What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 28 August 2018 11:54

ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံဖြစ်ဖို့အတွက် လိုက်နာရမယ့်အချက် (၁၀) ချက်

ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံဖြစ်ဖို့အတွက် လိုက်နာရမယ့်အချက် (၁၀) ချက် google.com

၁။ အစားအစာ အမျိုးအစားစုံလင်အောင်စားပါ။

ကျန်းမာရေးကောင်းဖို့အတွက် ကျွန်တော်တို့ဟာ အာဟာရဓာတ်အမျိုး (၄၀) ကျော်လိုအပ်ပြီး ဘယ်အစားအစာ တစ်ခုတည်းကမှ အဆိုပါအာဟာရဓာတ်အားလုံးကိုဖြည့်တင်းပေးနိုင်ခြင်းမရှိပါဘူး။

ဒါ့ကြောင့် အစားအစာတစ်ခုတည်းစားတာထက် ကျန်းမာရေးနဲ့ညီညွတ်ပြီး သင့်တင့်လိုက်ဖက်တဲ့အစားအစာမျိုးကိုပေါင်းစပ်ရွေးချယ်စားသုံးသင့်ပါတယ်။

  • အဆီဓာတ်ပါဝင်မှုနည်းတဲ့ညစာကိုစားသုံးပြီးပြီဆိုရင် နောက်တစ်နေ့ နေ့လည်စာကို အဆီဓာတ်အနည်းငယ် ပိုမိုပါဝင်တဲ့ အစားအစာရွေးချယ်ပါ။

  • ညစာမှာ အစားများများစားမိတယ်ဆိုရင်တော့ နောက်တစ်နေ့အတွက် ငါး ကိုရွေးချယ်သင့်ပါတယ်။

၂။ အစားအစာလျော့ချစားသုံးတဲ့အခါ ကစီဓာတ်ပါဝင်တဲ့အစားအစာတွေကို အခြေခံထားပါ။

ကျွန်တော်တို့ခန္ဓာကိုယ်ထဲကို နေ့စဉ်ထည့်သွင်းနေတဲ့ ကယ်လိုရီ ပမာဏရဲ့ တစ်ဝက်လောက်က ကစီဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေဖြစ်တဲ့ နှံစားပင်၊ ဆန်၊ ခေါက်ဆွဲခြောက်၊ အာလူးနှင့် ပေါင်မုန့်တို့လို အစားအစာတွေကတစ်ဆင့် ရရှိသင့်ပါတယ်။ ကိုယ်နေ့စဉ်စားသုံးတဲ့ အစားအစာတိုင်းမှာ အဆိုပါကစီဓာတ်ပါဝင်မှုများတဲ့ အစားအစာ တစ်မျိုးမဟုတ်တစ်မျိုးပါဝင်သင့်ပါတယ်။ ဂျုံနဲ့ပြုလုပ်တဲ့အစားအစာတွေဖြစ်တဲ့ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်နှင့် နှံစားပင်တို့က အမျှင်ဓာတ်ကိုရရှိစေပါတယ်။

၃။ ချေဖျက်ရန်မလွယ်တဲ့အဆီဓာတ်(ပြည့်ဝဆီ)နေရာမှာ ချေဖျက်ရန်လွယ်တဲ့အဆီဓာတ်(အဆီအက်စစ်)နဲ့ အစားထိုးပါ။

အဆီဓာတ်ဟာ ကျွန်တော်တို့ခန္ဓာကိုယ်ကျန်းမာရေးကောင်းစေဖို့နဲ့ ပုံမှန်လည်ပတ်နေဖို့အတွက်အထောက်အကူပြုပါတယ်။ ဒါပေမယ့်လည်း အဆီဓာတ်လိုတာထက်ပိုပြီးများနေခြင်းဟာ ခန္ဓာကိုယ်ကိုဝစေရုံသာမက နှလုံးနှင့်သွေးကြောကျန်းမာရေးကိုပါထိခိုက်စေပါတယ်။ အဆီဓာတ်ပေါင်းစုံကြောင့် ကျန်းမာရေးထိခိုက်မှုမျိုးစုံဖြစ်နိုင်တာကြောင့် သင့်တင့်မျှတတဲ့အဆီဓာတ်စားသုံးမှုပုံစံဖြစ်ဖို့ အချက်အလက်တချို့ကို ဖော်ပြပေးထားပါတယ်။

