What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 27 October 2021 12:18

ရာသီတုပ်ကွေး ဘယ်လို နေထိုင်သင့်သလဲ

ကိုဗစ်တတိယလှိုင်း ပြင်းပြင်းထန်ထန်ကြုံထားတဲ့ မြန်မာနိုင်ငံမှာ အခု ရာသီတုပ်ကွေးဖြစ်သူတွေ များနေပါတယ်။

အရင်ရာသီတုပ်ကွေးတွေထက် ပိုပြီး ကိုက်ခဲနာကျင်မှုကိုခံစားကြရတဲ့လူနာတွေ တွေ့ရတယ် လို့ ဆရာဝန်တွေက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါဖြစ်ဖူးသူတွေဆိုလည်း တော်တော်လေး ရောဂါဒဏ် ခံရတယ်လို့ပြောပါတယ်။ ဒီအခြေအနေမှာ ရာသီတုပ်ကွေးမကူးအောင် ဘယ်လို သတိထားနေထိုင်သင့်ပါသလဲ၊

မြန်မာနိုင်ငံမှာ မိုးအကုန် ဆောင်းအကူးကာလဆိုရင် ရာသီတုပ်ကွေးဖြစ်ကြပါတယ်။ အခု ရာသီတုပ်ကွေးဖြစ်နေကြသူ တော်တော်များများဟာ အရင်တုပ်ကွေးတွေထက် ရောဂါကို ပိုခံစားနေကြရတယ်လို့ ဒေါက်တာမိုးနေမင်းက ဗီအိုအေကို ပြောပါတယ်။

"သုံးပတ်လောက်တော့ ရှိပြီပေါ့နော်၊ သတိထားမိတာ။ ဖျားနာတယ်၊ ကိုက်ခဲတဲ့လူနာတွေကို ကိုဗစ်စစ်ကြည့်တယ်။ Negative တွေပေါ့နော်။ ရန်ကုန်မှာ။ သို့ပေမယ့် ရာသီတုပ်ကွေးက အဆစ်အမြစ်တွေနာတယ်၊ အရမ်းနုန်းတယ်ပေါ့၊ အခု ၃ ပတ် ၄ပတ်အတွင်း တွေ့ရတဲ့ ရာသီတုက်ကွေးတွေကလေ။ ကျနော်တို့ မှတ်မှတ်ရရဆိုရင် ကိုဗစ်မတိုင်ခင်တုန်းက ဆင်တုပ်ကွေးတို့... ပြီးတော့ တခြားတုပ်ကွေးလေးတွေ ဖြစ်လိုက်သေးတယ်။ တော်တော်ခံရတယ်လေ။ ကျနော်ထင်တာတော့ အဲလိုမျိုး ဒီတုပ်ကွေးပိုးက နည်းနည်းပြင်းတယ်ပေါ့နော်။”

ကိုဗစ်တတိယလှိုင်းမှာ ကပ်ရောဂါကူးစက်ခဲ့သူတချို့ ရာသီတုပ်ကွေးဖြစ်တဲ့အခါ ပိုပြီး ပြင်းပြင်းထန်ထန်ခံစားရသးတွေလည်းရှိပါတယ်။ အခုရာသီတုပ်ကွေဒဏ်ကိုတော်တော်လေး ခံနေရသူတွေလည်း ရန်ကုန်မှာနေထိုင်တဲ့ မနီလာကသူ့အတေ့ွအကြုံကို ခုလိုပြောပါတယ်။

"စဖြစ်ဖြစ်ချင်းတုန်းက ညဘက်ကနေ စဖျားတယ်။ ၂ ရက်လောက်ပဲ ညဘက်တွေ အရမ်းဖျားတယ်။ ကျန်တဲ့ရက်တွေကကျတော့ ပုံမှန်ပဲ။ အဖျားပြတ်သွားလိုက်။ ပြီးရင် ပြန်ဖျားလာလိုက်။ အဲလိုမျိုးတွေကတော့ ဆက်တိုက်ဖြစ်တယ်။ နှာစေးတယ်၊ ချောင်းဆိုးတယ်။ ဆေးသောက်ပြီးသွားရင် လူက ချွေးတွေ အရမ်းထွက်လာပြီး အရမ်းနုန်းပြီးတော့ ချက်ချင်းမူးပြီးတော့ ခြေမကိုင်မိ လက်မကိုင်မိ အဲလိုဖြစ်တယ်။"

ရာသီတုပ်ကွေး မကူးအောင် ဘယ်လိုနေထိုင်သင့်တယ်ဆိုတာ ဒေါက်တာမိုးနေမင်းက ခုလို အကြံပြုပါတယ်။

“ရာသီအကူးအပြောင်း ဖြစ်တဲ့အတွက် ရေချိုးပြီးရင် အအေးမပတ်ဖို့ပေါ့။ ညဘက်တွေဆို တချို့နေရာတွေ နည်းနည်းအေးတယ်။ ပြီးတော့ မိုးအရမ်းရွာတဲ့အချိန်မှာ အေးတော့ ညဘက်အိပ်တဲ့အခါမှာ ရင်ဘတ်အလယ်တည့်တည့်ပေါ့ အအေးမပတ်ဖို့လိုတယ်။ အအေးပတ်တာဆိုရင် သူကအမြဲတမ်း အသက်ရှူလမ်းကြောင်း ရင်ဘတ်ကနေ အအေးပတ်ကြတာပေါ့နော်။ ဒါကျနော်တို့ အတွေ့အကြုံပေါ့။”

