What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 14 August 2020 09:30

တစ်လ ကျပ်တစ်သောင်းခွဲ ပုံမှန်ထောက်ပံ့မည့် MCCT စီမံချက် အတွက် AYA PAY နှင့် KBZPay အသုံးပြုမည်

ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ် (Maternal and Child Cash Transfer) တွင် အကျိုးခံစားခွင့်ရသူ ထောင်ပေါင်းများစွာအတွက် မိုဘိုင်းဖုန်းဖြင့် ငွေလွှဲပြောင်းပေးအပ်မှုများ ပြုလုပ်ပေးရန် ဧရာဝတီဘဏ်နှင့် ကမ္ဘောဇဘဏ်တို့ အတူတကွ ဆောင်ရွက်မည်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ စတင်ဆောင်ရွက်မည်။ ထို့အတွက် AYA PAY နှင့် KBZPay တို့၏ မိုဘိုင်းပိုက်ဆံအိတ် နည်းပညာကို အသုံးပြုမည်။

 

YA PAY နှင့် KBZPay တို့သည် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့် (MCCT) စီမံချက်အတွင်း ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တစ်ဝန်းရှိ အကျိုးခံစားခွင့်ရသူများအား ထောက်ပံ့ကြေး လွှဲပြောင်းပေးအပ်ရန် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာလိုက်ပါသည်။ အဆိုပါ MCCT စီမံချက်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေသည့် စီမံချက်တစ်ခု ဖြစ်ပါသည်။


လစဉ် ကျပ် ၁၅,၀၀၀ နှုန်းဖြင့် ၃ လ တစ်ကြိမ် ထောက်ပံ့
===
ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့် (MCCT) စီမံချက်သည် ကလေးသူငယ်များ ပုညှက်မှုနှုန်း လျှော့ချပေးရေးအတွက် ရည်ရွယ်ခဲ့ပြီး အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် ပံ့ပိုးပေးမည့် ဝန်ဆောင်မှုများကို ပိုမို အကျိုးရှိစွာ အသုံးချတတ်ရန်၊ အာဟာရပြည့်ဝစွာ စားသုံးတတ်သည့် အခြေခံ အမူအကျင့်များကို ပိုမို လိုက်နာကျင့်သုံးတတ်စေရန် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

အဆိုပါ စီမံချက်၏ တစ်စိတ်တစ်ဒေသအဖြစ် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့ ကလေးငယ်များ၏ ကနဦး ရက်(၁,၀၀၀) ကာလအတွင်း ငွေကြေးထောက်ပံ့သည့် အစီအစဉ်တစ်ခုကို ပြုလုပ်မည် ဖြစ်ပါသည်။ MCCT အကျိုးခံစားခွင့်ရသူများအား ၎င်းတို့၏ ကလေးငယ် သန္ဓေသားအရွယ်မှစ၍ နှစ်နှစ်မြောက်မွေးနေ့အထိ လစဉ် ငွေကျပ် (၁၅,၀၀၀) နှုန်းဖြင့် (၃) လ တစ်ကြိမ် ထောက်ပံ့ ငွေ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ပါသည်။ အဆိုပါ ထောက်ပံ့ကြေးငွေဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးမွေးဖွားပြီး မိခင်များမှာ အာဟာရပြည့်ဝစေမည့် ဖြည့်စွက်အစားအစာများ ဝယ်ယူနိုင်ပြီး ကိုယ်ဝန်ဆောင်ချိန်နှင့် မွေးဖွားပြီးချိန်တွင် လိုအပ်သော စောင့်ရှောက်မှုများ ရရှိနိုင်မည် ဖြစ်ပါသည်။

 

ပြည်နယ် ၄ ခု တွင် ဆောင်ရွက်ခဲ့
===
၂၀၁၇ ခုနှစ်မှစ၍ MCCT စီမံချက်ကို ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အင်တိုက်အားတိုက် စီစဉ်ဆောင်ရွက်ခဲ့ပြီး အကျိုးခံစားခွင့်ရသူများကို ငွေသားဖြင့် ထောက်ပံ့ကြေးထုတ်ပေးသည့် နည်းလမ်းမှာ လိုအပ်ချက်များစွာ ဖြစ်စေခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။ ငွေသားဖြင့် ပေးအပ်ခြင်းကြောင့် ဖြစ်ပေါ်စေသည့် နှောင့်နှေးကြန့်ကြာမှုများမှ ကာကွယ်နိုင်ရန်နှင့် ငွေကြေးကဏ္ဍဦးဆောင် ဒစ်ဂျစ်တယ်မိုဘိုင်းပိုက်ဆံအိတ် နည်းပညာကို အသုံးချနိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်ရှိ အကျိုးခံစားခွင့်ရသူများအား ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေလွှဲပြောင်းပေးအပ်ရာတွင် AYA PAY နှင့် KBZPay တို့အား တာဝန်ပေးခဲ့ခြင်း ဖြစ်ပါသည်။