  • ကျွန်တော်တို့ ချေဖျက်ရန်မလွယ်တဲ့အဆီဓာတ်စားသုံးမှုကို အကန့်အသတ်ထားသင့်ပါတယ်။(အဆိုပါအဆီဓာတ်ဟာ အများအားဖြင့် တိရစ္ဆာန်တွေရဲ့အစိတ်အပိုင်းများမှရပါတယ်။)

  • တစ်ပတ်ကို ၂ ကြိမ်မှ ၃ ကြိမ်ခန့် ငါးကို စားသုံးခြင်းဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ချေဖျက်လွယ်တဲ့အဆီဓာတ်ကို မျှတစွာရရှိစေပါတယ်။

  • အစားအစာချက်ပြုတ်တဲ့နေရာမှာ ကြော်လှော်ခြင်းထက် ပြုတ်ခြင်း၊ ပေါင်းခြင်း၊ ဖုတ်ခြင်းတို့ကိုပိုပြီး ဦးစားပေးစားသင့်ပြီး အသားရဲ့အဆီများတဲ့နေရာကို ဖယ်ရှားစားသုံးသင့်ပါတယ်။ ကျန်းမာရေးအတွက် ဟင်းသီးဟင်းရွက်ဆီကို သုံးပြီး ချက်ပြုတ်သင့်ပါတယ်။

၎။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံစားသုံးပါ။

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေဟာ ကျွန်တော်တို့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တို့ကို အဓိကရရှိစေတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အသီးအနှံနဲ့ဟင်းသီးဟင်းရွက်တွေကို အနည်းဆုံး တစ်နေ့ ၅ ကြိမ်ခန့်စားသုံးသင့်ပါတယ်။ ဥပမာ - မနက်စာစားချိန်မှာ လတ်ဆတ်တဲ့အသီးဖျော်ရည်တစ်ခွက်နှင့် ပန်းသီးတစ်လုံး သို့မဟုတ် ဖရဲသီးအစိတ်အနည်းငယ်ခန့်စားသုံးပြီး ဟင်းသီးဟင်းရွက်တွေကို ပုံမှန်စားသုံးနေကျ နေ့လည်စာ၊ ညစာတို့မှာ ထည့်သွင်းစားသုံးသင့်ပါတယ်။

၅။ ဆားနှင့်သကြား စားသုံးမှုကို လျှော့ချပါ။

ဆားများများစားသုံးခြင်းဟာ သွေးပေါင်တက်စေပြီး နှလုံးသွေးကြောနှင့်သက်ဆိုင်သော ရောဂါဖြစ်ပွားမှုနှုန်းကိုတိုးစေပါတယ်။ မိမိတို့ပုံမှန်စားသုံးနေကျ အစားအစာထဲမှာ ဆားကိုလျှော့ပြီးစားသုံးဖို့အတွက် နည်းလမ်းများစွာရှိပါတယ်။

  • ဈေးဝယ်တဲ့အခါမှာ ဆိုဒီယမ်ဓာတ်နည်းပါးတဲ့ အစားအစာတွေကို ဝယ်ယူနိုင်ပါတယ်။

  • ဟင်းချက်တဲ့အခါ အနံ့အရသာပြည့်စုံဖို့အတွက် ဆားအစား အစပ်ပိုထည့်ခြင်းဖြင့် ဆားစားသုံးမှုကိုလျှော့ချနိုင်ပါတယ်။

