What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 18 September 2018 14:09

လေးဘက်နာအဖျား (Rheumatic Fever) ဆိုတာ ဘယ်လို လက္ခတွေလဲ

Rheumatic အဖျား ဆိုတာဟာ အကင်းသေအောင် မကုသလိုက်တဲ့ လည်ချောင်းနာ ဒါမှမဟုတ် အဝါရောင်အဖျား ရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါတမျိုး ဖြစ်ပါတယ်။

လည်ချောင်းနာ ဒါမှမဟုတ် အဝါရောင်အဖျားရောဂါတွေဟာ streptococcus ဘက်တီးရီးယားပိုးမွှားကြောင့် ဖြစ်ပေါ်လာတဲ့ ကူးစက်ရောဂါတွေ ဖြစ်ပါတယ်။

Rheumatic အဖျားရောဂါဟာ အသက် ၅နှစ်ကနေ ၁၅နှစ်အရွယ် ကလေးတွေမှာ အဖြစ်များတယ်ဆိုပေမယ့် ဒီ့ထက်ငယ်တဲ့ကလေးတွေနဲ့ အရွယ်ရောက်ပြီးသူတွေမှာလည်း ဖြစ်ပွါးလာနိုင်တဲ့ ရောဂါတမျိုးပါ။Rheumatic အဖျားရောဂါဟာ နှလုံး အဆို့ရှင်တွေ ပျက်စီးတာ၊နှလုံး အလုပ်မလုပ်တော့တာတို့အပါအဝင် (ပြန်ကောင်းမလာနိုင်တော့တဲ့) နှလုံးထိခိုက်မှုတွေကို ဖြစ်ပွါးစေနိုင်ပါတယ်။

ဒီရောဂါဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။

Rheumatic အဖျားရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

ဖျားနာခြင်း။ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း __ဒူးဆစ်၊ခြေကျင်းဝတ်၊တံတောင်ဆစ်နဲ့ လက်ကောက်ဝတ်တွေမှာ အများဆုံးဖြစ်လေ့ရှိပါတယ်။

နာကျင်ခြင်းဟာ အဆစ်တခုကနေ နောက်တခုကို ကူးပြောင်းရောက်ရှိသွားနိုင်ခြင်း။ အဆစ်အမြစ်တွေ နီရဲပူနွေးရောင်ရမ်းနေခြင်း။

အရေပြားအောက်ခြေမှာ (နာကျင်ခြင်းမရှိတဲ့)အဖုလေးတွေ ဖြစ်ပေါ်လာခြင်း။ ရင်ဘတ်အောင့်ခြင်း။ ပုံမှန်မဟုတ်သော နှလုံးခုန်သံများအား ကြားလာရခြင်း။ မောပန်းလွယ်ခြင်း။

အနားမညီညာသော အနီစက်များ ထွက်လာခြင်း (နာကျင်မှုမရှိ၊ခပ်ပြားပြား သို့မဟုတ် အနည်းငယ်ကြွနေတတ်သည်)။ မိမိစိတ်နဲ့ ထိန်းချုပ်လို့မရသော ခန္ဓာကိုယ်လှုပ်ရှားမှုများ ပေါ်ပေါက်လာခြင်း __ လက်၊ခြေထောက် နဲ့ မျက်နှာတွေမှာ အများဆုံး ဖြစ်ပွါးပါတယ်။

ပုံမှန်မဟုတ်တဲ့ အမူအကျင့်တွေ ဖြစ်ပေါ်လာခြင်း (ဥပမာ အကြောင်းမဲ့ရယ်ခြင်း၊ငိုခြင်း တို့နဲ့အတူ ပုံမှန်မဟုတ်သော ခန္ဓာကိုယ်လှုပ်ရှားမှုများ ပေါ်ပေါက်လာခြင်း) စတာတွေပဲ ဖြစ်ပါတယ်။

Rheumatic အဖျားရောဂါရဲ့ လက္ခဏာတွေက အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