 

လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ စန်းစန်းအေး က “MCCT အစီအစဉ်က ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ မွေးကင်းစအရွယ်နဲ့ အသက်နှစ်နှစ်အောက် ကလေးငယ်တွေ၊ သူတို့ရဲ့ မိသားစုတွေ အပါအဝင် အာဟာရအညွှန်းကိန်း နိမ့်ကျနေတဲ့ အရပ်ဒေသတွေမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် တကယ့်ကို အကျိုးရှိစေမှာပါ။ ကျွန်မတို့ အတွေ့အကြုံအရ MCCT အကျိုးခံစားခွင့်ရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဘဏ်ဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်ထားတာမျိုး မရှိသလို ငွေကြေးဝန်ဆောင်မှုတွေကိုလည်း ကောင်းကောင်းအသုံးမပြုနိုင်ကြပါဘူး။ ဒါ့ကြောင့် သူတို့တွေအတွက် လုံခြုံစိတ်ချရပြီး အကုန်အကျ သက်သာစေမယ့် ခေတ်မီနည်းပညာတစ်ခုနဲ့ ဒစ်ဂျစ်တယ်စနစ် ငွေလွှဲပြောင်းမှု ပြုလုပ်ပေးနိုင်ဖို့ AYA PAY နဲ့ KBZPay ကို ရွေးချယ်ခဲ့တာပါ။

 

အခုဆိုရင် အကျိုးခံစားခွင့်ရသူတွေဟာ မိုဘိုင်းပိုက်ဆံအိတ်တွေကနေတဆင့် ငွေကြေးဝန်ဆောင်မှုတွေကို ရယူနိုင်တော့မှာဖြစ်လို့ ကျွန်မတို့ရဲ့ MCCT စီမံချက်ကို ပိုပြီး မြန်ဆန်၊ တိကျ၊ ထိရောက်မှုရှိပြီး ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်နိုင်မယ့်အပြင် AYA PAY နဲ့ KBZPay အနေနဲ့လည်း အားလုံး ပါဝင်နိုင်တဲ့ ဘဏ္ဍာရေးစနစ်တစ်ခု ဖော်ဆောင်ပေးဖို့ ဆက်လက် ကြိုးပမ်းလုပ်ကိုင်သွားနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

 

၃ ဦးမှာ ၁ ဦး ပုညှက်

မွေးကင်းစနှင့် ကလေးငယ်အရွယ်တွင် အာဟာရချို့တဲ့ပါက ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်ပြီး အရွယ်ရောက်သည့်အချိန်တွင် လေ့လာသင်ယူနိုင်စွမ်းနှင့် လက်တွေ့စွမ်းဆောင်နိုင်စွမ်းတို့ ကျဆင်းကာ အလုပ်အကိုင် အခွင့်အလမ်း ရရှိမှုအထိ အကျိုးသက်ရောက်နိုင်ပါသည်။ ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် အသက်ငါးနှစ်အောက် ကလေးငယ် သုံးဦးအနက် တစ်ဦးမှာ ပုညှက်နေပြီး အချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကလေးငယ် ဆယ်ဦးအနက် လေးဦးမှာ ပုညှက်နေကြောင်း ဖော်ပြထားသည်။

 

ရန်ကုန် တိုင်းဒေသကြီး မြို့နယ်လေးမြို့နယ်တွင် ပုညှက်နှုန်း ၂၉ ရာခိုင်နှုန်းနှင့်အထက် ရှိနေ


