What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 05 January 2022 12:09

လော့ခ်ဒေါင်းချထားတဲ့ ရှီအန်းမြို့မှာ စားစရာပြတ်လို့ ရှိတဲ့ပစ္စည်းနဲ့ လဲစားနေကြ

လော့ခ်ဒေါင်းချထားတဲ့ ရှီအန်းမြို့မှာ စားစရာပြတ်လို့ ရှိတဲ့ပစ္စည်းနဲ့ လဲစားနေကြ

ဆိုရှယ်မီဒီယာပေါ်တက်လာတဲ့ ပုံတွေမှာ စီးကရက်ဘူးနဲ့ ဂေါ်ဖီထုပ်၊ ဂိမ်းနဲ့ ခေါက်ဆွဲခြောက်၊ ပေါက်စီတို့လဲပြီး စားနေကြတာတွေ့ရပါတယ်။
တရုတ်က ကွာရန်တင်းလုပ် လော့ခ်ဒေါင်းချထားတဲ့ ရှီအန်းမြို့မှာ မြို့ခံတွေဟာ စားစရာမရှိတော့လို့ ရှိတဲ့ပစ္စည်းတွေကို စားသောက်စရာနဲ့ လဲလှယ်နေကြပါတယ်။

စီးကရက်တွေ အီလက်ထရောနစ်ပစ္စည်းတွေကို စားစရာနဲ့ လဲနေကြတဲ့ ပုံတွေ ဆိုရှယ်မီဒီယာမှာ တက်လာပါတယ်။ ဒီမြို့မှာ လူ ၁၃ သန်းလောက် အပြင်မထွက်ဘဲ နေနေရတာ ဒီဇင်ဘာ ၂၃ ရက်နေ့ကတည်းကပါ။

လာမယ့်လမှာ ဘေဂျင်းမှာကျင်းပဖို့ရှိတဲ့ ဆောင်းရာသီ အိုလံပစ်ပွဲတော်နဲ့ တရုတ်နှစ်ကူးပွဲတွေမတိုင်မီ တရုတ်အာဏာပိုင်တွေက ရှီအန်းမှာ အခုလိုတင်းကျပ်တဲ့ လော့ခ်ဒေါင်းချထားလိုက်တာ ဖြစ်ပါတယ်။

ကိုဗစ်ဖြစ်သူ သုံးယောက်တွေ့ခဲ့တဲ့ ယူကျိုးမြို့ကိုလည်း မနေ့ညကစလို့ ပိတ်ထားလိုက်ပါပြီ။ အဲဒီသုံးယောက်စလုံးကလည်း ရောဂါလက္ခဏာ မပြကြသူတွေ ဖြစ်ပါတယ်။

လူဦးရေ တစ်သန်းကျော်ရှိတဲ့ ယူကျိုးမြို့မှာ တနင်္လာနေ့ညနေကစလို့ ကား၊ ရထားလိုင်းတွေ ရပ်ထားလိုက်ပြီး ဆိုင်တွေ၊ ဖြေဖျော်ရေးခန်းမတွေလည်း ပိတ်လိုက်ရပါတယ်။ လမ်းတွေပေါ်မှာ ကားသွားလာမှုတွေ အားလုံးနီးပါးလည်း တားမြစ်ထားပါတယ်။ လူတွေအတွက် မရှိမဖြစ်တဲ့ ပစ္စည်းတွေ ရောင်းချပေးနေတဲ့ ဆိုင်တွေလောက်ပဲ ဖွင့်ထားခွင့်ပြုပြီး ကပ်ရောဂါကာကွယ်ရေးလုပ်ငန်း လုပ်နေကြသူတွေပဲ အပြင်ထွက်ခွင့်ပြုထားပါတယ်။

