What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 12 May 2020 21:43

၂၀၂၀ အာဆီယံ- အမေရိကန် အမျိုးသမီးသိပ္ပံပညာရှင်ဆု အမျိုးသားအဆင့်မှာ မြန်မာပညာရှင် ဒေါက်တာသဲဝင့်အောင် ရွေးချယ်ခံရ

၂၀၂၀ အာဆီယံ- အမေရိကန် အမျိုးသမီးသိပ္ပံပညာရှင်ဆု အမျိုးသားအဆင့်မှာ မြန်မာပညာရှင် ဒေါက်တာသဲဝင့်အောင် ရွေးချယ်ခံရ BBC Burmese

၂၀၂၀ ခုနှစ် အာဆီယံ-အမေရိကန် အမျိုးသမီးသိပ္ပံပညာရှင်ဆု ကို ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ခေါင်းစဉ်အောက်ကနေ ရွေးချယ်ရာမှာ အမျိုးသားအဆင့် ဆန်ခါတင်စာရင်းမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဒေါက်တာသဲဝင့်အောင် အရွေးချယ်ခံခဲ့ရပါတယ်။

 

ဒေါက်တာသဲဝင့်အောင်ဟာ စွမ်းအင်၊ လေထုညစ်ညမ်းမှုနဲ့ ကျန်းမာရေးဆိုင်ရာသုတေသနတွေ ဆောင်ရွက် နေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးသိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး လက်ရှိမှာ အမေရိကန်နိုင်ငံ မှာ သုတေသနအလုပ်တွေကို တာဝန်ထမ်းဆောင်နေသူ ပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

 

' ' ဒီဆုက သိပ္ပံ နည်းပညာ၊ အင်ဂျင်နီယာဘာသာရပ် နဲ့ သင်္ချာ ပညာရပ်တွေမှာ အမျိုးသမီးပညာရှင်တွေ ပိုပြီး ပေါ်ထွက်လာအောင် တွန်းအားပေးဖို့ ချီးမြှင့်တဲ့ ဆုတစ်ခုဖြစ်ပါတယ်။ ဒီနှစ်ခေါင်းစဉ်က ကျွန်မလုပ်နေတာနဲ့လည်း ကိုက်တော့ ဝင်ပြိုင်ဖြစ်တာပါ။''လို့ နိုင်ငံအဆင့် ရွေးချယ်ခဲ့ရသူဒေါက်တာသဲဝင့်အောင်က ပြော ပါတယ်။

 

ဒီနှစ်အတွက် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှု ခေါင်းစဉ်အောက်ကနေ ယှဉ်ပြိုင်ရတာဖြစ်ပြီး အာဆီယံ နိုင်ငံတွေက အမျိုးသားအဆင့် ၁၀ ဦးရွေးရာမှာ ဒေါက်တာသဲဝင့်အောင်ရဲ့ နိုင်ငံ ၃ခုမှာပြုလုပ်ခဲ့တဲ့ စွမ်းအင်ကြောင့် လေထုညစ်ညမ်းမှုကတဆင့် ကျန်းမာရေးအပေါ် သက်ရောက်မှု ဆိုင်ရာသုတေသနတွေ့ရှိချက်လည်းပါပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံကမီးမရသေးတဲ့ဒေသတွေမှာ ဆိုလာနဲ့အသေးစား လျှပ်စစ်ဓာတ်အားရရှိဖို့ လုပ်ဆောင်ရာမှာ ဘယ်လို သက်ရောက်မှုရှိစေလဲဆိုတဲ့ သုတေသနကောက်ယူထားတဲ့အချက် အလက်တွေလည်း ပါပါတယ်။

 

မြန်မာနိုင်ငံရဲ့ လေထုအရည်အသွေးအခြေအနေကဘယ်လိုရှိလဲ


ဒေါက်တာသဲဝင့်အောင်ဟာ သူ့ရဲ့ လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးအပေါ်ထိခိုက်မှုရှိတယ်ဆိုတဲ့ သုတေသနတွေကို အိန္ဒိယနိုင်ငံ၊ မာလာဝီနိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှာ ပြုလုပ်ခဲ့တာဖြစ် ပါတယ်။

 

'' မြန်မာမှာက ၈၀ရာခိုင်နှုန်းလောက်က ကျေးလက်မှာနေတဲ့သူတွေပေါ့လေ။ ဟင်းထမင်းချက်ဖို့က ထင်းတို့ မီးသွေးကို သုံးတာများတယ်။ အဲဒီက ထွက်တဲ့ မီးခိုးတွေက အိမ်ထဲကလေထု အရည်အသွေးကို ထိခိုက် တယ်။ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အဆုတ်နဲ့ နှလုံးသွေးကြောတို့ကို ထိခိုက်တယ်။ မြန်မာမှာ ၈၀ ကျော်ရာခိုင်နှုန်းက သုံးနေတာဖြစ်တဲ့အတွက် ကျန်းမာရေးကို ထိခိုက်စေတယ်လို့ပြောနိုင် တယ်''လို့ မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတွေ့ရှိချက်တွေအရ သူကပြောပြပါတယ်။