ဒစ်ဂျစ်တယ်စနစ်သုံး ငွေလွှဲပြောင်းပေးအပ်မှု

အဆိုပါ အစီအစဉ် စတင်အကောင်အထည်ဖော်မည့် ကနဦး လေးနှစ်တာ စီမံချက်ကာလအတွင်း တိုင်းနှင့်ပြည်နယ်အသီးသီးရှိ နေရာဒေသအားလုံးတွင် ဆောင်ရွက်နိုင်မည်ဆိုပါက ဧရာဝတီတိုင်းဒေသကြီး၌ အကျုံးဝင်သည့် အိမ်ထောင်စုပေါင်း ခန့်မှန်းခြေ (၄၈၃,၀၀၀) ခန့်နှင့် ရှမ်းပြည်နယ်၌ အကျုံးဝင်သည့် အိမ်ထောင်စုပေါင်း ခန့်မှန်းခြေ (၄၈၇,၀၀၀) ခန့်မှာ ထောက်ပံ့ကြေး လက်ခံရယူရန် ငွေလွှဲပြောင်းမှု အနည်းဆုံး တစ်ကြိမ်စီ ပြုလုပ်ရမည် ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း အစီအစဉ်တွင် အကျုံးဝင်သည့် လူဦးရေ၏ အနည်းဆုံး (၈၀%) နှင့် ရှမ်းပြည်နယ်အတွင်း အစီအစဉ်တွင် အကျုံးဝင်သည့် လူဦးရေ၏ အနည်းဆုံး (၆၀%) မှာ ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေလွှဲပြောင်းပေးအပ်မှုကို ရယူနိုင်ကြမည်ဟု ခန့်မှန်းထားပါသည်။



ဧရာဝတီဘဏ်နှင့် ကမ္ဘောဇဘဏ်တို့သည် ၎င်းတို့၏ နည်းပညာပလက်ဖောင်းများနှင့် ငွေပေးချေသည့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးမည့်အပြင် ထောက်ပံ့ကြေးငွေ ပေးအပ်သည့် အစီအစဉ် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် လက်တွေ့ကွင်းဆင်း ဆောင်ရွက်မှုများကိုလည်း စနစ်တကျ လုပ်ကိုင်သွားမည် ဖြစ်ပါသည်။ အဆိုပါ ဆောင်ရွက်မှုများတွင် အကျိုးခံစားခွင့် ရသူများအား ငွေထုတ်ပေးရန် AYA PAY နှင့် KBZPay တို့၏ အင်အားတောင့်တင်းသော ကိုယ်စားလှယ်ကွန်ရက်တစ်ခု တည်ဆောက်ပေးခြင်းနှင့် မိုဘိုင်းပိုက်ဆံဖြင့် စတိုးဆိုင်များတွင် ဝယ်ယူနိုင်ရန် ကြီးမားကျယ်ပြန့်သည့် ဈေးဆိုင်ပိုင်ရှင် ကွန်ရက်တစ်ခုတို့ ဖော်ဆောင်ပေးခြင်းတို့လည်း အပါအဝင် ဖြစ်ပါသည်။



ဧရာဝတီဘဏ်၏ ဒစ်ဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ စီမံခန့်ခွဲမှုဒါရိုက်တာ၊ ဦးငြိမ်းချမ်းစိုးဝင်း က "အခုလို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ရဲ့ AYA PAY မိုဘိုင်းပိုက်ဆံအိတ်နဲ့ AYA PAY အေးဂျင့်ချန်နယ်တွေ ပူးပေါင်းပြီး MCCT စီမံချက်အတွင်း လုံခြုံမှုရှိတဲ့ အီလက်ထရောနစ် ငွေလွှဲပြောင်းပေးချေမှု လုပ်ငန်းစဉ် ဆောင်ရွက်ဖို့ ပူးပေါင်းပါဝင်ခွင့်ရတဲ့အတွက် ဝမ်းမြောက်ကျေနပ်မိပါတယ်။ ဧရာဝတီတိုင်း ဒေသကြီးမှာရှိတဲ့ ထောင်ပေါင်းများစွာသော ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်တွေနဲ့အတူ ငွေပေးချေမှုအတွက် ဝန်ဆောင်မှုပေးတဲ့သူတစ်ဦးအနေနဲ့ လိုအပ်တဲ့ အာဟာရဆိုင်ရာ ဝန်ဆောင်မှုတွေ ရယူနိုင်အောင် ဆောင်ရွက်ပေးရုံသာမက ဘဏ်ဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်မထားရသေးတဲ့ အကျိုးခံစားခွင့်ရသူ အများကြီးကို ဒစ်ဂျစ်တယ်နဲ့ ငွေကြေးဆိုင်ရာ အသိပညာတွေ မျှဝေပေးသွားမှာပါ။

 