ယူကျိုးမြို့ရဲ့ အရှေ့ ကီလိုမီတာ ၅၀၀ လောက်မှာရှိတဲ့ ရှီအန်းမြို့မှာ တွေ့ရတဲ့ ကိုဗစ်ကူးစက်မှုကတော့ တရုတ်မှာ ပြန်တွေ့ရတဲ့ အဆိုးဆုံးကူးစက်မှုပါ။ တရုတ်အစိုးရက "ကိုဗစ်လုံးဝကင်းစင်ရေး" ဗျူဟာကို ချထားပြီး ကိုဗစ်နဲ့အတူ နေထိုင်သွားနိုင်ဖို့ ဆိုတာထက် ကိုဗစ်ဗိုင်းရပ်စ်ကို လုံးဝပပျောက်အောင် လုပ်မယ်ဆိုတဲ့ မူနဲ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

အဲဒီမြို့မှာလည်း အာဏာပိုင်တွေက အိမ်တွေကို စားစရာတွေ လိုက်ဝေပေးပါတယ်။ ဒါပေမဲ့ ဆိုရှယ်မီဒီယာတွေမှာတော့ ရှီအန်းမြို့သားတွေ ရေးတင်ကြတဲ့ မကျေနပ်ချက်တွေ အများကြီး တွေ့ရပါတယ်။ တချို့က သူတို့ရတဲ့ စားစရာက ပြတ်တော့မယ်ဆိုတာမျိုးရေးကြပြီး တချို့ကတော့လည်း အခုအထိ စားစရာ ထောက်ပံ့မယ်ဆိုတာ မရသေးပါဘူးလို့ ရေးကြပါတယ်။

တရုတ်မှာ သုံးတဲ့ ဝေဘိုဆိုရှယ်မီဒီယာမှာ လူတွေက စီးကရက်နဲ့ ဂေါ်ဖီထုပ်လဲတာ၊ ပန်းကန်ဆေးဆပ်ပြာရည်နဲ့ ပန်းသီးလဲတာ၊ အမျိုးသမီးသန့်ရှင်းရေးပစ္စည်းတွေနဲ့ ဟင်းသီးဟင်းရွက်နည်းနည်းပါပါးနဲ့လဲနေတာ၊ အဲဒီလို ဓာတ်ပုံ ဗီဒီယိုတွေကို တင်ထားတာတွေ့ရပါတယ်။

ဗီဒီယိုတစ်ခုမှာတော့ လူတစ်ယောက်က သူ့ရဲ့ Nintendo Switch ဂိမ်း ကွန်ထရိုးကို ခေါက်ဆွဲခြောက်ထုပ်နည်းနည်း၊ ပေါက်စီနှစ်လုံးနဲ့ လဲနေတဲ့ပုံကို တင်ထားပါတယ်။

"လူတွေက ကိုယ်နဲ့တစ်တိုက်ထဲမှာ နေကြသူတွေနဲ့ ပစ္စည်းတွေ၊ စားစရာတွေကို လဲနေကြရတယ်။ သူတို့မှာ ရှိတဲ့ စားစရာက မလောက်တော့ဘူး" လို့ ဝမ်လို့ခေါ်တဲ့ လူတစ်ယောက်က အာရ်အက်ဖ်အေအသံလွှင့်ဌာနကို ပြောပါတယ်။ အဲဒီသတင်းထဲမှာပဲ နောက်တစ်ယောက်ကလည်း သူ့ရဲ့ စမတ်ဖုန်းနဲ့ တက်ဘလက်ကို ဆန်နဲ့ လဲချင်တယ်လို့ ပြောခဲ့ပါတယ်။

"ကူရာကယ်ရာမဲ့ ဖြစ်နေကြတဲ့လူတွေက ကိုယ့်မှာရှိတာနဲ့ လဲစားနေရတဲ့ ခေတ်ကို ရောက်နေပြီ၊ အာလူးနဲ့ ဂွမ်းထုပ်တို့ နားကျပ်တန်တို့လဲနေရတယ်" လို့ ဝေဘိုမှာ တစ်ယောက်ကရေးသလို နောက်တစ်ယောက်ကတော့ "ရှေးဟောင်းခေတ်ကို ပြန်သွားခြင်း" ဆိုပြီး ရေးထားပါတယ်။