  • စားသောက်တဲ့အခါ စားပွဲခုံပေါ်မှာ ဆားဗူးမတင်ထားတာ၊ ဆားမထည့်ဘဲ အရသာမြည်းတာ တွေလည်း ပြုလုပ်နိုင်ပါတယ်။

သကြားဟာ အချိုဓာတ်နဲ့ အရသာကောင်းမွန်စေဖို့အတွက် အထောက်အကူပြုပေမယ့် သကြားပမာဏများတဲ့ အစားအသောက်တွေဟာ စွမ်းအင်အများအပြားပါဝင်တာကြောင့် သကြားကို မဖြစ်မနေမှသာ စားသုံးသင့်ပြီး အစားအသောက်တွေ အရသာရှိဖို့နဲ့ အချိုဓာတ်ပါဝင်ဖို့အတွက် သကြားအစား အချိုဓာတ်ပါတဲ့အသီးအနှံတွေကို အသုံးပြုနိုင်ပါတယ်။

၆။ အချိန်မှန်စားပါ၊ ပမာဏမလွန်ကဲပါစေနဲ့။

အချိန်မှန်အစားစားခြင်းနဲ့ သင့်တော်တဲ့ပမာဏကိုသာစားသုံးခြင်းက ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။

အစားမစားဘဲနေခြင်း အထူးသဖြင့် မနက်စာမစားသုံးခြင်းဟာ အလွန်အမင်း ဗိုက်ဆာခြင်းကိုဖြစ်စေပြီး စားသုံးတဲ့အချိန်မှာ လိုအပ်တာထက် ပိုမိုစားသုံးမိစေနိုင်ပါတယ်။ မနက်စာနဲ့ နေ့လည်စာကြားမှာ သရေစာစားသုံးနိုင်ပေမယ့် သရေစာက အာဟာရမဖြစ်စေပါဘူး။ သရေစာအတွက် ဒိန်ချဉ်၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက် (မုန်လာဥနီ)၊ ဆားမပါတဲ့မြေပဲ၊ ဒါမှမဟုတ် ချိစ်ပေါင်မုန့်တို့ကို ရွေးချယ်သင့်ပါတယ်။

အစားအစာကို သင့်တော်တဲ့ပမာဏခန့်သာ စားသုံးခြင်းက ကယ်လိုရီဓာတ်ကိုလျော့နည်းစေသလို ကိုယ်စားချင်တဲ့အစားအစာကို မကြာခဏစားသုံးနိုင်တဲ့အတွက် တကူးတက အစာငတ်ခံပြီး ကိုယ်အလေးချိန်လျှော့စရာမလိုတော့ပါဘူး။

  • သင့်တော်တဲ့ပမာဏကိုသာချက်ခြင်းက အလွန်အကြူးစားသုံးခြင်းကို အဟန့်အတားဖြစ်စေပါတယ်။

  • သင့်တော်တဲ့မာဏကတော့ - အသား ၁၀၀ ဂရမ်၊ အလယ်အလတ်အရွယ် အသီးတစ်လုံး၊ ခေါက်ဆွဲခြောက်တစ်ဝက် တို့ဖြစ်ပါတယ်။

  • သေးငယ်တဲ့ပန်းကန်နဲ့ စားသုံးခြင်းဟာလည်း အစားအသောက်စားသုံးမှုကိုထိန်းချုပ်ပေးပါလိမ့်မယ်။

  • ကယ်လိုရီပမာဏဖော်ပြထားတဲ့ အသင့်စား အစားအသောက်တွေကို စားသုံးခြင်းဖြင့်လည်း ထိန်းချုပ်နိုင်ပါတယ်။

  • အပြင်မှာဝယ်စားတယ်ဆိုလည်း ၁ ပွဲမှာပြီး သူငယ်ချင်းနဲ့ တစ်ယောက်တစ်ဝက်ခွဲဝေစားသုံးလို့ရပါတယ်။

