What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 03 August 2021 09:30

ရုရှားပြန် လေယာဉ်မှ ကူးစက်မှု ပြည်နယ် ၁၅ ခု ပျံ့နှံ့

ရုရှားပြန် လေယာဉ်ဖြင့် ပါလာသည့် ကိုဗစ် Delta မျိုးကွဲက တရုတ်ပြည်မှာ ပြည်နယ် ၃၂ ခု ရှိသည့်အနက် ၁၅ ခုတွင် ကူးစက်ပျံ့နှံ့ နေပါသည်။

အခုအထိ ကူးစက်ခံထားရသူ ၃၀၀ ကျော်ကို အတည်ပြုပေးထားပြီ ဖြစ်သည်။ ပိုက်စိပ်တိုက် nucleic acid test ဆေးစစ်တာတွေ ဆက်လက် လုပ်ဆောင်နေပါသည်။
၂၀၁၉ ဝူဟံမြို့ ကူးစက်မှုလှိုင်း နောက်ပိုင်း အကျယ်ပြန့်ဆုံး ကူးစက်မှု ဖြစ်ပွားနေခြင်း ဖြစ်ပါသည်။

ယခင်က ကူးစက်မှုအကြိမ် ၃၀ ခန့် ဖြစ်ပွားခဲ့ပြီး စည်းကမ်း တင်းကျပ်ခြင်း၊ လော့ဒေါင်းချခြင်း၊ မြို့လုံးကျွတ် ဆေးစစ်ခြင်း၊ ထိစပ်မှုများ ဖော်ထုတ်ခြင်း၊ ကွာရင်တိုင်း ဝင်စေခြင်း စသည့် လုပ်ဆောင်မှုများဖြင့် ထိန်းကွပ်တားဆီး နိုင်ခဲ့ပါသည်။ အခြားပြည်နယ်များသို့ မရောက်ရှိခင် အချိန်မီ တားဆီးနိုင်ခဲ့ပါသည်။

ကနဦး အစပြု ကူးစက်ခြင်းသည် ဇူလိုင်လလယ်တွင် ရုရှားနိုင်ငံ မော်စကိုမှ ဆိုက်ရောက်လာသော ပြည်ပခရီးစဉ် လေယာဉ်တစ်စီး တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ နန်ဂျင်းမြို့တွင် ရပ်နားထားစဉ် သန့်ရှင်းရေး လုပ်ကိုင်သော ဝန်ထမ်းအချို့အား ကိုဗစ် Delta မျိုးကွဲ ကူးစက်ခံရပြီးနောက် ၎င်းလေဆိပ်သန့်ရှင်းရေး ဝန်ထမ်းများမှတစ်ဆင့် ကူးစက်မှုများ ဆက်လက်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဩဂုတ် ၂ ရက် တနင်္လာနေ့ ဆေးစစ်ချက်များတွင် ကူးစက်ခံ ၉၉ ဦး တွေ့ရှိပြီး ၄၄ ဦးသည် လက္ခဏာ မပြသော ကူးစက်ခံများ ဖြစ်ကြောင်း သိရသည်။

ကူးစက်ခံဦးရေအရ ကြည့်လျှင် တရုတ်မြောက်ပိုင်း ဟီဘိုင်း ကူးစက်မှုဖြစ်ရပ်တွင် ကူးစက်ခံ ၂,၀၀၀ ဦး ဝန်းကျင် ရှိခဲ့ပြီး ဇန်နဝါရီလတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ကူးစက်ခံဦးရေ များပြားသည်ထက် ကူးစက်သည့် နေရာများပြားခြင်းက ပိုစိုးရိမ်စရာ ဖြစ်သည်။

ယခု ရုရှားပြန်လေယာဉ်မှ ကူးစက်မှုသည် ကျယ်ပြန့်သည့်အတွက် စိုးရိမ်ကြီးစရာ ဖြစ်နေသည်။ နိုင်ငံမြို့တော် ဘီဂျင်းလည်း ပါဝင်နေသည်။ ဘီဂျင်းက နန်ဂျင်းမှ ကီလိုမီတာ ၁,၉၀၀ ဝေးကွာပါသည်။

ဒေသဆိုင်ရာ အာဏာပိုင်တွေက ဒေသခံတွေကို ပိုက်စိပ်တိုက် ဆေးစစ်နေသည်မှာ လူဦးရေ သန်းချီသည်။
အိမ်ရာတိုက်တာ အများအပြားကို အပြင်မထွက်ရ ပိတ်ကာထားလိုက်ပြီ ဖြစ်သည်။ ကူးစက်ခံနှင့် ထိစပ်ထားသူတို့ကို ကွာရင်တိုင်း ဝင်ခိုင်းထားသည်။