 

ကမ္ဘာမှာ လူဦးရေထူထပ်တဲ့နိုင်ငံတွေမှာ တစ်နှစ်တာအတွင်းကောက်ယူထားတဲ့လေထုအရည်သွေး သတ်မှတ်ချက်တွေ( ဖုန်မွှားတိုင်းတာချက်)အရ အိန္ဒိယနိုင်ငံနဲ့တရုတ်နိုင်ငံတို့ က အမြင့်ဆုံးအခြေအနေမှာရှိတယ်လို့ သိရပါတယ်။

 

' ' အိန္ဒိယတို့ တရုတ်တို့ကတော့ လေထုညစ်ညမ်းမှုအမြင့်ဆုံးနိုင်ငံတွေထဲမှာပါတယ်။ မြန်မာကတော့ လူဦးရေကလည်း အဲလောက်မများဘူး။ ရန်ကုန်က အမေရိကန်သံရုံးမှာ တိုင်းတာ ထားတဲ့စက်အရ တစ်နှစ်တာအတွင်းမှာ တိုင်းတာချက်အရ ဆောင်းတွင်းမှာအမြင့်ဆုံးဖြစ်တယ်။ ဒါပေမယ့်လည်း WHO ရဲ့ဂိုက်လိုင်းအရတော့ ကျော်ပါတယ်။ တစ်နှစ်ကို ၁၀ ထက်မမြင့်သင့်ဘူးဆိုတော့ အဲထက်တော့ မြင့်နေပြီ။''လို့ သူကပြောပြပါတယ်။

 

မြန်မာနိုင်ငံမှာ လေထုညစ်ညမ်းမှုကို ဘယ်လိုလျှော့ချကြမလဲ


မြန်မာနိုင်ငံဟာ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းကောက်ယူမှုအချက်အလက်တွေအရ လူဦးရေ ၅၄ သန်း ကျော်ရှိပြီး ကမ္ဘာ့လူဦးရေထူထပ်တဲ့နိုင်ငံတွေလောက် လေထုညစ်ညမ်းမှုပမာဏ မမြင့်မားသေးပေမယ့် လည်း ကျန်းမာရေးစံနှုန်းသတ်မှတ်ချက်တွေအရတော့ မြင့်မားနေတာကြောင့် လျှော့ချဖို့လိုအပ်နေပြီလို့ ဒေါက်တာသဲဝင့်အောင်က သူပြုလုပ်ထားတဲ့ သုတေသနရလာဒ်တွေအရ ပြောပါတယ်။

 

'' လုပ်ရမယ့်နည်းက နေရာပေါ်မူတည်ပြီးလုပ်လို့ရတယ် ကျေးလက်မှာဆို ထင်းတို့ မီးဖိုတွေထက် လောင်စာသုံးပြီး မီးခိုးထွက်တဲ့ မီးဖိုတွေသုံးတာကို လျှော့ဖို့လိုတယ် မြို့တွေမှာဆို စက်ရုံတွေက ထွက်တဲ့ အခိုးအငွေ့တွေကိုလျှော့ချဖို့လိုတယ်။ ရန်ကုန်ပတ်ပတ်လည်မှာဆို စက်ရုံတွေကအများကြီးရှိနေတာ။ ပြီးတော့ ဒီဇယ်ကားတွေကထွက်တဲ့အငွေ့တွေက ကင်ဆာရောဂါဖြစ်စေနိုင်တယ်ဆိုတာကို ထုတ်ပြန် ထားပြီးလည်း ဖြစ်ပါတယ်။ဒါတွေကို လျှော့ရပါမယ်''လို့ သူက အကြံပြုပါတယ်။

 

လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာမှာနှစ်စဉ် လူသန်းနဲ့ချီ သေဆုံးမှုတွေရှိနေ


အိမ်တွင်းလေထုညစ်ညမ်းမှုနဲ့ ပြင်ပလေထုညစ်ညမ်းမှုအပါအဝင် လေထုညစ်ညမ်းမှုတွေကြောင့် တစ်ကမ္ဘာ လုံးမှာ လူဦးရေ ၅ သန်းလောက် နှစ်စဉ်အသက်ဆုံးရှုံးနေရတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်( WHO)အပါအဝင် အဖွဲ့အစည်းတွေရဲ့ ခန့်မှန်းတွက်ချက်ထားမှုအရ လာမယ့်၂၀၂၅ခုနှစ်မှာ အာဆီယံနိုင်ငံတွင်း နိုင်ငံတွေရဲ့လူဦးရေဟာ လက်ရှိ ၆၄၂သန်းကနေ သန်း ၆၆၀ ထိ မြင့်တက်လာဖို့ရှိတယ်လို့ိဆိုပါတယ်။

 

မြင့်တက်လာတဲ့လူဦးရေအချိုးအစားအရ လူတွေရဲ့နေထိုင်မှုပုံစံတွေကြောင့် ဆီးချို၊ ကင်ဆာ၊အဆုတ်၊ နှလုံးစတဲ့ NCDs(Noncommunicable disease) ရောဂါတွေကြောင့် အာဆီယံ နိုင်ငံတွေမှာ တစ်နှစ်ကို ၈ ဒဿမ ၅ သန်းလောက်သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