ဒီ MCCT စီမံချက်မှာ KBZPay နဲ့အတူ ပူးတွဲဆောင်ရွက်ရတဲ့အတွက်လည်း အထူး ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒါဟာ နိုင်ငံတော်အစိုးရရဲ့ COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်ကို ပံပိုးကူညီပြီး အခြေခံလူတန်းစားတွေအထိ အကျိုးခံစားခွင့်ရအောင် ဆောင်ရွက်ပေးမယ့် ဘဏ်လုပ်ငန်းနယ်ပယ်ရဲ့ ပထမဦးဆုံးသော ပူးပေါင်းဆောင်မှု ဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ မိုဘိုင်းပိုက်ဆံအိတ် အသုံးပြုသူအရေအတွက် တိုးပွားလာအောင် ဆောင်ရွက်ပြီး အားလုံးပါဝင်နိုင်တဲ့ ဘဏ္ဍာရေးစနစ်တစ်ခု ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်နေတဲ့ နိုင်ငံတော်ရဲ့ လှုပ်ရှားမှုတွေကို တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

 

ကျွန်တော်တို့ ဧရာဝတီဘဏ်အနေနဲ့ တစ်ဖက်မှာလည်း ဧရာဝတီဖောင်ဒေးရှင်းကနေတဆင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားနေရတဲ့ လူမှုအသိုင်းအဝိုင်းတွေကို အဆက်မပြတ် ကူညီပံ့ပိုးပေးခဲ့ပါတယ်။ မကြာခင်အချိန်အတွင်းမှာလည်း အကျိုးခံစားခွင့်ရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်ချန်နယ်တွေကနေ ပိုပြီး ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ပြောသည်။



ကမ္ဘောဇဘဏ်၏ လက်ထောက်စီမံခန့်ခွဲမှုဒါရိုက်တာ Mr. Robin Chua က “အခုလို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး အာဟာရအညွှန်းကိန်း မြင့်မားဖို့ လိုအပ်နေတဲ့ အရပ်ဒေသမှာ နေထိုင်သူတွေကို ကူညီပံ့ပိုးပေးမယ်ဆိုတဲ့ ပန်းတိုင်ကို ရောက်ရှိဖို့ ကြိုးပမ်းဆောင်ရွက်ရာမှာ တစ်ထောင့်တစ်နေရာက ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာကျေနပ်မိပါတယ်။ ကျွန်တော်တို့ရဲ့ လုံခြုံရေးပိုင်းမှာ အထူးစိတ်ချရတဲ့ KBZPay မိုဘိုင်းပိုက်ဆံအိတ်နဲ့ ကြီးမားကျယ်ပြန့်လှတဲ့ ကိုယ်စားလှယ်ကွန်ရက်ကနေတဆင့် အကျိုးခံစားခွင့်ရမယ့်သူတွေရဲ့ ထောက်ပံ့ကြေးငွေတွေကို လုံခြုံမှုအပြည့်နဲ့ လွှဲပြောင်းပေးအပ်ရာမှာ ပိုပြီး အရှိန်ဟုန်မြှင့် ဆောင်ရွက်ပေးနိုင်မှာပါ။

 

ဒီထောက်ပံ့ကြေးတွေက ကိုယ်ဝန်ဆောင်မိခင်နဲ့ သူတို့ရဲ့ ကလေးငယ်တွေအတွက် အာဟာရပြည့်ဝအောင် နေထိုင်စားသောက်တဲ့ အလေ့အကျင့်တွေ ပိုရလာပြီး စောင့်ရှောက်မှုတွေ ရှာဖွေနိုင်အောင် ပံ့ပိုးပေးနိုင်မှာပါ။ MCCT စီမံချက်အတွက် AYA PAY နဲ့အတူ ဆောင်ရွက်သွားမယ့် ကျွန်တော်တို့ရဲ့ ပံ့ပိုးမှုတွေက နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ လူမှုအသိုင်းအဝန်းအတွက် ကူညီထောက်ပံ့သွားမယ်ဆိုတဲ့ ကမ္ဘောဇဘဏ်ရဲ့ ရည်မှန်းချက်နဲ့လည်း တစ်သားတည်း ဖြစ်နေပြီး မြန်မာနိုင်ငံရဲ့ လူမှုစွမ်းအား ဖွံ့ဖြိုးတိုးတက်မှုမှာ မိုဘိုင်းပိုက်ဆံအိတ် နည်းပညာက ဘယ်လို အထောက်အကူပြုနိုင်လဲဆိုတာ အကောင်းဆုံး စံနမူနာတစ်ခုအဖြစ် ပြသသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီစီမံချက်က ထောင်ပေါင်းများစွာသော ပြည်သူတွေကို မိုဘိုင်းငွေကြေး ဝန်ဆောင်မှုနဲ့ မိတ်ဆက်ပေးနိုင်တဲ့အတွက် နိုင်ငံတော် အစိုးရက ချမှတ်ထားတဲ့ COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်မှာ ပါဝင်တဲ့ ပန်းတိုင်တစ်ခုနဲ့လည်း ကိုက်ညီတယ်လို့ ပြောလို့ရပါတယ်” ဟု ဆိုသည်။

