What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 12 November 2018 17:04

အသက်နှစ် နှစ်ကလေးအရွယ်တွင် တွေ့နိုင်သည့် ဖွံ့ဖြိုးမှုများ

ကလေးတွေကို ထိန်းရတယ်ဆိုတာ တကယ်အံ့သြဖို့ကောင်းတဲ့အရာပါ။

မိမိ ကလေးငယ် ဘယ်တော့ လမ်းလျှောက်မလဲ၊ တီတီတာတာလေးတွေ စပြောမလဲ ဆိုတာကို ရင်ခုန်စွာ စောင့်ကြည့်နေရတာပါ။အသက်နှစ် နှစ်ကလေးများတွင် တွေ့နိုင်သည့် ဖွံ့ဖြိုးမှုများ အောက်ပါအချက်တွေက ကလေးတွေ အသက် နှစ်နှစ်လောက်မှာ လုပ်ဆောင်နိုင်တဲ့ အရာတွေ ဖြစ်ပါတယ်။

၁။ လမ်းလျှောက်တော့မယ်

ကလေးတစ်ယောက်ဖွံ့ဖြိုးမှုမှာ အံ့သြစရာအကောင်းဆုံးကိစ္စက အသက်နှစ် နှစ်လောက်မှာ ဖြစ်ပါတယ်။ ကလေးက အကူအညီမပါဘဲ ပထမဆုံး လမ်းလျှောက်ဖို့ ကြိုးစားချိန်ပဲ ဖြစ်ပါတယ်။ စစချင်းမှာတော့ လှုပ်လိလှုပ်လဲ့ ဖြစ်နေပေမဲ့ သူ ကြိုးစား လမ်းလျှောက်တာကို ကလေး အသက် ၉ လ နဲ့ ၁၇ လ ကြားမှာ(ပျမ်းမျှအားဖြင့် ၁၄ လ လောက်) မြင်တွေ့ရမှာပါ။

၂။ လျှောက်ပြေးချင်ပြီ

ကလေးလမ်းစလျှောက်ပြီး ၆ လ လောက် အကြာဆိုရင်တော့ သူပြေးတဲ့နောက် တစ်ကောက်ကောက် လိုက်ထိန်းဖို့သာ ပြင်ထားပါတော့။

၃။ တွယ်တက်မယ်

ကလေးငယ် တစ်ယောက်က သူကိုယ်တိုင် အပေါ်တက်လို့ရတယ်ဆိုတာ သိတာနဲ့ ဘယ်အမြင့်ကို ဖြစ်ဖြစ် တက်တော့မှာပါ။ လှေကားပေါ်တွေ၊ အိမ်က ပရိဘောဂပေါ်တွေ အကုန်ပါပါတယ်။ ဒါကြောင့် ကလေး ဒီအသက်အရွယ် ရောက်ရင်လည်း သူ့အနောက်က တစ်ချိန်လုံး လိုက်ကြည့်ဖို့သာ ပြင်ထားပါ။

၎။ ဘောလုံးကန်မယ်

ဘောလုံး ကန်တယ်ဆိုတာလည်း အရေးကြီးတဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု တစ်ခုပါပဲ။ ဘောလုံးကန်ဖို့ ဆိုတာ ကလေးရဲ့ ကြွက်သား ထိန်းချုပ်မှု ကောင်းလို့ ကန်နိုင်တာပါ။ ဒါ့အပြင် အရာဝတ္ထုတွေက ကန်လိုက်တိုင်း ဘောလုံးလို လိမ့်သွားလားဆိုတာ သိချင်လို့ စူးစမ်းတဲ့အနေနဲ့ အရုပ်တွေ၊ မုန့်တွေကိုပါ လိုက်ကန်နိုင်ပါတယ်။

၅။ ပုံဆွဲမယ်

ကလေးက ကျော်ကြားတဲ့ ပန်းချီဆရာကြီး ဖြစ်၊ မဖြစ် ဆိုတာ ပြောဖို့ကို ဒီအရွယ်မှာ စောပါသေးတယ်။ ဒါပေမဲ့ သူဆွဲလိုက်တဲ့ ပုံလေးတွေက မိဘတွေအတွက် အဖိုးမဖြတ်နိုင်ဖြစ်နေမှာတော့ သေချာပါတယ်။ ဒီလိုပုံလေးတွေ ဆွဲနိုင်တယ်ဆိုတာက လက်ချောင်းတွေက အနုစိတ် လှုပ်ရှားမှုကို ထိန်းချုပ်တဲ့ ကြွက်သားတွေ ကောင်းကောင်း အလုပ်လုပ်နိုင်လို့ ဖြစ်ပါတယ်။

၆။ စိတ်ကူးယဉ်မယ်

ကလေးတွေဟာ စိတ်ကူးယဉ်စ ပြုလာပါပြီ။ ၁၈ လ နဲ့ ၂၄ လကြားမှာ ကလေးငယ်ရဲ့ ဦးနှောက်က စိတ်ကူးပုံဖော်အား ကောင်းလာပါပြီ။ ကလေးငယ်ဟာ မကြာခဏ သူ့အရုပ်တွေကို မုန့်ခွံ့နေတာ၊ အရုပ်ဖုန်းနဲ့ ဖုန်းပြောနေတာမျိုးတွေ တွေ့ရမှာပါ။

၇။ တကယ်ပြောပြီ

ကလေးငယ် အသက် ၁၅ လ – ၁၈လ အရွယ်ဆိုရင် စကားကို ပီပီသသ ပြောပါတော့မယ်။ ၁၈ လ နဲ့ ၂၄ လ ကြားမှာဆိုရင် “တော်ပြီ၊ သွားမယ်” အစရှိတဲ့ စကားတွေ ရှင်းရှင်းလင်းလင်း ကြားရမှာပါ။ အသက်၂နှစ် လောက်ဆို စာကြောင်း ဆုံးအောင် ပြောနိုင်လာပါတယ်။

၈။ သူငယ်ချင်းတွေနဲ့ကစားမယ်

နှစ် နှစ်ပြည့်ပြီဆိုရင် ကလေးအများစုက တခြားကလေးတွေနဲ့ ပြောဆို ဆက်ဆံဖို့ စိတ်ဝင်စားလာပါပြီ။ ကလေးအချင်းချင်း အရုပ်တွေပေးပြီး အတူတူဆော့တာအထိ မဖြစ်သေးပေမယ့် ဒါဟာ သူတို့ရဲ့ လူမှုဆက်ဆံရေး နယ်ပယ်မှာ အဆင့် အများကြီး မြင့်လာပြီလို့ ဆိုနိုင်ပါတယ်။

အပေါ်မှာ ဖော်ပြထားတဲ့ ကလေးတွေ ဖွံ့ဖြိုးတဲ့အဆင့်ဆင့်ကို ကြည့်ပြီး မိဘတိုင်း ချစ်စရာကောင်းတဲ့ သားသားမီးမီးတွေနဲ့ ပျော်ရွှင်နိုင်ကြပါစေ။

Source:ဒေါက်တာ ထူးတင့်ကိုကို(ကျန်းကျန်းမာမာ)

Read times Last modified on Monday, 12 November 2018 17:13
Rate this item
(0 votes)