ဒီလိုသေဆုံးမှုနှုန်းတွေမြှင့်တက်မလာအောင်လျှော့ချနိုင်ဖို့အတွက် ဒီနှစ်မှာ ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ခေါင်းစဉ်နဲ့ သုတေသနတွေ့ရှိချက်တွေကို ပါဝင်ယှဉ်ပြိုင်စေခဲ့တာလည်း ဖြစ်ပါတယ်။

 

အာဆီယံ-အမေရိကန် အမျိုးသမီးသိပ္ပံပညာရှင်ဆုရှင်ကို ဘယ်လိုရွေးမှာလဲ


ဒီဆုရဲ့ နောက်ဆုံးအဆင့်အနေနဲ့ လက်ရှိ အမျိုးသားအဆင့် ၁၀ ဦးထဲက နောက်ဆုံးဆန်ခါတင်အနေနဲ့ ၂ဦးရွေးချယ်ပြီး ဒိုင်တွေရှေ့မှာ ပြုလုပ်ထားတဲ့သုတေသနရလာဒ်ရဲ့ အကျိုးသက်ရောက်မှုတွေကို ပြောဆို ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒိုင်တွေက နောက်ဆုံးအနိုင်ရသူတွေကို ရွေးချယ်ပေးမှာဖြစ်ပါတယ်။

 

နောက်ဆုံးအဆင့်ကို ဇွန်လအတွင်း လာအိုနိုင်ငံမှာ ကျင်းပသွားဖို့ လျာထားပေမယ့် ကပ်ရောဂါအခြေအနေအရ ရွေ့ဆိုင်းမလားဆိုတာကိုတော့မသိရသေးဘူးလို့ဆိုပါတယ်။

 

အာဆီယံ- အမေရိကန်အမျိုးသမီး သိပ္ပံပညာရှင်ဆုကို မြန်မာကရခဲ့ရင် ဘာအကျိုးရလဒ်တွေရှိမလဲ


အာဆီယံနိုင်ငံတွင်းက အမျိုးသီးပညာရှင်တွေကိုချီးမြှင့်တဲ့ အာဆီယံ-အမေရိကန် အမျိုးသမီး သိပ္ပံပညာရှင် ဆုကို ထိုင်းနိုင်ငံ၊ စင်္ကာပူ၊ ဖိလစ်ပိုင်စတဲ့ နိုင်ငံတွေကဆုရခဲ့ဖူးပြီး မြန်မာနိုင်ငံ ကတော့ ဆုရခဲ့တာမျိုးမရှိသေးပါဘူး။

 

' ' ဒီဆုကို မြန်မာကမရဖူးသေးတော့ ရခဲ့မယ်ဆိုရင် မြန်မာကလည်း ကမ္ဘာက သုတေသနပညာရှင်တွေနဲ့ တန်းတူလုပ်နိုင်တယ်ဆိုတာသိသွားမယ်။ ပြနိုင်မယ်။ မြန်မာနိုင်ငံရဲ့အခြေ အနေကိုသိပြီး ကမ္ဘာနိုင်ငံတွေရဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေလည်း ပိုရလာနိုင်မယ်လို့ ထင်တယ်။ အာဆီယံနိုင်ငံတွေမှာလည်း လေထု ညစ်ညမ်းမှုနဲ့ပတ်သက်ပြီး လုပ်နေတာတွေရှိပါတယ်။ မြန်မာအနေနဲ့လည်း ပူးပေါင်းပြီးလုပ်လို့ရမယ်။ နောက်လေထုညစ်ညမ်းမှုတင်မကဘူး ဆက်စပ်လို့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေမှာ တခြားနိုင်ငံတွေနဲ့ ပိုပြီး ပူးပေါင်းမှုတွေ လုပ်လာနိုင်မယ်။''

 

ဒါအပြင် မြန်မာနိုင်ငံအနေနဲ့လည်း သုတေသနကောက်ယူမှုတွေကို အရင်ထက်ပိုပွင့်လင်းစွာ လုပ်ကိုင် လာနိုင်တဲ့အခြေနေမှာ ရေရှည်စီမံကိန်းတွေရေးဆွဲနိုင်ဖို့အတွက် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အချက်အလက်တွေကို ယခုအချိန်ကတည်းကစတင်ကောက်ယူတာတွေကိုလုပ်ဆောင်သင့်ပြီလို့ သူကဆိုပါတယ်။

 

'' ဒါမှ ငါတို့ ဆယ်နှစ်လောက်တုံးကဘယ်လိုအခြေအနေရှိခဲ့တယ်။ ကောင်းမွန်အောင်ဘယ်လိုလုပ်မလဲ သိနိုင်မယ်။ ' လို့ သူက သုတေသနအချက်အလက်တွေရဲ့အရေးပါပုံကို ထောက်ပြပါတယ်။

 

BBC Burmese

Read times
Rate this item
(0 votes)