What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 01 November 2020 11:49

ကမ္ဘာတစ်ဝှမ်း ကိုဗစ်ကူးစက်မှုမြင့်လာပြီး နိုင်ငံတစ်ချို့တွင် တစ်နိုင်ငံလုံး လော့ဒေါင်းပြန်ချ

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကမ္ဘာတစ်ဝှမ်းမှာ Covid-19 ကူးစက်မှု သိသိသာသာ မြင့်တက်လာခဲ့တာကြောင့် နိုင်ငံတစ်ချို့ဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လော့ဒေါင်းချတာ၊ ကိုဗစ်ကန့်သတ်ချက် တင်းကြပ်တာတွေ လုပ်ဆောင်လာပါတယ်။

 

ပြင်သစ်နိုင်ငံဟာ သောကြာနေ့ကစတင်ပြီး လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့အထိ လော့ဒေါင်းချခဲ့ပါတယ်။ ပြည်သူတွေ အိမ်ထဲမှာသာ နေထိုင်ရမှာဖြစ်ပြီး အဓိကစားသောက်ကုန် ဝယ်ယူဖို့၊ ဆေးဝါးကုသဖို့နဲ့ နေ့စဉ် တစ်နာရီ လေ့ကျင့်ခန်းလုပ်ဖို့သာ ထွက်ခွင့်ရမှာ ဖြစ်ပါတယ်။

 

တစ်နိုင်ငံလုံးက အရေးပေါ်လူနာကုသရေးစင်တာတွေရဲ့ တစ်ဝက်လောက်မှာ ကိုဗစ်လူနာတွေနဲ့ ပြည့်နေပြီး နိုဝင်ဘာလဟာ အလွန်အင်မတန် ခက်ခဲမယ့်လ ဖြစ်တယ်လို့ ပြင်သစ်ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ပြင်သစ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၃၅၀၀၀ ကျော်ရှိပြီး ကမ္ဘာ့ သတ္တမမြောက် အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ ပြင်သစ်ဟာ ကိုဗစ်ဒုတိယလှိုင်းနဲ့ ကြုံတွေ့နေရတာပါ။

 

ဒုတိယလှိုင်း ကြုံနေရတဲ့ ဂျာမနီနိုင်ငံမှာလည်း ဗုဒ္ဓဟူးနေ့ကစတင်ပြီး တစ်နိုင်ငံလုံးကို လော့ဒေါင်းချခဲ့ပါတယ်။ အဓိပတိ အိန်ဂျလာမာကဲလ်က နိုင်ငံရေးကျန်းမာရေးစနစ်ဟာ လက်ရှိအနေအထားကို ထိန်းထားနိုင်ပေမယ့် လာမယ့်သီတင်းပတ်အတွင်း ဒီလုပ်နိုင်စွမ်းကို ကျော်လွန်ဖို့ ရှိတဲ့အတွက် အခုလို လော့ဒေါင်းချရတာလို့ ပြောကြားခဲ့ပါတယ်။ ဂျာမနီဟာ ဥရောပမှာ ကိုဗစ်ဒဏ်ကို အဆိုးရွားဆုံးခံရတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

 

ဘယ်လ်ဂျီယံနိုင်ငံမှာတော့ မနေ့ကစတင်ကာ နိုင်ငံတစ်ဝှမ်း လော့ဒေါင်းချခဲ့ပါတယ်။ ကိုဗစ်ကန့်သတ်ရေးစည်းမျဉ်းတွေ ထုတ်ပြန်ထားပေမယ့် ကူးစက်မှု၊ သေဆုံးမှုဟာ ၆ ရက်တိုင်းမှာ ၂ ဆတိုးလာတဲ့အတွက် ဒီလို ဆောင်ရွက်ရတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

 

ယူကေမှာလည်း ကူးစက်မှုပမာဏာဟာ မူလခန့်မှန်ထားတာထက် အဆမတန် များပြားနေတဲ့အတွက် လာမယ့်တစ်ပတ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လော့ဒေါင်းလုပ်ဖို့ စဉ်းစားနေတယ်လို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

 

ဂရိနိုင်ငံမှာ ပြည်နယ်အဆင့် လော့ဒေါင်းချတာတွေ ပြန်လုပ်ခဲ့ပြီး၊ စပိန်မှာလည်း ကူးစက်သေဆုံးမှုတွေ ပြန်မြင့်လာတာကြောင့် အရေးပေါ်အခြေအနေ ကြေငြာထားမှုကို နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်ပါတယ်။ ကူးစက်မှု ပိုမြင့်လာတဲ့ အီတလီနိုင်ငံမှာလည်း ကိုဗစ်ကန့်သတ်ချက်စည်းမျဉ်းတွေကို တင်းကျပ်ခဲ့ပါတယ်။

 

နိုဝင်ဘာ ၃ ရက်နေ့မှာ သမ္မတရွေးကောက်ပွဲရှိတဲ့ အမေရိကန်မှာ မနေ့က တစ်နေ့တည်း ကိုဗစ်ကူးစက်သူ ၁ သိန်းရှိခဲ့ပြီး တစ်ရက်တာ စံချိန်တင်ပမာဏ ဖြစ်ပါတယ်။ ဒါ့ကြောင့် စုစုပေါင်းကူးစက်သူ ၉ သန်း၊ သေဆုံးသူ ၂၂၉၀၀၀ ရှိလာပါပြီ။

 

ကမ္ဘာတစ်ဝှမ်း Covid-19 ကူးစက်သူအရေအတွက်ဟာ စုစုပေါင်း ၄၆ သန်းကျော်လာပြီး သေဆုံးသူက ၁.၂ သန်းလောက် ရှိလာပြီ ဖြစ်ပါတယ်။ ပြန်လည်သက်သာလာသူအရေအတွက်က သန်း ၃၀ ကျော် ရှိနေပါတယ်။

 

M-Media

Ref: Reuters, BBC

Read times
Rate this item
(0 votes)