Rheumatic အဖျားရောဂါဟာ လည်ချောင်းနာပြီး ရက်သတ္တပတ် နှစ်ပတ်ကနေ လေးပတ်အကြာမှာ ဖြစ်ပွါးလေ့ရှိပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Rheumatic အဖျားရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် မျိုးရိုးလိုက်ခြင်း : တချို့လူတွေဟာ Rheumatic အဖျားရောဂါကို ပိုဖြစ်စေနိုင်တဲ့ မျိုးဗီဇပစ္စည်းတွေကို သယ်ဆောင်ထားတတ်ပါတယ်။

strep ဘက်တီးရီးယား အမျိုးအစား ကွဲပြားခြင်း : တချို့ strep ဘက်တီးရီးယားတွေဟာ အခြား strep ဘက်တီးရီးယား မျိုးစိတ်တွေထက် Rheumatic အဖျားရောဂါကို ပိုဖြစ်စေနိုင်ပါတယ်။
ပတ်ဝန်းကျင်အကြောင်းအရာများ : လူဦးရေထူထပ်ခြင်း၊ပတ်ဝန်းကျင် မသန့်ရှင်းခြင်းနဲ့ strep ဘက်တီးရီးယား အလွယ်တကူ ပျံ့နှံ့စေ၊ထိတွေ့စေနိုင်တဲ့ အခြားသော အခြေအနေတွေကြောင့်လည်း Rheumatic အဖျားရောဂါကို ပိုဖြစ်စေနိုင်ပါတယ်။

Rheumatic Fever (လေးဘက်နာ အဖျား ) ကို ဘယ်လိုကုသပါသလဲ

Rheumatic အဖျားရောဂါကို ကုသတဲ့အခါမှာ အဓိကရည်ရွယ်ချက်တွေကတော့ ကျန်ရှိနေသေးတဲ့ group A streptococcal ဘက်တီးရီးယားတွေကို အပြီးအပိုင် ဖျက်ဆီးရှင်းလင်းပစ်ဖို့၊ရောဂါလက္ခဏာတွေကို သက်သာစေဖို့၊တစ်ရှူးပျက်စီးရောင်ရမ်းခြင်းကို ထိန်းချုပ်နိုင်ဖို့ နဲ့ နောက်တခါ ထပ်ဖြစ်လာမှာကို ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။

အောက်ပါဆေးဝါးတွေနဲ့ ကုသနိုင်ပါတယ်။

ပဋိဇီဝပိုးသတ်ဆေးများ : ကျန်ရှိနေသေးတဲ့ ဘက်တီးရီးယားတွေကို သုတ်သင်ဖို့အတွက် သင့်ဆရာဝန်အနေနဲ့ ပင်နီဆလင် ဒါမှမဟုတ် အခြားသော ပဋိဇီဝဆေးတွေကို ညွှန်ကြားပေးပါလိမ့်မယ်။သင့်အတွက် သတ်မှတ်ထားတဲ့ရက် နဲ့ ပမာဏအတိုင်း ပဋိဇီဝဆေးကို စနစ်တကျသောက်ပြီးပြီဆိုရင် Rheumatic အဖျားရောဂါ နောက်တခါထပ်မဖြစ်ဖို့အတွက် ဆရာဝန်အနေနဲ့ ပဋိဇီဝဆေး နောက်ထပ်တကျော့ ထပ်တိုက်မှာဖြစ်ပါတယ်။

ကာကွယ်တဲ့အနေနဲ့ ဒါမှမဟုတ် ဆေးသောက်တဲ့ကာလအနည်းဆုံး ၅နှစ်ပြည့်တဲ့အချိန်ထိ (ပိုကြာမယ့် နည်းလမ်းကို ရွေးချယ်ရပါမယ်) ပဋိဇီဝဆေးတွေကို စွဲသောက်ရမှာပါ။Rheumatic အဖျားရောဂါဖြစ်နေစဉ်ကာလမှာ နှလုံးရောင်ရမ်းခြင်း ဖြစ်ခဲ့ဖူးသူတွေအနေနဲ့ကတော့ ရောဂါကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့ ပေးတဲ့ ပဋိဇီဝဆေးကို အနည်းဆုံးဆယ်နှစ်တိတိ စွဲသောက်ရပါမယ် (ဒီ့ထက်လည်း ပိုကြာကောင်း ကြာနိုင်ပါတယ်)။

source:Dr. Thiha Phyo Myint (hellosayarwon)

Read:မိန်းမကိုယ်၊ မွေးလမ်းကြောင်းကနေ ကလေးမွေးခြင်းမှာ ဘယ်သူမှ မပြောကြတဲ့ အကြောင်းအရာ ၅ ခု

မိန်းမကိုယ်၊ မွေးလမ်းကြောင်းကနေ ကလေးမွေးခြင်းမှာ ဘယ်သူမှ မပြောကြတဲ့ အကြောင်းအရာ ၅ ခု

Read times
Rate this item
(1 Vote)