What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 26 December 2020 21:03

ရန်ကုန်နှင့် မန္တလေး တိုင်းဒေသကြီးတို့မှ COVID-19 ရောဂါပိုး မျိုးဗီဇအား စစ်ဆေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဖြစ်ပွားလျက်ရှိသော COVID-19‌ ရောဂါပိုး၏ အနေအထားကို သိရှိနိုင်ရန်အတွက်
ဒီဇင်ဘာလ၌ မျိုးဗီဇ တစ်ခုလုံးကိုစစ်ဆေးရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်က ဆင်ဟွာသို့ ဒီဇင်ဘာ ၂၅ ရက်တွင်ပြောသည်။
“ကျွန်တော်တို့ဌာနအနေနဲ့ ရက်ပိုင်းအတွင်းမှာ အဖြေရနိုင်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ အခုလက်ရှိအချိန်အထိကတော့ မြန်မာနိုင်ငံမှာ တွေ့ရတဲ့ COVID-19 ရောဂါပိုးကတော့ D614G အမျိုးအစားကိုပဲ တွေ့ရသေးတယ်။ အင်္ဂလန်မှာတွေ့တာ ဒီမှာတွေ့နိုင်လားဆိုတာ ပြောရတော့ ခက်သေးတယ်။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနသည် မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇတစ်ခုလုံးကို လေ့လာသော သုတေသနပြုမှုများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၌ လက်ရှိကူးစက်ဖြစ်ပွားနေသော SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇတစ်ခုလုံးကိုလည်း ဆေးသုတေသနဦးစီးဌာနမှ ဆက်လက်စစ်ဆေးလေ့လာလျက်ရှိကြောင်း ၎င်းကဆိုသည်။ COVID-19 ကို ဖြစ်ပွားစေသော SARS-CoV-2 ဗိုင်းရပ်စ်ပိုးသည် ဗိုင်းရပ်စ်ပိုးတို့၏ သဘောသဘာဝအရ ဗီဇပြောင်းလဲမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
“ရောဂါပိုးတွေက အချိန်ကြာလာတာနဲ့အမျှ မျိုးဗီဇ ပြောင်းလဲတာဖြစ်တတ်တယ်။ ဗိုင်းရပ်စ်ပိုးအမျိုးအစားတွေက မျိုးဗီဇပြောင်းလဲမှု ပိုမြန်တယ်။ COVID-19 ကလည်း ဗိုင်းရပ်စ်ပိုးအမျိုးအစားဖြစ်တယ်။ သူကလည်း တချိန်လုံးမျိုးဗီဇပြောင်းနေတယ်။ ဒါပေမယ့် အဓိက မျိုးဗီဇပြောင်းလဲမှုတွေက ၂ လ ၃ လ နေရင် တစ်ခုလောက်ပြောင်းလဲလေ့ရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဌာနအနေနဲ့လည်း COVID-19 ရဲ့ မျိုးဗီဇ ပြောင်းလဲမှုကိုလေ့လာရတာဖြစ်ပါတယ်’’ ဟု ဒေါက်တာမြတ်ထွဋ်ညွန့် ကဆက်ပြောသည်။
COVID-19 ရောဂါပိုးသည် ကမ္ဘာ၌ တွေ့ရှိခဲ့သည်မှာ တစ်နှစ်ကျော်သာ ရှိသောကြောင့် ရောဂါ အသစ်အနေဖြင့်ရှိနေသေးကြောင်း၊ မျိုးဗီဇပြောင်းလဲမှုများလည်း ဆက်တိုက်ဖြစ်ပေါ်နေသောကြောင့် ကာကွယ်ဆေးရရှိ၍ ကာကွယ်ဆေးထိုးပြီးသည့် နောက်ပိုင်းအချိန်အထိ ပြည်သူများအနေဖြင့် သတိပြုလိုက်နာရန် လိုအပ်လျက်ရှိကြောင်း ၎င်းကဆိုသည်။
(Xinhua)
Read times
Rate this item
(0 votes)