ရာသီတုပ်ကွေးအပြင် ရောဂါမကူးအောင်၊ အစားအသောက်ကိုလည်း အားရှိအောင် စားသင့်တယ်လို့လည်း သူကပြောပါတယ်။

“ပြီးတော့ နောက်တခုက ထုံးစံအတိုင်း ခုခံအားကောင်းအောင် ကျနော့်ရဲ့ မိတ်ဆွေတွေ၊ လူနာတွေမှာ အလွယ်ပြောရရင် ကြက်ဥ၊ ဒိန်ချဉ်ပေါ့။ ပြီးတော့ နေရောင်ခြည်ရအောင်လည်း ခံခံပေး။ ရန်ကုန်လိုမျိုးနေရာမှာ တချို့လူတွေက အပြင်မထွက်တော့တဲ့ အချိန်ဆိုရင် နေရောင်ခြည်မထိနိုင်ဘူးလေ။ နေရောင်ခြည်လေးထိနိုင်တဲ့ နည်းလေးနဲ့လုပ်ပေး၊ ကြက်ဥ၊ ဒိန်ချဉ် အဲဒါလေးတွေပါ အနည်းဆုံး တပတ်မှာ အစာအာဟာရ မျှတအောင်စားရင် ခုခံအားရတယ်ပေါ့။ ပြီးရင် ကျန်တဲ့အစားအစာတွေကတော့ အသီးအရွက်တွေ၊ ဟင်းသီးဟင်းရွက်တွေ စားလည်းရပါတယ်။ တို့စရာစားလည်း ရတာပေါ့ ခုခံအားအတွက် အလွယ်လေးပေါ့။"

ကိုဗစ်တတိယလှိုင်း အဆုံးသတ်မယ့်အလားအလာ ရှိနေတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူကပြောထားပါတယ်။ ဒါပေမယ့်လည်း နေမကောင်းဖျားနာသူတွေ ပြန်များလာတာကြောင့် ရာသီတုတ်ကွေးကို သတိထားဂရုပြုသင့်သလို ကိုဗစ်ရောဂါဖြစ်ခဲ့ပြီး သူတွေဟာလည်း ပိုပြီးတော့ဂရုစိုက်သင့်တယ်လို့ ဒေါက်တာမိုးနေမင်းက အကြံပြုထားပါတယ်။

"ကိုဗစ်ဖြစ်ပြီးတဲ့သူတွေမှာ ၅၀ ရာခိုင်နှုန်းကျော်လောက်က အဆုတ်မှာ အမာရွတ်လေးတွေ အနာလေးတွေပေါ့ အလွယ်ပြောရင် အမာရွတ်လိုမျိုး ကျန်ခဲ့တယ်။ အဲအတွက်ကို အဆုတ်လေ့ကျင့်ခန်း အသက်ရှူလေ့ကျင့်ခန်း လုပ်ရတယ်။ အဲတော့ အသက်ရှူလေ့ကျင့်ခန်းတွေလည်း အင်တာနက်ပေါ်မှာ ရှိပါတယ်။ MyanmarDrug.com မှာလည်း ကျနော်ရေးထားတဲ့ ဆောင်းပါးတွေ စုစည်းပေးထားတာ အများကြီးရှိတယ်။ နောက်တခုကတော့ ကိုဗစ်ဖြစ်ပြီးသားလူတွေက သွေးတွေပြန်ခဲနိုင်တယ်၊ ပိတ်နိုင်တဲ့အတွက် ခြေထောက်လေ့ကျင့်ခန်းလေးတွေ လုပ်ပေးသင့်တယ်ပေါ့။ နောက်တခု အရေးကြီးဆုံးက အခုဆိုရင်တော့ လူတိုင်းသဘောပေါက်လာပြီ။ ကာကွယ်ဆေးတွေ ထိုးကြတယ်ပေါ့နော်။ ကိုဗစ်ဖြစ်ပြီးတဲ့သူဆိုလည်း ၃ ပတ်၊ ၄ ပတ် အခြေအနေကြည့်ပြီး သက်ဆိုင်ရာ ဆရာဝန်တွေနဲ့တိုင်ပင်ပြီး ကာကွယ်ဆေးထိုးလို့ ရတယ်ပေါ့နော်။ ကိုဗစ်ကတော့ လက်ဆေး၊ Mask တပ်ပေါ့ ဒါကတော့ အမြဲလုပ်ရမှာ။ ကျနော်တို့ အခု ၃ ပတ်၊ ၄ ပတ်အတွင်းမှာ အပြင်သွားရင် သတိထားမိတာ လူတွေ Mask တွေမတပ်ဘဲနဲ့ သွားနေတာတွေ ပြန်တွေ့ရတယ်။"

ကပ်ရောဂါဖြစ်ပွား ကူးစက်မှုနဲ့ ရောဂါဝေဒနာ အပြင်းအထန်ခံစားရတာတွေကို လျှော့ချနိုင်ဖို့အတွက် ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးဖို့ကိုလည်း ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းနေပါတယ်။ ဒါ့အပြင် လူထူထပ်တဲ့နေရာတွေကို ရှောင်ကြဉ်တာ၊ လက်ဆေးတာ၊ ပါးစပ်နဲ့ နှာခေါင်းစည်းတပ်တာတွေကိုလည်း ဆက်ပြီးလိုက်နာကြဖို့ သတိပေးထားပါတယ်။

VOABurmes

Read times
Rate this item
(0 votes)