ကျူကျိုပြည်နယ် မြို့တော် ဟူနန်မှာ မြို့နေ လူဦးရေ ၁.၂ သန်းကို အပြင်မထွက်ရ ၃ ရက် လော့ဒေါင်းချထားပြီး ပိုက်စိပ်တိုက် တစ်ယောက်မကျန် ဆေးစစ်နေသည်။ ထို့ပြင် ကာကွယ်ဆေး ထိုးနှံခြင်းလည်း လုပ်ဆောင်လျက် ရှိသည်။

တရုတ်ပြည်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူများသည် လူဦးရေ၏ ၆၀% နီးပါးရှိပြီ။ ဆေးထိုးပြီးလူဦးရေ အချိုးအစား အများဆုံးနိုင်ငံစာရင်းမှာ ပါဝင်သည်။
ကာကွယ်ဆေးထိုးပြီးသူဦးရေ များပြာလျှင် Delta ကူးစက်ပျံ့နှံ့မှု နှေးသည်။ ကူးစက်ခံရရင် မပြင်းထန်သည့်အပြင် သေဆုံးမှု နည်းပါးသည်။

ရုရှားပြန် လေယာဉ်မှ ကူးစက်မှုစတင်ခဲ့သူများသည် ကာကွယ်ဆေး ထိုးပြီးသူတွေဖြစ်လို့ အများစုက ရောဂါမပြင်းထန်။ ၄% ကတော့ အသည်းအသန် ဖြစ်ခဲ့ကြသည်။ သူတို့မှာ ရင်ကြပ်ပန်းနာ၊ ဆီးချို၊ သွေးတိုး စသဖြင့် ရောဂါအခံ ရှိကြသူများ ဖြစ်သည်။

ယေဘုယျအားဖြင့် non-MRNA ထိုးဆေး အမျိုးအစားဆိုပါက Delta ကူးစက်မှု တားဆီးနိုင်စွမ်း အားနည်းသည်။

တရုတ်နိုင်ငံမှာ လေ့လာမှုများအရ Sinovac မှ ထုတ်သည့် ထိုးဆေးက အစပျိုးပေးတဲ့ ပဋိပစ္စည်းများသည် ဆေးထိုးပြီး ၆ လ အကြာမှာ အားပျော့သွားကြောင်း တွေ့ရသည့်အတွက် အရှိန်ပြန်တက်ဖို့ တတိယအကြိမ်မြောက် ထပ်ထိုးဖို့ လိုအပ်မည်ဟု တရုတ်သုတေသီတို့က အကြံပြုထားသည်။
တရုတ်နိုင်ငံမှာ နိုင်ငံပိုင် Sinopharm မှ ထုတ်လုပ်သည့် ထိုးဆေး ထိုးပေးထားပြီး Delta ကို ကာကွယ်သည့် ထိရောက်မှု ၆၈ % ရှိကြောင်း သီရိလင်္ကာနိုင်ငံမှာ ပြုလုပ်ခဲ့သော လေ့လာမှုအရ သိရသည်။

ကိုဗစ်ကာကွယ်ဆေးတွေ အားလုံး Delta ကို ကာကွယ်သည့် ထိရောက်မှု အားနည်းကြတာ တွေ့ကြရသည်။
“အမေရိကန်မှာ လတ်တလော ကူးစက်မှုတွေရဲ့ ၈၀ % ဟာ Delta ကူးစက်ခံကြရသူတွေ ဖြစ်ပါတယ်။
Delta က ပွားနှုန်း များတယ်။ ကူးစက်တာ မြန်ဆန်တယ်။ ဆေးထိုးထားပြီးရုံနဲ့ မလုံလောက်ဘူး။ မတ်စ်တပ် လက်ဆေး စတဲ့ တစ်ကိုယ်ရေ ကာကွယ်မှုတွေ လုပ်ဖို့ လိုအပ်တယ်” ဟု Chinese Center for Disease Control and Prevention, မှ ကျွမ်းကျင်သူ Dr Wang Huaqing က သတိပေး ပြောကြားပါသည်။

လက်ရှိဖြစ်ပေါ်နေသည့် ကူးစက်မှုမှာ စိုးရိမ်တကြီး ဖြစ်ကြရတာက ကျန်းကျိုမြို့မှာ ဆေးရုံဝန်ထမ်းများနှင့် သန့်ရှင်းရေးဝန်ထမ်းများ ကူးစက်ခံရခြင်း ဖြစ်သည်။

Read times
Rate this item
(0 votes)