တချို့ကတော့လည်း အပြုသဘော အကောင်းမြင်ရေးကြတာတွေ့ရပါတယ်။ အိမ်နီးချင်းတွေက သူတို့မှာရှိတဲ့ စားစရာတွေ ဝေမျှေပေးကြတဲ့အတွက် သူတို့ရဲ့ ကြင်နာမှုကို ခံစားကြရတယ်လို့ ရေးတာမျိုးလည်း ရှိပါတယ်။

အခုနောက်ဆုံး တရုတ်မှာ ကိုဗစ်ကူးစက်မှုတွေ ပြန်တွေ့ရချိန်မှာ ရှီအန်းမြို့က အဓိကဗဟိုချက်ဖြစ်နေတာကြောင့် ဒေသအာဏာပိုင်တွေက တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ပိတ်ဆို့ခဲ့ပါတယ်။ ဒါကို အွန်လိုင်းမှာ ဝေဖန်မှုတွေလည်း အများကြီးပါ။

ဇန်နဝါရီလ ၁ ရက်နေ့ကဆို ညသန်းခေါင်ကျော်မှာပဲ မြို့ရဲ့တောင်ပိုင်း မင်ဒီ ၈ ယင်လီအိမ်ရာဝင်းကလူတွေကို သူတို့အိမ်တွေက ထွက်ခွာပြီး ကွာရန်တင်းဌာနတစ်ခုမှာ သွားနေရမယ်လို့ အာဏာပိုင်တွေက ညွှန်ကြားခဲ့ပါတယ်။

တနင်္လာနေ့မှာပဲ ဆိုရှယ်မီဒီယာပေါ်မှာ တက်လာတဲ့ ပို့စ်တစ်ခုကြောင့် လူတွေအတော် ထိတ်လန့်သွားခဲ့ကြပါတယ်။ အဲဒီအတည်မပြုနိုင်သေးတဲ့ ပို့စ်မှာ ရှီအန်းမြို့ခံတစ်ယောက်က သူ့အဖေကို ဆေးရုံတစ်ခုကို သွားပြတာ ဆေးရုံက မြို့ထဲမှာသတ်မှတ်ထားတဲ့ ကိုဗစ်စည်းမျဉ်းတွေကြောင့် လက်မခံနိုင်ဘူးလို့ ပြောခဲ့အပြီး နှလုံးရောဂါနဲ့ သေဆုံးသွားတယ်လို့ ရေးပြီးတင်ခဲ့တာပါ။ ဆေးရုံဘက်ကတော့ တုံ့ပြန်မှု မလုပ်သေးပါဘူး။

ကိုဗစ်ဗိုင်းရပ်စ်က တရုတ်မှာ စတွေ့ခဲ့တာပါ။ ဒါပေမဲ့ တရုတ်အစိုးရက ဒီဗိုင်းရပ်စ်ကို ထိန်းချုပ်ထားနိုင်အောင် အစွမ်းကုန်လုပ်ခဲ့တာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ပိုင်းလောက် အထိ ပြည်တွင်းကူးစက်မှုဆိုတာက မရှိသလောက်ဖြစ်နေပြီး ကူးစက်မှုတွေ့ရရင်လည်း နိုင်ငံခြားက လာသူတွဆီမှာလောက်ပဲ တွေ့ခဲ့ရပါတယ်။