အကျိုးခံစားခွင့်ရယူရန် စာရင်းပေးသွင်းလိုပါလျှင်

MCCT ထောက်ပံ့ကြေးငွေ ပေးအပ်သည့် အစီအစဉ်တွင် အကျိုးခံစားခွင့်ရယူရန် စာရင်းပေးသွင်းလိုပါက ဆေးရုံ၊ ဆေးခန်း တစ်ခုခုမှ ပေးအပ်သည့် ကိုယ်ဝန်ရှိကြောင်း အထောက်အထားကို တင်ပြရမည် ဖြစ်ပါသည်။ အဆိုပါ စာရင်းပေးသွင်းမှုများကို AYA PAY နှင့် KBZPay တို့ဖြင့် ချိတ်ဆက်ထားသော MCCT စီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ်အတွင်းသို့ ထောက်ပံ့ကြေးငွေပေးအပ်ရန် အကျိုးခံစားခွင့်ရှိသူအဖြစ် အချက်အလက်များ မထည့်သွင်းမီ လူမှုဝန်ထမ်းဦးစီးဌာနက စိစစ်အကဲဖြတ်ပေးမည် ဖြစ်ပါသည်။

 

AYA PAY အကြောင်း

AYA PAY သည် ဧရာဝတီဘဏ်၏ အားလုံးပါဝင်အသုံးပြုနိုင်သည့် ဘဏ္ဍာရေးစနစ် အကောင်အထည်ဖော်ရေး ရည်မှန်းချက်အရ ဘဏ်ဝန်ဆောင်မှု အလုံအလောက် မရနိုင်သော၊ ဘဏ်ဝန်ဆောင်မှု ရယူထားခြင်းမရှိသော ပြည်သူများထံ နေရာမရွေး အသုံးပြုနိုင်မည့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ဆောင်ရွက်နေသည့် ဧရာဝတီဘဏ် ဒစ်ဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ ချန်နယ်များအတွင်းမှ မိုဘိုင်းပိုက်ဆံအိတ် ပလက်ဖောင်းတစ်ခု ဖြစ်ပါသည်။

 

AYA PAY မိုဘိုင်းပိုက်ဆံအိတ်ဖြင့် အသုံးပြုသူများမှာ အခြား AYA PAY မိုဘိုင်းပိုက်ဆံအိတ် အသုံးပြုသူများ (သို့) မိုဘိုင်းပိုက်ဆံအိတ် အသုံးမပြုသူများ၏ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ်များမှတဆင့် အလွယ်တကူ ငွေလွှဲနိုင်သည့်အပြင် အခြားသော ငွေပေးချေမှု လုပ်ဆောင်ချက်အမျိုးမျိုးအား မိုဘိုင်းပိုက်ဆံအိတ်တစ်ခုတည်းအတွင်း လုပ်ဆောင်နိုင်ပါသည်။ နေရာအနှံ့အပြားတွင် ဖြန့်ကျက်ထားပြီးဖြစ်သော ထောင်ပေါင်းများစွာသော AYA PAY ကိုယ်စားလှယ်များနှင့် ဈေးဆိုင်ပိုင်ရှင်များအပြင် ဧရာဝတီဘဏ်အနေဖြင့် ခေတ်မီဆန်းသစ်ပြီး အားလုံးအသုံးပြုနိုင်သော မိုဘိုင်းနည်းပညာများမှတဆင့် အသုံးပြုသူများ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူဆိုင်ရာ ကဏ္ဍများအချင်းချင်း ချိတ်ဆက်ရာတွင် အဆင်ပြေချောမွေ့သည့် အသုံးပြုမှုဆိုင်ရာ အတွေ့အကြုံများ ရရှိစေရန် ဝန်ဆောင်မှုအသုံးပြုနိုင်သော နယ်ပယ်များ တိုးပွားလာစေရေး ဆောင်ရွက်လျက် ရှိပါသည်။

