What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 16 September 2021 19:10

ကမ်းခြေဒေသ ခရီးသွားလုပ်ငန်း၌ ကျန်းမာရေးဆိုင်ရာ လုံခြုံစိတ်ချနိုင်ရန် စီမံနေ

ကမ်းခြေဒေသ ခရီးသွားလုပ်ငန်း၌ ကျန်းမာရေးဆိုင်ရာ လုံခြုံစိတ်ချနိုင်ရန် စီမံနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်/ခရီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။

လက်ရှိတွင် ချောင်းသာနှင့် ငွေဆောင်ကမ်းခြေ၌ ရှိနေသည့် ဟိုတယ်ဝန်ထမ်းများအား COVID-19 ကာကွယ်ဆေး ထိုးနှံမှုမှာလည်း ပထမအသုတ် ပြီးစီးပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ကာကွယ်ဆေးထိုးဖို့ ခက်ခဲမယ်ဆိုရင် ကျွန်တော်တို့ စာရင်းပေးခိုင်းတယ်။ လုပ်ငန်းရှင်တွေဘက်ကလည်း အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ပေးတယ်။ ကျွန်တော်တို့က တိုင်းအစိုးရနဲ့ တိုင်းကိုဗစ်ကော်မတီထံ စာတင်ပြီးတော့ တင်ပြတယ်။ တင်ပြမှုအပေါ် ဆောင်ရွက်ပေးပါတယ်။ ငွေဆောင်က ၇၁၂ ဦး၊ ချောင်းသာက ၇၀၂ ဦးကို ကာကွယ်ဆေး ထိုးပေးပြီးသွားပါပြီ။ ဒုတိယအသုတ် တင်ပြလာတဲ့ စာရင်းကိုလည်း ဆေးရရှိမှုပေါ် မူတည်ပြီး ဆက်လက် ထိုးပေးသွားပါမယ်။ ဟိုတယ်ဝန်ထမ်းတွေ ဆိုတာက အနယ်နယ်အရပ်ရပ်က လာတဲ့သူတွေနဲ့ ထိတွေ့ပြီး ဝန်ဆောင်မှု ပေးနေရတာ။ ဒီဝန်ထမ်းတွေ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရဖို့ ဆေးထိုးပေးတယ်။ ဆေးထိုးနှံနိုင်ဖို့ ၀ိုင်းဝန်း ကူညီပေးတယ်။ ကာကွယ်ဆေးထိုးနှံမှုက တစ်ပိုင်း၊ ဟိုတယ်တွေက COVID-19 ဆိုင်ရာ စည်းကမ်းချက်တွေကို လိုက်နာဖို့က တစ်ပိုင်း၊ ဧည့်သည်တွေကလည်း ဒီစည်းကမ်းတွေကို လိုက်နာဖို့ လိုပါတယ်။ ဒီရောဂါက အတူယှဉ်တွဲ နေထိုင်ရမှာ ဖြစ်တဲ့အတွက် ဟိုတယ်ဘက်ကရော၊ ဧည့်သည်ဘက်ကရော၊ ဝန်ထမ်းဘက်ကရော မပျက်မကွက် အားလုံး လိုက်နာမှ ရမယ်။ အကောင်းဆုံး မျှော်လင့်ထားပါတယ်။ လုံခြုံစိတ်ချမှု အာမခံချက် ရနိုင်သမျှရအောင် ၀ိုင်းဝန်း ကြိုးစားပေးနေပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်းက ပြောကြားသည်။

ခရီးသွားလုပ်ငန်းဆိုင်ရာ ယုံကြည်မှု တည်ဆောက်ရန် ပြည်တွင်း ခရီးသွားများနှင့် စတည်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။

“အခုအချိန်မှာတော့ ပြည်ပဧည့်သည်ကို မျှော်မှန်းမရတဲ့ အနေအထားမျိုး ဖြစ်နေတယ်။ ကိုယ့်ဘက်က Safety ဖြစ်တယ် ဆိုရင်တောင် သူတို့ဘက်က ထွက်လို့မရရင် လာလည်လို့ မရဘူးလေ။ အဲဒီတော့ ပြည်တွင်း ခရီးသွားလုပ်ငန်းကိုပဲ စတည်ပြီးတော့ ယုံကြည်မှုကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ သွားလို့လာလို့ လည်ပတ်လို့ ရတယ်ဆိုတဲ့ အခြေအနေတစ်ခုကို တည်ဆောက်ပြီးမှ သွားရဲလာရဲတဲ့ အခြေအနေတစ်ခု ဖြစ်လာပြီဆိုရင် သွားကြမှာပါပဲ။ နည်းနည်းလေး ဖွင့်ပေးလိုက်တဲ့ First Wave ငြိမ်သွားတဲ့ အချိန်မှာတောင် သွားကြလာကြတာတွေ အများကြီးရှိတယ်။ အဲဒီတော့ ယုံကြည်မှု တည်ဆောက်ဖို့အတွက် ပြည်တွင်းခရီးသွားနဲ့ စတည်ဖို့ လုပ်ပါတယ်။ ဒီအတွက် ဆေးအပြည့်အဝ ထိုးနှံပေးရေး၊ ဟိုတယ်တွေက စည်းကမ်းလိုက်နာရေးနဲ့ လုံခြုံစိတ်ချရတဲ့ Certificate ထုတ်ပေးရေးကို လုပ်နေတာ ဖြစ်ပါတယ်။ ဒါကတော့ ပြင်ဆင်မှုပါ”ဟု ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်းက ပြောကြားသည်။

 

news-eleven.com/

Read times
Rate this item
(0 votes)