What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 11 November 2020 10:22

Pfizer ကိုဗစ်ကာကွယ်ဆေးအတွက် သိထားသင့်တဲ့ ၉ ချက်

Pfizer နှင့်၎င်း၏လုပ်ဖော်ကိုင်ဖက်ဂျာမန်ကုမ္ပဏီ BioNTech ကသူတို့၏ ကာကွယ်ဆေးသည် ၉၀ ရာနှုန်းကျော် ထိရောက်သည်ဟု ယူဆရသော ပဏာမရလဒ်မျာ ရရှိကြောင်းကို ကြေငြာခဲ့သည်။

 

လူထုကြားသို့ ကာကွယ်ဆေး ရောက်လာဖို့ ဆိုသည်မှ လအတန်ကြာဦးမည်။ ထိုလများအတွင်းမှာ ကိုဗစ် ကာကွယ်ရေး ထိန်းချုပ်ရေးတို့ကို တင်းတင်းကျပ်ကျပ် မလုပ်ဆောင်လျှင် အသက်ပေါင်းများစွာကို ကိုဗစ်က ယူဆောင်သွားလိမ့်မည်။

 

ဆေးသိပ္ပံပညာရှင်များ တွေ့ရှိထားသည်မှာ

ဇူလိုင်လတွင် Pfizer နှင့် BioNTech တို့သည် ကိုဗစ်ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်မှုများကို ပြုခဲ့ကြသည်။ နောက်ဆုံးအဆင့် စမ်းသပ်မှုသည် လူအများအပြားဖြင့် စမ်းသပ်ရသည်ဖြစ်ရာ လူ ၄၄,၀၀၀ နီးပါးဖြင့် စမ်းသပ်ခဲ့သည်။ ထက်ဝက်ကို စမ်းသပ်သည့် ကာကွယ်ဆေး ထိုးပေးသည်။ ကျန်ထက်ဝက်ကို ကာကွယ်ဆေး ထိုးပေးသည်ဟု အသိပေးပြီး ဆားရည်များ ထိုးပေးသည်။


စမ်းသပ်ခံများကို စောင့်ကြည့်ရ လူ ၉၄ ဦး ကိုဗစ်ကြောင့် ဖျားနာသည်။ ထိုရလဒ်အရ ကာကွယ်ဆေး ထိုးနှံခြင်းသည် ထိရောက်မှု ၉၀ ရာခိုင်နှုန်းကျော် ရှိသည်။ သို့ဖြစ်ရာ ၎င်းကာကွယ်ဆေး ထိုးနှံထားသော်လည်း ကိုဗစ် ဖျားနာခြင်း ဖြစ်ပွားနိုင်သည်။

 

ထိုရလဒ် ကျေနပ်စရာလား

အမေရိကန် နိုင်ငံမှ အရေးပေါ် သုံးစွဲမည့် ကာကွယ်ဆေးကို အတည်ပြုချက် ရယူလိုပါက ထိရောက်မှုသည် အနည်းဆုံး ၅၀ ရာခိုင်နှုန်း ရှိရမည်ဟု သတ်မှတ်ထားသည်။ တုပ်ကွေး ကာကွယ်ဆေး ထိရောက်မှုသည် ၄၀ မှ ၆၀ % သာ ရှိသည်.။ အကြောင်းမှာ တုပ်ကွေးဗိုင်းရပ်စ်သည် အစဉ် သန္ဓေပြောင်းနေသည်ဖြစ်ရာ ကာကွယ်ဆေးကလည်း အမီလိုက်ပြီး ပြောင်းလဲပေးနေဖို့ လိုအပ်သည်။ ဝက်သက်ရောဂါ ကာကွယ်ဆေးသည် ၉၇% ရှိသည်။

 

Pfizer ကိုဗစ်ကာကွယ်ဆေး ဘေးကင်းရဲ့လား

Pfizer နှင့် BioNTech တို့သည် မေလကတည်းက စမ်းသပ်ခဲ့ရာတွင် အလေးအနက် စိုးရိမ်စရာဖြစ်သည့် ဘေးဥပါဒ် ဖြစ်ခြင်း တစ်စုံတစ်ရာ မတွေ့ခဲ့ချေ။ ကာကွယ်ဆေး ၄ မျိုးဖြင့် စမ်းသပ်ခဲ့ရာ ဘေးထွက်ဆိုးကျိုး ခံစားရသူ မဆိုစလောက်သာ ရှိသည်။ ကိုယ်ပူခြင်းနှင့် ပင်ပန်းနွမ်းလျခြင်းတို့ ဖြစ်ပွားခြင်း သာရှိသည်။ စမ်းသပ်ခံများကို နှစ်နှစ်တိုင်တိုင် ဆက်လက်စောင့်ကြည့်သွားမည် ဖြစ်သည်။

 