တရုတ်အစိုးရရဲ့ "ကိုဗစ်လုံးဝကင်းစင်ရေး" ဗျူဟာအရ လူအများစုကို ကကွယ်ဆေးထိုးပေးထားရေး၊ စဉ်ဆက်မပြတ် ပိုးရှိမရှိ စစ်နေရေး၊ တစ်နိုင်ငံလုံးမှာရှိတဲ့ လူတွေရဲ့ သွားလာမှုကို စောင့်ကြည့်ရေး၊ အပူချိန်တိုင်းရေး နဲ့ ကိုယ့်မှာ ပိုးရှိမရှိပြနေမယ့် တယ်လီဖုန်း အက်ပ်တွေထည့်ထား ဆောင်ထားရေးတွေကို တင်းတင်းကျပ်ကျပ် လုပ်ခဲ့ပါတယ်။ ကူးစက်မှုဆိုတာတွေ တွေ့လာရင်ဆိုတဲ့ စိုးရိမ်စောင့်ကြည့်မှုတွေကိုလည်း အမြင့်ဆုံးထားလုပ်နေပြီး တွေ့လာရရင် တုံ့ပြန်အရေးယူမှုကလည်း ပြင်းထန်ပါတယ်။

ပိုးစတွေ့ကတည်းက တရုတ်ရဲ့ လမ်းစဉ်က အခုအတိုင်းပဲ ဖြစ်ခဲ့ပါတယ်။ ဒါကလည်း သမ္မတရှီကျင့်ဖျင်ကစလို့ ဟိုးအောက်ခြေကအရာရှိတွေအထိ တရုတ်မှာ အခုလို မလုပ်ရင် လူတွေဖျားနာ သေဆုံးမှုက သိပ်ကြီးမားများပြားသွားနိုင်ပြီး အဲဒီလို အဖြစ်ဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးအရ လက်ခံနိုင်စရာ မရှိဘူးလို့ ယူဆထားကြလို့ ဖြစ်ပါတယ်။ အစောပိုင်းက ဗိုင်းရပ်စ်ကို ပြည်တွင်းကူးစက်မှု ရပ်အောင်ထိန်းချုပ်နိုင်ခဲ့တာကို အာဏာရကွန်မြူနစ်ပါတီက သူတို့ရဲ့ အောင်မြင်မှု အဖြစ် ဂုဏ်ယူခဲ့ပါတယ်။ အခုအချိန်မှာ အဲဒီအခြေအနေတွေ ပျက်ပြားသွားရင် ပါတီရဲ့ သိက္ခာနဲ့ ယုံကြည်ရမှု ထိခိုက်မှာကို သူတို့ အဖြစ်မခံနိုင်ပါဘူး။

ပြည်တွင်းမှာ တရုတ်ပြည်သူအတော်များများကလည်း အခုလို အစိုးရရဲ့ တင်းကျပ်မှုတွေကို လက်ခံထားကြတဲ့ပုံတွေ့ရပါတယ်။ သူတို့အဖို့တော့ ပြည်တွင်းက ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အားကိုးလို့မရမှန်းလည်း သိထားကြလို့ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးထိခိုက်ဖျားနာပြီး သေဆုံးရဖို့ မပြောနဲ့ အလုပ်မလုပ်နိုင် အလုပ်ပြုတ်ရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုကိုက ပြည်သူတွေအတွက် အတော်ကြီး ထိတ်လန့်စရာပါ။

ဒါတွေအပြင် မကြာခင်ကျင်းပတော့မယ့် အိုလံပစ်ပွဲတွေကို လုံခြုံဘေးကင်းစွာကျင်းပနိုင်တယ်ဆိုတဲ့ ဂုဏ်သိက္ခာကိုလည်း အစိုးရက လိုချင်ပါတယ်။ နောက်တစ်ခါ လူသန်းပေါင်းများစွာ နိုင်ငံထဲ ခရီးသွားကြမယ့် နှစ်သစ်ကူးကလည်း လာတော့မှာမို့ တရုတ်အစိုးရအနေနဲ့ သူတို့ကိုင်စွဲထားတဲ့ "ကိုဗစ်လုံးဝကင်းစင်ရေး" ဗျူဟာနဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြောင်းပစ်မယ့်အလားအလာကတော့ မမြင်ရသေးဘူးလို့လည်း ဆိုရပါမယ်။

 

BBC

Read times Last modified on Wednesday, 05 January 2022 12:10
Rate this item
(0 votes)