What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 18 August 2021 11:55

ကမ္ဘောဒီးယားက ကိုဗစ်ကာကွယ်ဖို့ ငွေသား ဒေါ်လာ ၂ သိန်းနှင့် ကာကွယ်ရေးပစ္စည်းအမျိုးမျိုး လှူမယ်

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေကို ဒုတိယအကြိမ် ကူညီတဲ့အနေနဲ့ ကမ္ဘောဒီးယားအစိုးရက ငွေသား ဒေါ်လာ ၂ သိန်းနဲ့ ဆေးပစ္စည်းတွေ လှူဒါန်းမယ်လို့ ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဒီကနေ့ ပေးပို့လာတဲ့ စာထဲမှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်းက "လူသားချင်းစာနာထောက်ထားတဲ့ ကပ်ရောဂါဘေး အကူအညီပေးရေး အာဆီယံအဖွဲ့ (AHA Centre) ကနေတဆင့် မြန်မာနိုင်ငံအတွက် ဒေါ်လာတစ်သိန်း အကူအညီပေးဖို့ ကမ္ဘောဒီးယား အစိုးရက ကတိပြုထားခဲ့တာအပြင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ သွေးစည်းညီညွတ်မှုကို ပြတဲ့အနေနဲ့ နောက်ထပ် ငွေသား ဒေါ်လာ နှစ်သိန်းကို ထပ်လှူဒါန်းလိုပါတယ်"

"ဒါ့အပြင် နှာခေါင်းစည်း ၃ သန်း၊ Rapid Tests ကိုဗစ်ပိုး အမြန်စစ် ကိရိယာ ၅ သိန်း၊ PPE ဝတ်စုံ ၂ ထောင်၊ အောက်ဆီဂျင် သန့်စင်စက် ၁၀၀၊ လေသန့်စက် ၂၀၊ လူနာစောင့်ကြည့်တဲ့ မော်နီတာစက် ၂၀ နဲ့ ဆေးပစ္စည်း ကိရိယာတွေကိုလည်း တပါတည်း လှူဒါန်းသွားဖို့ ရှိပါတယ်" လို့ ရေးသား ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ စဖြစ်ခဲ့ကတည်းက တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ပြီး ရောဂါထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတာကို သူ့အနေနဲ့ အနီးကပ် လေ့လာ စောင့်ကြည့်ခဲ့တယ်လို့လည်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်း က ဆိုပါတယ်။

ဒီလှူဒါန်းပစ္စည်းတွေကို ကိုဗစ်ရောဂါ တိုက်ဖျက်ရေး ဝန်ကြီးများအဆင့် ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီး မမ် ဘန် ဟန်း ဦးဆောင်တဲ့ ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့က အထူးလေယာဉ်တစ်စင်းနဲ့ နေပြည်တော်ကို မကြာခင် သယ်ဆောင်လာမယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း ကမ္ဘောဒီးယား အစိုးရက မြန်မာနိုင်ငံအတွက် နှာခေါင်းစည်း ၂ သန်းနဲ့ တခြား ဆေးပစ္စည်း ကိရိယာတွေကို လှူဒါန်းခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ လာအို၊ တိမော၊ နီပေါနဲ့ ဗီယက်နမ် အပါအဝင် အာရှဒေသတွင်းက တခြားနိုင်ငံတချို့ကို မရှိမဖြစ် လိုအပ်တဲ့ ဆေးပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။

BBC

Read times Last modified on Wednesday, 18 August 2021 11:58
Rate this item
(0 votes)