ကာကွယ်ဆေးကို ဘယ်သူတွေ အရင်ဆုံး ထိုးရမလဲ

ထိုးဆေး သန်း ၃၀ မှ ၄၀ အထိကို ယခုနှစ်ကုန်ပိုင်းတွင် ထုတ်လုပ်ပေးရန် ရည်မှန်းချက် ထားရှိသည်။ စစချင်း ဖြန့်ချိခါစတွင် လူ ၁၅ သန်းမှ သန်း ၂၀ အထိ ကာကွယ်ဆေး ထိုးခွင့် ရမည်။ ထိုနောက်ပိုင်းတွင် ထိုးခွင့်ရသူ ပိုများပြားသွားမည်။ ဘယ်သူတွေ အရင်ဆုံး ဆေးထိုးပေးမလဲဆိုသည်ကို မဆုံးဖြတ်ရသေးပေ။ Pfizer နှင့် BioNTech တို့ ပူးပေါင်းလုပ်ကိုင်လျက်ရှိရာ တစ်နှစ်လျှင် ထိုးဆေး ၁ ဒသမ ၃ ဘီလျံအထိ ထုတ်လုပ်ပေးနိုင်မည်ဟု ဆိုသည်။

 

ဘယ်အချိန်မှာ လူထု ဆေးထိုးခွင့် ရကြမလဲ

နိုဝင်ဘာလ တတိယပတ်တွင် သိရှိထားသော အချက်အလက်များဖြင့် F.D.A. ကို တင်ပြမည်။ ထို့ပြင် ထုတ်လုပ်မည်ဆိုပါက ဘေးကင်းအောင် မည်သို့ စီမံဆောင်ရွက်မည်ကိုလည်း တင်ပြရမည် ဖြစ်သည်။ F.D.A. ထံမှ အတည်ပြု ခွင့်ပြုချက် ရရှိသောအခါကျမှ ထိုးဆေးများ အမြောက်အမြား ထုတ်လုပ်ခြင်း စတင်မည် ဖြစ်သည်။

 

စမ်းသပ်မှုမှာ ဘာတွေ လုပ်ဖို့ ကျန်သေးလဲ

ကိုဗစ်နာမကျန်းဖြစ်သူ ၁၆၄ ဦး ရရှိသည်အထိ လုပ်ကိုင်ရမည်။ ထိုလူနာများထံမှ ရလဒ်အချက်အလက်များ ရရှိသည်ကို ဆန်းစစ်ရမည် ဖြစ်သည်။ ခန့်မှန်းခြေအားဖြင့် ကာကွယ်ဆေး၏ ထိရောက်မှုကို ပြောနိုင်မည်။ တကယ့်ရလဒ်များအရ ထိရောက်မှုကို သန်းချီသောသူများ ကာကွယ်ဆေး ထိုးပြီးသည့်နောက် အခြေအနေများကို စောင့်ကြည့်ပြီးမှ ပြောနိုင်မည်၊

 

အသက်ကြီးတဲ့သူတွေ ဆေးဒဏ်ခံနိုင်မလား

ထိုအချက်အတွက် အဖြေကို မသိနိုင်သေးပေ။ သို့သော် စမ်းသပ်မှုတွင် အသက် ၆၅နှစ် အထက် ရှိသူများ ပါဝင်သည်။ ထိုစမ်းသပ်ခံတို့တွင် တွေ့ကြုံရသော အခြေအနေများ သိရပြီးမှသာ အဖြေကို ပြောနိုင်မည်။

 

ကလေးငယ်တွေ ဆေးဒဏ်ခံနိုင်မလား

စမ်းသပ်မှု အစပိုင်းတွင် ၁၈ နှစ်နှင့် အထက်ကိုသာ စမ်းသပ်ခဲ့သည်။ စက်တင်ဘာလကျမှ ၁၆ နှစ်အထိ စမ်းသပ်ခဲ့သည်။ အောက်တိုဘာလတွင် ၁၂ နှစ်အထိ စမ်းသပ်ခဲ့သည်။ ကလေးသူယ်များကို စမ်းသပ်ဖို့ မဖြစ်နိုင်သေးပေ။

 

တခြား ကိုဗစ် ကာကွယ်ဆေးတွေ ရှိသေးလား

လောလောဆယ်တွင် နောက်ဆုံးအဆင့် စမ်းသပ်နေကြသည့် ကိုဗစ်ကာကွယ်ရေး ထိုးဆေး ၁၀ မျိုး ရှိသည်။ အမေရိကန်၊ တရုတ်၊ ရုရှား၊ အင်္ဂလန်၊ အိန္ဒိယ၊ စင်ကာပူ၊ တောင်ကိုရီးယားနှင့် ထိုင်း နိုင်ငံများတွင် စမ်းသပ်နေကြသည်။

Myanmar Health Guide 

Read times
Rate this item
(0 votes)