What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 06 May 2020 10:55

အာဆီယံအတွက် PPE တွေ ဘယ်ကရသလဲ

ဧပြီလ ၁၄ ရက် အာဆီယံထိပ်သီးအစည်းအဝေး ဗီဒီယိုကွန်ဖရင့်မှ ပေါ်ပေါက်လာသည့် ပဏာမခြေလှမ်းတစ်ခုမှာ အာဆီယံခေါင်းဆောင်များက ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံခဲ့သော COVID-19 ASEAN Response Fund ကို တည်ထောင်ရန် အဆိုပြုထားခြင်းဖြစ်သည်။

အနာဂတ်တွင် ရောဂါဖြစ်ပွားမှုကာလအတွင်း အာဆီယံနိုင်ငံများက ရန်ပုံငွေကို အသုံးပြုနိုင်မည်ဖြစ်သည်။

 

သို့သော် အာဆီယံအတွင်း၌ တစ်ကိုယ်ရေးအကာအကွယ်ပစ္စည်းများ (PPE) ကို ဘယ်က ရနိုင်မလဲဆိုသည့် မေးခွန်းတစ်ခု ရှိနေသည်။ PPE ဟု ဆိုရာ၌ ဝတ်စုံအပြင် လက်အိတ်များ၊ ဆံပင်အဖုံးများ၊ မျက်နှာစည်းများနှင့် မျက်နှာအကာများ၊ မျက်လုံးအကာများ အစရှိသည်တို့ အပြည့်အစုံကို ဆိုလိုသည်။ တစ်မျိုးမျိုး မပါလျှင် PPE သည် ဗိုင်းရပ်စ်ကို လုံခြုံစွာ ကာကွယ်တားဆီးပေးနိုင်မည် မဟုတ်ချေ။ တစ်မျိုးမကျန် ပြည့်စုံစွာ ပါကိုပါရမည် ဖြစ်သည်။

 

COVID-19 မတိုင်မီ ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ၏ ကုန်သွယ်မှုအချက်အလက်များအရ အာဆီယံနိုင်ငံများသည် PPE ထုတ်ကုန်များကို ဒေသတွင်းကုန်သွယ်ရေးအတွက် သာမက အခြားကမ္ဘာ့နိုင်ငံများသို့ပါတင်ပို့ကြောင်း ဖော်ပြခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် PPE တွင် ပါဝင်သော ထုတ်ကုန်တစ်ခုခု၏ ထိပ်တန်းတင်ပို့သည့် ထိပ်တန်းငါးနိုင်ငံစာရင်းတွင် အာဆီယံနိုင်ငံအချို့ ပါဝင်သည်။ ဝတ်စုံ၊ ဆံပင်အဖုံး၊ မျက်နှာစည်းများနှင့်လက်အိတ်များအတွက် ဗီယက်နမ် ပါဝင်သည်။ လက်အိတ်များအတွက် မလေးရှားနှင့်ထိုင်းနိုင်ငံတို့ ပါဝင်သည်။

 

၂၀၁၈ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ PPE ထုတ်ကုန်များ၏ စုစုပေါင်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄၇.၅ ဘီလီယံရှိခဲ့သည်။ အများစုမှာ လက်အိတ်များ၊ မျက်နှာဖုံးများနှင့် ဝတ်စုံများဖြစ်သည်။ ဤပို့ကုန်များ၏ ၆၀ ရာခိုင်နှုန်းကျော်ကို ထိပ်တန်းတင်ပို့သူ ၅ ဦး က ထုတ်လုပ်ခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ လက်အိတ်တင်ပို့မှု အမေရိကန်ဒေါ်လာ ၁၅.၆ ဘီလီယံရှိခဲ့ပြီး ၇၆ ရာနှုန်းကို တရုတ်၊ မလေးရှား၊ ထိုင်းတို့က တင်ပို့ခဲ့ကြသည်။

 