၇။ အရည်မျိုးစုံသောက်ပါ။

အရွယ်ရောက်ပြီးသားလူတစ်ယောက်အတွက် အနည်းဆုံး တစ်နေ့ကို အရည် ၁လီတာခွဲခန့်သောက်သုံးသင့်ပါတယ်။ အရမ်းပူတဲ့ရာသီဥတု သို့မဟုတ် အမြဲတမ်းလှုပ်ရှားသွားလာနေရသူတို့အတွက် ဒီထက်ပိုပြီးသောက်သင့်ပါတယ်။ ရေ ကတော့အကောင်းဆုံးပါပဲ။ ရေမှာမှ ဘုံပိုင်ရေ၊ ရေသန့်၊ အနံ့အရသာပါဝင်တဲ့ရေ စသဖြင့်အမျိုးမျိုးရှိပါတယ်။ အသီးဖျော်ရည်၊ ဘိလပ်ရည်(အချိုရည်)၊ နို့နှင့် အခြားအရည်တွေကိုလည်း အချိန်အပိုင်းအခြားအလိုက် လိုသလိုသောက်သုံးနိုင်ပါတယ်။

၈။ ကျန်းမာစေရန် ကိုယ်အလေးချိန်ထိန်းထားပါ။

သင့်တော်တဲ့ကိုယ်အလေးချိန်ရှိဖို့အတွက်က လူတစ်ဦးချင်းစီရဲ့ လိင်၊ အရပ်အမြင့်၊ အသက်အရွယ်အပိုင်းအခြား နှင့် မျိုးရိုးဗီဇတို့ အပေါ်မူတည်ပါတယ်။ အဝလွန်ခြင်းဟာ ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါအပြင် အခြားရောဂါများကို ဖြစ်ပွားနိုင်ချေများစေပါတယ်။

လိုအပ်တာထက်ပိုမိုစားသုံးခြင်းကလည်း ခန္ဓာကိုယ်ကို ဝစေပါတယ်။ ကယ်လိုရီဓာတ်ဟာ အသားဓာတ်၊ အဆီဓာတ်၊ ကစီဓာတ်နှင့် အယ်လ်ကိုဟောဓာတ်တို့မှာပါဝင်ပြီး အဆီဓာတ်မှာ အများဆုံးပါဝင်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ကယ်လိုရီဓာတ်လျော့ကျစေပြီး တစ်နေ့တာ လှုပ်ရှားသွားလာရအဆင်ပြေစေပါတယ်။ ပေးချင်တဲ့ မက်ဆေ့ခ်ျကတော့ ရှင်းပါတယ်၊ ဝလာပြီ ဝိတ်တက်လာပြီဆိုရင် အစာလျှော့စားရင်စား မစားရင် အားကစားလုပ်ပေးဖို့လိုပါတယ်။

၉။ လှုပ်ရှားသွားလာမှုကို အလေ့အထတစ်ခုအဖြစ် ပြုလုပ်ပေးပါ။

ဘယ်လိုခန္ဓာကိုယ်အချိုးအစား၊ အလေးချိန်မဆို လေ့ကျင့်ခန်းပြုလုပ်ပေးဖို့လိုပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ မလိုအပ်တဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး နှလုံးသွေးကြောလည်ပတ်မှုကို အားကောင်းစေပါတယ်။ ခန္ဓာကိုယ်လှပချင်သူတွေအတွက် ကြွက်သားတည်ဆောက်နိုင်သလို အာရုံစူးစိုက်မှုကိုလည်းကောင်းမွန်စေပါတယ်။ အားကစားသမားတစ်ယောက်လိုတော့ အလွန်အမင်းလေ့ကျင့်ဖို့မလိုအပ်ပါဘူး။ ၁ ပတ်မှာ ၁၅၀ မိနစ်လောက်အားကစားပြုလုပ်သင့်ပြီး တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့နေ့စဉ်နေထိုင်မှုဟာ အသားကျလာပါလိမ့်မယ်။ ဘယ်လိုလေ့ကျင့်ခန်းတွေပြုလုပ်နိုင်လဲဆိုရင် -

