What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 24 July 2023 11:51

လူငယ်တွေမှာပါ အဖြစ်များလာတဲ့ အရိုးပါးခြင်းနဲ့ အရိုးပွခြင်း

အရိုးပါး၊ အရိုးပွရောဂါသည် သက်ကြီးပိုင်း အရွယ်များတွင် ပို၍ အဖြစ်များသော်လည်း မျက်မှောက်ကာလတွင် နေ့စဉ် အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း၊ ဆေးလိပ်နှင့် အရက်သောက်သုံးမှု များပြားခြင်းတို့ကြောင့် လူငယ်လူလတ်ပိုင်းများပါ ဖြစ်လာကြသည်။

 

ကြိုတင် ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ ကောင်း၏ ဆိုသည့်အတိုင်း အရိုးပါး၊ အရိုးပွရောဂါ မဖြစ်စေရန် အကောင်းဆုံးနည်းလမ်းမှာလည်း ကြိုတင် ကာကွယ်ခြင်းပင် ဖြစ်သည်။ 

 

မိမိကျန်းမာရေးအတွက် ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ခြင်းနှင့် အစားအသောက် ဂရုစိုက်ခြင်းတို့ကို ပြုလုပ်သင့်ပြီး အရက်နှင့် ဆေးလိပ်သောက်သုံးခြင်း၊ အငန်စားသုံးမှု များခြင်း၊ အချိုမှုန့်များ သုံးစွဲခြင်းနှင့် ကော်ဖီ သောက်သုံးမှု အလွန်အကျွံ ပြုလုပ်ခြင်း စသည်တို့ကို အဓိက ရှောင်ကြဉ်ကြရမည် ဖြစ်သည်။

 

အဓိကဖြစ်ပွားသော အကြောင်းရင်းများ

  •  မိသားစုမျိုးရိုးထဲတွင် အရိုးပွရောဂါ ဖြစ်ခဲ့ဖူးသော  မိသားစုဝင်များ၊ 
  • အချိန်ကြာကြာ ကိုယ်လက်လှုပ်ရှားမှု မရှိဘဲ  နေတတ်သူများ၊ 
  • ခန္ဓာကိုယ်အရပ်အမောင်းနှင့်  အလေးချိန်တွင် အချိုးအစား မမျှတသောသူများ၊ 
  • ဆေးလိပ်နှင့် အရက်ကို အလွန်အကျွံ သောက်သုံးကြသူများတွင် အရိုးပါး၊ အရိုးပွမှု ဖြစ်နိုင်ခြေ ပိုများသည်။ 

 

ရောဂါလက္ခဏာများ

  • အရိုးနှင့် ခါးရိုးများ နာကျင်ခြင်း၊ 
  • အရိုးကျိုးလွယ်ခြင်း၊ 
  • အရပ်အမောင်း နိမ့်ဆင်းသွားခြင်း၊ 
  • အရိုးပွခြင်းကြောင့် ကျောရိုးမှာ ဒဏ်မခံနိုင်တော့ဘဲ ခါးကုန်းလာခြင်း စသည်တို့သည် အရိုးပါး၊ အရိုးပွရောဂါ၏ သိသာ ထင်ရှားသော လက္ခဏာများဖြစ်ပြီး ရောဂါပိုမို မဆိုးရွာလာစေရန် အပြုအမူ၊ အနေအထိုင်ကို ဆင်ခြင်သင့်သည်။

 

အရိုးပါး၊ အရိုးပွရောဂါ စတင် ဖြစ်ပွားပါက ရောဂါအခြေအနေ ပိုဆိုးမလာစေရန်နှင့် အရိုး၏ သိပ်သည်းဆကို ပို၍ ကျမသွားအောင် ထိန်းထားရမည် ဖြစ်ပြီး အစားအသောက် ဂရုစိုက်ခြင်း၊ မပြင်းထန်သော လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ပေးခြင်းဖြင့် ရောဂါသက်သာအောင် လုပ်ဆောင်နိုင်သည်။ 

 

     Advertisement

Click Here > Golden Myanmar

 

ရောဂါကာကွယ်ရေးအတွက် ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝသော အစားအစာများကို ပုံမှန် စားသုံးပေးသင့်သည်။ ကယ်လ်ဆီယမ်ဓာတ်သည် အရိုးများကို သန်မာစေပြီး အရိုးတည်ဆောက်ရေး လုပ်ငန်းများကို မျှတအောင် ထိန်းညှိပေးသောကြောင့် ဖြစ်သည်။

 

ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝသော အစားအစာများ

  • နို့၊ ဒိန်ချဉ်၊ ပဲနို့၊ ချိစ်
  • ဆာဒင်းငါး၊ ဆယ်လ်မွန်ငါး
  • ဂေါ်ဖီ၊ ကိုက်လန်၊ ဟင်းနုနွယ်ရွက်
  • နှံစားသီးနှံများ
  • သစ်သီးဖျော်ရည်များ
  • အခွံမာသီးများနှင့် အစေ့အဆန်များ
  • ပဲအမျိုးမျိုး

 

ကယ်လ်ဆီယမ်ဓာတ်ကို စုပ်ယူရာတွင် ဗီတာမင်ဒီ၏ အခန်းကဏ္ဍမှာ အလွန် အရေးပါလှသည်။ ထို့ကြောင့် နေရောင်ခြည်ကို (၁၅) မိနစ်ခန့် ထိတွေ့ပေးခြင်း၊ ဖြည့်စွက်အာဟာရအဖြစ် ဗီတာမင်ဒီ ကြွယ်ဝသော အစားအစာများကို နေ့စဉ် စားသုံးပေးခြင်းတို့ ပြုလုပ်သင့်သည်။ 

 

ဗီတာမင်ဒီ ကြွယ်ဝသော အစားအစာများ

  • ငါးကြီးဆီ၊ ဆော်လမွန်ငါး၊ တူနာငါး၊ ဆာဒင်းငါး၊ ကာဗီးယားငါးဥ၊ မက်ကရယ်ငါး
  • ပြုပြင်ထားသော Oat အုတ်ဂျုံ အစေ့အဆန်များ
  • ကြက်ဥအနှစ် နို့နှင့် နို့ထွက်ပစ္စည်းများ၊ ဒိန်ချဉ်၊ ထောပတ်၊ ချိစ်၊ ဆိတ်နို့၊ ဒိန်ခဲ၊ ပဲနို့
  • ကြက်သားအဆီ၊ ကြက်ဆင်သား၊ ဝက်နံရိုး၊ ဝက်သားကင်၊ ဝက်မိုးခိုသား၊ အမဲသားအသည်း
  • ပင်လယ်စာ ကမာ၊ ပုဇွန်၊ ငါးရှဉ့်
  • လိမ္မော်သီး၊ သင်္ဘောသီး၊ သရက်သီး၊ မက်မွန်သီး၊ ထောပါတ်သီး
  • မုန်လာဥနီ၊ ကန်စွန်းဥ၊ ပန်းပွင့်စိမ်း၊ ရုံးပတီသီး၊ မှို၊ ပန်းငရုတ်ပွ
  • တိုဖူး

 

အရိုးပါး၊ အရိုးပွရောဂါ ကာကွယ်ရန်အတွက် လိုအပ်ပါက အားဆေးလည်း သောက်ပေးရမည်။ သောက်ရမည့် အားဆေး အမျိုးအစားနှင့် သောက်သုံးရန် အချိန်တို့ကိုမူ တတ်သိ နားလည်သော ဆရာဝန်နှင့် ဆွေးနွေးပြီးမှ သောက်သုံးသင့်သည်။

 

သက်ကြီးရွယ်အိုများအတွက် သတိပေးချက်

 

သက်ကြီးရွယ်အိုများသည် မိမိခန္ဓာကိုယ်ကို ဟန်ချက်ညီအောင်နှင့် တည်ငြိမ်အောင် မထိန်းထားနိုင်သည့်အတွက် မကြာခဏ လဲကျတတ်သည်။ ထိုသို့ လဲကျလျှင် အရိုးကျိုးနိုင်သောကြောင့် လဲကျစေနိုင်သည့် ပြဿနာများကို ဦးစွာ ဖြေရှင်းရမည် ဖြစ်သည်။

 

မျက်စိမှုန်ခြင်းကြောင့် ချော်လဲသည်ဆိုလျှင် မျက်မှန်တပ်ခိုင်းရမည်။ ဟန်ချက်ညီအောင် မထိန်းနိုင်၍ လဲကျတတ်သည်ဆိုလျှင် အရိုးသန်မာစေသည့် မပြင်းထန်သော လေ့ကျင့်ခန်းများကို ပြုလုပ်ခိုင်းရမည်။ ထို့ပြင် မချော်လဲစေရန် ရေချိုးခန်းနှင့် အိမ်သာတို့တွင် လက်ရန်းများ ပြုလုပ်ပြီး တပ်ဆင်ပေးထားသင့်သည်။

 

Read times Last modified on Monday, 24 July 2023 12:05
Rate this item
(0 votes)