ကမ္ဘာလုံးဆိုင်ရာမျက်နှာစည်းများ ( အထည်စ မတ်စ် နှင့် ဓာတ်ငွေ့မတ်စ်များ) တင်ပို့မှုသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃.၆ ဘီလီယံဖြစ်ပြီး ၆၃ ရာခိုင်နှုန်းကိုတရုတ်၊ ဂျာမနီ၊ အမေရိကန်၊ ဗီယက်နမ်နှင့်မက္ကဆီကိုတို့မှ တင်ပို့သည်။ တရုတ်သည် အခြား PPE ထုတ်ကုန်များတွင် ကမ္ဘာ့ထိပ်တန်းတင်ပို့သူဖြစ်သည်။ PPE ထုတ်ကုန်များ၏ အာဆီယံတင်ပို့မှု စုစုပေါင်းတန်ဖိုးသည် ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံရှိပြီး ကမ္ဘာလုံးဆိုင်ရာတင်ပို့မှု၏ ၁၈ ရာခိုင်နှုန် းရှိခဲ့သည်။ ထိုပမာဏ၏ ၈၀ ရာခိုင်နှုန်းသည် လက်အိတ်များနှင့် ဝတ်စုံများဖြစ်သည် (ဝတ်စုံ ၁၃ ရာခိုင်နှုန်း) ။

 

PPE ထုတ်ကုန်များ အများဆုံးတင်ပို့သူများမှာ မလေးရှား (ဒေါ်လာ ၄.၆ ဘီလီယံ)၊ ဗီယက်နမ် (ဒေါ်လာ ၁.၇ ဘီလီယံ) နှင့်ထိုင်း (ဒေါ်လာ ၁.၄ ဘီလီယံ) တို့ဖြစ်ကြသည်။ တစ်ချိန်တည်းမှာပင် အာဆီယံနိုင်ငံများမှ ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိသော PPE ထုတ်ကုန်များကို တင်သွင်းခဲ့ကြသည်။ ထိုကဲ့သို့ တင်သွင်းမှုအများစုမှာ လက်အိတ်များ၊ ဝတ်စုံများနှင့် မတ်စ်များဖြစ်သည်။ PPE ထုတ်ကုန်များကို အများဆုံးတင်သွင်းသူများမှာ ဗီယက်နမ် (ဒေါ်လာ ၂၅၆ သန်း)၊ အင်ဒိုနီးရှား (ဒေါ်လာ ၁၆၇ သန်း) နှင့်မလေးရှား (ဒေါ်လာ ၁၆၀ သန်း) တို့ဖြစ်ကြသည်။

 

အာဆီယံနိုင်ငံတိုင်းသည် COVID-19 ကို ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများလိုအပ်သည့် PPE ထုတ်ကုန်များအပြည့်အစုံအားလုံးကို ထုတ်လုပ်နိုင်ခြင်း မရှိပါ။ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည် လက်အိတ်များ၊ မျက်လုံးကာမျက်မှန်များ၊ ဝတ်စုံများနှင့် ဆံပင်ကာများ၏ အသားတင် ( တင်ပို့မှုတန်ဖိုး အနှုတ် တင်သွင်းမှုတန်ဖိုး ) တင်ပို့သူများ ဖြစ်ကြသည်။

 

ကမ္ဘောဒီးယားနှင့်အင်ဒိုနီးရှားတို့သည် လက်အိတ်များ၊ ဝတ်စုံများနှင့် ဆံပင်ကာများကို အသားတင်တင်ပို့သူများဖြစ်ပြီး မျက်လုံးကာမျက်မှန်များနှင့် မတ်စ်များကို အသားတင်သွင်းသူများဖြစ်သည်။ မလေးရှားသည် လက်အိတ်များနှင့် မျက်လုံးကာမျက်မှန်များ အသားတင်တင်ပို့သူ ဖြစ်သည်။ မြန်မာနိုင်ငံသည် အဝတ်အစားနှင့် ဆံပင်ကာများ အသားတင်တင်ပို့သူ ဖြစ်သည်။ အခြားအာဆီယံနိုင်ငံများသည် PPE ထုတ်ကုန်တစ်မျိုးကို အသေးစား အသားတင်တင်ပို့သူများဖြစ်သည်။

 

ဘရူနိုင်းသည် မျက်လုံးကာ မျက်မှန်များကိုလည်းကောင်း၊ လာအိုသည် ဝတ်စုံကိုလည်းကောင်း၊ ဖိလစ်ပိုင်သည် ဆံပင်အကာကိုလည်းကောင်း၊ စင်ကာပူသည် မတ်စ်ကိုလည်းကောင်း အသေးစား အသားတင်တင်ပို့သူများဖြစ်သည်။

