွက် သီးခြားအဖွဲ့များ ဖွဲ့စည်းရန်၊ လူနာများအား အထူးကြပ်မတ်ကုသဆောင်များသို့ ပို့ဆောင်ရာတွင် အဆောင်များမှ လက်ခံနိုင်သည့်အနေအထားကို ညှိနှိုင်းပေးရန် လူနာဆောင်နေရာချ ထားရေးတာဝန်ခံထားရှိရန်၊ ပြင်းထန်လူနာများအား လူနာစောင့်များက အစားအသောက်နှင့် သန့်ရှင်းရေး ဆိုင်ရာကိစ္စရပ်များ လုပ်ဆောင်ရန်အတွက် ရောဂါကာကွယ်ရေးအသုံးအဆောင်များ ဝတ်ဆင်ဆောင်ရွက်စေရန်နှင့် ဆေးရုံကြီးတွင် COVID-19 များကို စနစ်တကျလက်ခံကုသမှု ပေးရန်အတွက် သီးခြားလူနာဆောင်များ၊ အထူးကြပ်မတ်ကုသဆောင်များအတွက် ထားရှိမည့် အနေအထား အကြံပြုမှုများကို ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများနှင့်တိုင်ပင်ကာ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊
• အဆိုပါ အချက်များအား လက်တွေ့အခြေအနေနှင့်ကိုက်ညီစွာ ဖြည့်ဆည်းဆောင်ရွက်ပေးရေး ညှိနှိုင်းဆောင်ရွက်ရန်နှင့် ထပ်မံလိုအပ်မှုများရှိက တောင်းဆိုနိုင်ရန်အတွက် မိမိအနေဖြင့် ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဆေးတက္ကသိုလ် (၁)၊ ပါမောက္ခချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) တို့အား ဆေးရုံကြီး (၄) ရုံသို့ ယနေ့ သွားရောက်ကာ သက်ဆိုင်ရာ ဆေးရုံအုပ်ကြီးများ၊ လူနာဆောင်တာဝန်ခံများ၊ ဆရာဝန်များ၊ သူနာပြုများနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်စေမည်ဖြစ်ပါကြောင်း၊ ၎င်းအဖွဲ့အနေဖြင့် ချက်ချင်းဖြည့်ဆည်းပေးနိုင်သည်များကို ချက်ချင်းဖြည့်ဆည်း ဆောင်ရွက်ပေးရန် ညွှန်ကြားမည်ဖြစ်ပါကြောင်း၊
• လူနာတင်ယာဉ်များကို မောင်းနှင်ရာတွင် ဝန်ကြီးဌာနမှ ယာဉ်မောင်းဝန်ထမ်းများကို အသုံးပြုနိုင်ရန် အတွက် နေပြည်တော်မှ ယာဉ်မောင်းများ စေလွှတ်ပေးမည်ဖြစ်ပါကြောင်း၊
• N95 Mask များလည်း ဆေးရုံကြီးများသို့ ပေးပို့ထားပြီးဖြစ်ပါကြောင်း၊ မိမိတို့ကျန်းမာရေးဝန်ထမ်းများ ရောဂါကူးစက်ခံရမှု မရှိစေရေးအတွက် ယခုထပ်မံ၍ ရောက်ရှိလာသည့် N95 Mask ခုရေ (၂၀၀,၀၀၀) လည်း COVID-19 လူနာများပြားနေသော ဆေးရုံများသို့ ချက်ချင်း ထပ်မံပေးပို့မည်ဖြစ်ပါကြောင်း၊
• ဆေးရုံပိုင်းဆိုင်ရာ ကိစ္စရပ်များကို တာဝန်ရှိသူများနှင့် အသေးစိတ်ထပ်မံဆွေးနွေးရန်အတွက် ယနေ့ ညနေတွင် အမြဲတမ်းအတွင်းဝန်က ဦးဆောင်သော အစည်းအဝေးတစ်ခုပြုလုပ်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ)၊ ညွှန်ကြားရေးမှူး (အထွေထွေစီမံ)၊ ညွှန်ကြားရေးမှူး (ကုသရေး)၊ ညွှန်ကြားရေးမှူး (ဝယ်ယူဖြန့်ဖြူးရေး)၊ ညွှန်ကြားရေးမှူး (ပြည်ထောင်စုဝန်ကြီးရုံး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

Read times Last modified on Saturday, 03 October 2020 09:13
Rate this item
(0 votes)