 

ဧရာဝတီဘဏ်သည် mBanking ၊ iBanking ၊ ကတ်များ၊ AYA PAY ပိုက်ဆံအိတ်များ၊ ကိုယ်စားလှယ်များ၊ ဝန်ဆောင်မှုအသုံးပြုနိုင်သော ဈေးဆိုင်နေရာများနှင့် ATM ချန်နယ်များစွာ ပါဝင်သော ဒစ်ဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ ဂေဟစနစ်ကြီးတစ်ခုမှတဆင့် သန်းပေါင်းများစွာသော ဝန်ဆောင်မှုအသုံးပြုသူများ၏ နေ့စဉ် လူမှုဘဝတွင် လိုအပ်နေသည့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးလျက် ရှိပါသည်။ အသေးစိတ် ထပ်မံသိရှိလိုပါက www.ayapay.com နှင့် www.facebook.com/ayapaymyanmar တို့တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။



KBZPay အကြောင်း

KBZPay သည် ပြည်သူလူထုအား တစ်ချိန်က လူအများစု လက်လှမ်းမမီခဲ့သည့် ဒစ်ဂျစ်တယ် စီပွားရေးစနစ် တစ်ခုနှင့် ချိတ်ဆက်ပေးလျက်ရှိသည့် မိုဘိုင်းပိုက်ဆံအိတ်ဖြစ်သည်။ မြန်မာနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးရေး ရည်မှန်းချက်များနှင့် လိုအပ်ချက်များအား ထောက်ပံ့ကူညီပေးရန်အတွက် အားလုံးအသုံးပြုနိုင်သော ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်ဆိုသည့် ကမ္ဘောဇဘဏ်၏ ရည်မှန်းချက်နှင့်အညီ ၂၀၁၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ ပြီး KBZPay သည် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ဘဏ်ခွဲပြင်ပရှိ အသုံးပြုသူများ၏ လက်ဖဝါးပေါ်တွင် ရယူ အသုံးပြုနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိနေပြီ ဖြစ်သည်။



သန်းပေါင်းများစွာသော ဝန်ဆောင်မှု အသုံးပြုသူများသည် ယခုအခါ KBZPay ဖြင့် ၎င်းတို့၏ ငွေကြေးများကို စီမံခန့်ခွဲနိုင်ခြင်း၊ ဈေးဝယ်ရာတွင်နှင့် ဝန်ဆောင်မှုရယူရာတွင် ငွေပေးချေခြင်း၊ ငွေလက်ခံနိုင်ခြင်း၊ ချစ်ခင်ရသူများ အတွက် ငွေလွှဲနိုင်ခြင်းနှင့် ယခင်က အချိန်ကုန်လူပင်ပန်းစွာ နေ့စဉ်လုပ်ဆောင်ရသည့် ငွေကြေးဆိုင်ရာ အလုပ်များ အား အလွယ်တကူ ဆောင်ရွက်နိုင်ခြင်းစသည့် ဘဏ်ဝန်ဆောင်မှု အတွေ့အကြုံသစ်တစ်ခုကို ရယူ အသုံးပြုနေကြပြီ ဖြစ်ပါသည်။

 

KBZPay သည် အကောင်းဆုံးနှင့် အလုံခြုံဆုံး နည်းပညာအား အသုံးပြုထားပြီး ကမ္ဘောဇဘဏ်မှ ဝန်ထမ်း (၁၈,၀၀၀) တို့၏ တက်ကြွစွာ လုပ်ဆောင်မှုဖြင့် မြန်မာနိုင်ငံ၏ ထိပ်တန်း မိုဘိုင်းပိုက်ဆံအိတ်အဖြစ် ရပ်တည် လျက်ရှိပြီး နေ့စဉ် မြန်မာနိုင်ငံ တစ်ဝန်းရှိ အသုံးပြုသူများကို ထောင်ပေါင်းများစွာသော KBZPay အရောင်းဆိုင်ပိုင်ရှင် များနှင့် ကိုယ်စားလှယ်များဖြင့် ချိတ်ဆက်ပေးလျက် ရှိပါသည်။ အသေးစိတ်ပိုမိုသိရှိလိုပါက www.kbzpay.com နှင့် www.facebook.com/KBZPay တွင်ဝင်ရောက် လေ့လာနိုင်ပါသည်။

Read times
Rate this item
(1 Vote)