What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 03 February 2022 11:28

ကာကွယ်ဆေးထိုးနှံပြီးသူများ (q) ဝင်စရာမလိုဘဲ ထိုင်းနိုင်ငံထဲ ဝင်ရောက်ခွင့်ပြု

ကာကွယ်ဆေးထိုးနှံပြီးသူများ (q) ဝင်စရာမလိုဘဲ ထိုင်းနိုင်ငံထဲ ဝင်ရောက်ခွင့်ပြု

ကမ္ဘာ့နိုင်ငံများအားလုံး နှင့် ဒေသများမှ ကာကွယ်ဆေးအပြည့်အဝထိုးနှံထားပြီးသူများကို ဖေဖော်ဝါရီ ၁ ရက် မှ စတင်ကာ သီးခြားခွဲနေထိုင်မှု(q) ဝင်စရာမလိုဘဲ ထိုင်းနိုင်ငံထဲ ဝင်ရောက်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ၊ ယင်းမှာ ခရီးသွားကဏ္ဍ နှင့် နိုင်ငံ့စီးပွားရေးပြန်လည် နလံထူရန် ထိုင်းအစိုးရ၏ နောက်ဆုံးလုပ်ဆောင်သည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်မည့် ကမ္ဘာ့နိုင်ငံများအားလုံး နှင့် ဒေသများမှ ခရီးသွားပြည်သူများအနေဖြင့် ကာကွယ်ဆေးအပြည့်အဝထိုးနှံထားပြီးပါက သီးခြားခွဲနေထိုင်မှု(q) မဝင်ရအောင် လျှောက်ထားနိုင်ပြီး ထိုင်းနိုင်ငံသို့ ၎င်းတို့ရောက်ရှိလာပြီးသည့်နောက် ပထမဆုံးနေ့ နှင့် ပဉ္စမမြောက်နေ့တို့တွင် RT-PCR ကိုဗစ်ရောဂါ စစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်း သိရသည်။
ယခင်က ထိုင်းနိုင်ငံ၏ ခရီးသွားများအတွက် သီးခြားခွဲနေထိုင်မှု(q) ကင်းလွတ်ခွင့်ပြု အစီအစဉ်တွင် ရောဂါကူးစက်မှုအန္တရာယ်နိုမ့်ပါးသည့် ကမ္ဘာ့နိုင်ငံ နှင့် ဒေသပေါင်း ၆၀ ကျော်မှ ခရီးသွားများကိုသာ ခွင့်ပြုထားခဲ့ရာမှ ယခုအခါကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ် ဖေဖော်ဝါရီလအတွင်း ထိုင်းနိုင်ငံထဲ ခရီးသည် သုံးသိန်းအထိ ဝင်ရောက်နိုင်ရန်မျှော်မှန်းထားကြောင်း နှင့် လာမည့် မတ်လတွင် ခရီးသည်များ ပိုမိုဝင်ရောက်လိမ့်မည်ဖြစ်ကြောင်း ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ Thanakorn Wangboonkongchana က ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်တွင်ထိုင်းနိုင်ငံသို့ နိုင်ငံတကာခရီးသွား စုစုပေါင်း ၄၂၇,၈၆၉ ဦးဝင်ရောက်ခဲ့ခြင်းနှင့်အတူ ယင်းနှစ် နိုဝင်ဘာလနှင့်ဒီဇင်ဘာလများအတွင်း ဝင်ရောက်မှုသည် တစ်နှစ်ပတ်လုံး ဝင်ရောက်မှု စုစုပေါင်း၏ လေးပုံသုံးပုံကျော်အထိ ရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ခရီးသွားနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ထိုင်းနိုင်ငံအစိုးရသည် ကပ်ရောဂါမတိုင်ခင် တိုင်းပြည်စီးပွားရေးကို ၂၀ ရာခိုင်နှုန်းကျော်အထိ အကျိုးပြု ထောက်ပံ့ပေးနေသည့် ခရီးသွားကဏ္ဍကို ကပ်ရောဂါဘေးဒဏ်ခံစားရခြင်းမှ ပြန်လည်ကုစားနိုင်ရန် ကူညီပံ့ပိုးရေးအစီအစဉ်အမျိုးမျိုးကို ဖွင့်ဟထုတ်ဖော်ခဲ့သည်။ ယင်းတို့ထဲတွင် ပြည်တွင်းခရီးသွားမြှင့်တင်ရေးအတွက် ငွေကြေးထောက်ပံ့ခြင်း နှင့် ကာကွယ်ဆေးထိုးနှံမှုအရှိန်အဟုန်မြှင့်တင်ခြင်းတို့လည်း အပါအဝင်ဖြစ်သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ထိုင်းနိုင်ငံ၌ COVID-19 ရောဂါကူးစက်မှုအသစ် ၇,၄၂၂ ခုရှိခဲ့ပြီး ပြီးခဲ့သော ၂၄ နာရီအတွင်း နောက်ထပ် သေဆုံးသူ ၁၂ ဦးရှိခဲ့ရာ ရောဂါကူးစက်ခံရသူစုစုပေါင်း ၂.၄၄ သန်းကျော် နှင့် သေဆုံးသူပေါင်း ၂၂,၁၈၅ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ထိုင်းနိုင်ငံ၏ လူဦးရေ သန်း ၇၀ နီးပါးအနက် ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူ ၆၉.၉ ရာခိုင်နှုန်း နှင့် အားဖြည့်ကာကွယ်ဆေး(booster) ထိုးနှံပြီးသူ ၂၀.၅ ရာခိုင်နှုန်းရှိကြောင်း ထိုင်းနိုင်ငံ COVID-19 ရောဂါအခြေအနေစီမံခန့်ခွဲရေးစင်တာ၏ ထုတ်ပြန်ချက်အရ သိရသည်။
(Xinhua)

Read times
Rate this item
(0 votes)