  • ဓာတ်လှေကားစီးမယ့်အစား လှေကားထစ်ကိုအသုံးပြုပါ။

  • နေ့လည်စာ စားချိန်မှာ ခဏတဖြုတ်လမ်းလျှောက်ပါ။ (ရုံးချိန်အတွင်းမကြာခဏ အကြောဆန့်ပါ။)

  • ရုံးပိတ်ရက်တွေမှာ မိသားစုလိုက် ကိုယ်လက်လှုပ်ရှားပြုလုပ်ပါ။ (ကစားနည်းတစ်ခုခု ကစားတာဖြစ်ဖြစ်၊ လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ်ပေါ့)

၁၀။ အခုအချိန်ကစပြီး တဖြည်းဖြည်းပြောင်းလဲလိုက်ပါတော့။

လက်ရှိနေထိုင်နေရဲ့ပုံစံကို ချက်ခြင်းကြီးပြောင်းလဲလိုက်တာထက် တဖြည်းဖြည်းချင်းပုံသွင်းယူတာက ပိုပြီးအဆင်ပြေပါတယ်။ ပြီးခဲ့တဲ့ ၃ ရက်တာအတွင်းမှာ အစားအသောက်တွေ ဘယ်လောက်စားသောက်ခဲ့လဲ၊ ကိုယ်လက်လှုပ်ရှားဘယ်လောက်ပြုလုပ်ခဲ့လဲဆိုတာ ချရေးထားလိုက်ပါ။ ဒီလိုလုပ်ခြင်းကြောင့် ကိုယ့်အခြေအနေတိုးတက်လာလားဆိုတာ ဆန်းစစ်နိုင်ပါတယ်။

  • မနက်စာမစားဘူးလား ? သစ်သီးခြောက်နဲ့နို့တစ်ခွက်၊ ပေါင်မုန့်တစ်ချပ်၊ အသီးတစ်လုံးစသဖြင့် စားပြီး နေ့စဉ်လူနေမှုပုံစံကိုပြောင်းလဲလိုက်ပါ။

  • အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်အနည်းငယ်သာစားဖြစ်လား ? စစချင်းမှာ တစ်နေ့တစ်လုံးဖြစ်ဖြစ် တိုးပြီးစားကြည့်ပါ။

  • ကိုယ်ကြိုက်တဲ့အစားအစာတွေဟာ ဝိတ်တက်စာတွေလား ? လုံးဝမစားဘဲနေလိုက်ခြင်းက ခဏတဖြုတ်တော့နေနိုင်ပေမယ့် သိပ်မကြာခင်မှာ အရင်ပုံစံပြန်ဖြစ်သွားမှာပါ။ ဒါ့ကြောင့် အဆီဓာတ်ပါဝင်မှုနည်းတဲ့အစားအစာတွေကို စားသုံးပါ၊ ကိုယ်ကြိုက်တဲ့အစားအစာတွေကို ပမာဏလျှော့ပြီး တစ်ခါတစ်လေမှ စားသုံးပေးပါ။

  • ကိုယ်လက်လှုပ်ရှားမှုနည်းနေလား ? နေ့တိုင်းလှေကားအတက်အဆင်းပြုလုပ်ခြင်းက လေ့ကျင့်ခန်းတစ်ခုစတင်ဖို့အတွက် အကောင်းဆုံးဖြစ်စေမှာပါ။

Health Products Directory

Nyi min khant

Read: သင် ငါးမျက်စိ ဆိုတဲ့ အရေပြားရောဂါဖြစ်နေပြီလား ??

သင် ငါးမျက်စိ ဆိုတဲ့ အရေပြားရောဂါဖြစ်နေပြီလား ??

Read times Last modified on Tuesday, 28 August 2018 14:16
Rate this item
(1 Vote)