 

နိုင်ငံတစ်နိုင်ငံချင်းစီသည် PPE ထုတ်ကုန် အမျိုးစုံစုံလင်လင် အားလုံးကို မထုတ်လုပ်နိုင်သဖြင့် ဒေသတွင်းနှင့်ဒေသပြင်ပမှ အရင်းအမြစ်များကို မှီခိုနေရသည်။ ဥပမာအားဖြင့် ၂၀၁၈ ခုနှစ်တွင်အာဆီယံ၏ မတ်စ်မျာ းတင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၁၀၄ သန်းရှိခဲ့ပြီး ၉၁ ရာနှုန်းမှာ အာဆီယံမဟုတ်သောနိုင်ငံများမှဖြစ်သည်။ အာဆီယံပြင်ပမှ မျက်နှာစည်းများကို အဓိကတင်ပို့သူများမှာ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ ဥရောပသမဂ္ဂ၊ ထိုင်ဝမ်နှင့် အမေရိကန်တို့ ဖြစ်သည်။ အာဆီယံအတွင်း အဓိကအားဖြင့် မတ်စ်များပေးသွင်းသူများမှာ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ဖြစ်သည်။

 

အာဆီယံနှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (FTA) မပါရှိသည့် ကုန်သွယ်ဖက်များမှ PPE ထုတ်ကုန်များ တင်သွင်းမှုသည် အခွန်အတုတ်ကြီးများနှင့် ရင်ဆိုင်နေရသည်။ ASEAN Tariff Finder မှရရှိသောအချက်အလက်များအရ အာဆီယံနိုင်ငံအများစုသည် FTA မဟုတ်သည့် မိတ်ဖက်များထံမှ PPE ထုတ်ကုန်များ တင်သွင်းမှုကို အခွန်ကောက်ခံသည်။

 

အာဆီယံ ၁၀ နိုင်ငံအနက် ၇ ခုသည် PPE ထုတ်ကုန်များအတွက် ပျမ်းမျှအားဖြင့် အနှစ်သက်ဆုံးနိုင်ငံ (MFN) အခွန်နှုန်းကို ၉ ရာခိုင်နှုန်းနှင့်အထက် ကောက်ခံသည်။ ယင်းတို့တွင် ထိုင်း (၁၇.၁ ရာခိုင်နှုန်း)၊ ဗီယက်နမ် (၁၅.၃ ရာခိုင်နှုန်း)၊ မြန်မာနိုင်ငံ (၁၃.၁ ​​ရာခိုင်နှုန်း)၊ ကမ္ဘောဒီးယား (၁၂.၃ ရာခိုင်နှုန်း)၊ အင်ဒိုနီးရှား (၁၁.၄ ရာခိုင်နှုန်း)၊ ဖိလစ်ပိုင် (၁၁.၄ ရာခိုင်နှုန်း) နှင့်လာအို (၉.၆%) တို့ ပါဝင်သည်။ ဘရူနိုင်းနှင့်မလေးရှားတို့သည် PPE သွင်းကုန်များအား သွင်းကုန်အခွန် ၃ ရာခိုင်နှုန်းအောက် စည်းကြပ်သည်။ စင်ကာပူသည် ထိုကုန်ပစ္စည်းများအပေါ်အကောက်ခွန်အားလုံးကို ဖယ်ရှားခဲ့သည်။

 

အခွန်နှုန်းထားများ မြင့်မားခြင်းကြောင့် သွင်းကုန် PPE ထုတ်ကုန်များ၏ စျေးနှုန်းများမြင့်တက်လာခြင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် အသုံးစရိတ် ပိုမိုများပြားစေသည်။ FTA မဟုတ်သော မိတ်ဖက်များထံမှ PPE ထုတ်ကုန်များတင်သွင်းမှုအပေါ် အကောက်ခွန်လျှော့ချခြင်းသည်ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်ကို လျှော့ချနိုင်ပြီး အာဆီယံရှိ PPE ထုတ်ကုန်များ လက်လှမ်းမီမှုကိုတိုးတက်စေနိုင်သည်။

 

thejakartapost.com

Read times
Rate this item
(0 votes)