What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 06 April 2018 17:20

တပတ်အတွင်း အရပ်ရှည်အောင်လုပ်နည်း?

တပတ်အတွင်း အရပ်ရှည်အောင်လုပ်နည်း? google.com

ချက်ချင်းအရပ်ရှည်အောင် လုပ်တဲ့နည်းပါ။ တပတ်အတွင်း၊တစ်လအတွင်း အရပ်ရှည်နည်းဆိုတာတွေ ရေးကြပြောကြတာတွေ မကြာခဏတွေ့ရတယ်။

သိပ္ပံနည်းကျမဟုတ်တဲ့ ဆင်လုံး၊ထွင်လုံးတွေကိုပဲ ယုံကြည်သူတွေကလည်း ခပ်များများပါ။

အစကတည်းက အရပ်ပုတဲ့သူတွေ အရပ်ရှည်ချင်တာ သဘာဝပါ။ ဆယ်ကျော်သက်လူပျိုပေါက် အရွယ်လောက်ရောက်ရင် အရပ်ရှည်ချင်ကြတာ ထုံးစံလိုဖြစ်နေပါပြီ။ အထူးသဖြင့် ယောကျာင်္းလေးတွေပေါ့။ လူပျိုဝင်စဖြစ်လို့ အရပ်ရှည်ချင်တာ မမှားပါ။ မှားနေတာက အရပ်ရှည်ဆေးဆိုတာတွေ ဈေးကြီးပေးဝယ်သောက်ပြီး အရပ်ရှည်မလာတာကို အပြစ်တင်နေကြတာပါ။ ဆေးသောက်သူတွေ့တိုင်း အမြဲသတိပေးပါတယ်။ ထီမထိုးဘဲနဲ့ ထီပေါက်ချင်သူတွေ မဖြစ်ပါစေနဲ့လို့။ ကိုယ်တိုင်မကြိုးစား၊မလေ့ကျင့်ဘဲ နဂိုကတည်းက ပုနေတဲ့အရပ်ရှည်ထွက်မလာနိုင်ပါဘူး။

အရပ်ရှည်ချင်သူတွေကို လေ့လာကြည့်လိုက်ရင် အများစုဟာ အသက် ၁၄နှစ်နဲ့ ၂၁နှစ်ကြား အရွယ်တွေဖြစ်နေသည်ကို တွေ့ရလိမ့်မည်။ အရပ်ရှည်နိုင်သေးသည့် အရွယ်ဖြစ်လို့ အကြံပေးချင်တာက စိတ်မပျက်ပါနဲ့။ အရပ်ရှည်နိုင်ပါသေးတယ်။ ဒါပေမယ့် အနောက်နိုင်ငံက လူတွေလောက် အရမ်းကာရော မမျှော်မှန်းသင့်ပါဘူး။ သုံးလက်မ၊လေးလက်မလောက် လွန်ရောကျွံရော ၆လက်မလောက်တော့ ရှည်လာဖို့ မျှော်မှန်းနိုင်သေးတယ်။ အသက်(၁၈)နှစ်ကျော်ရင် အဲဒီလောက် ထပ်ရှည်လာဖို့ မမျှော်မှန်းသင့်ဘူး။ မျှော်မှန်းမိရင် ကိုယ့်ကိုယ်ကို ဒုက္ခပေးတာနဲ့သွားတူနေပြီ။ တစ်လက်မလောက် အရပ်ရှည်ဖို့ကို တော်တော်ကြိုးစားရဦးမှာပါ။ 

ဒီအတွက် ဘယ်အချက်တွေကအရေးကြီးပြီး ဘာတွေလိုအပ်လဲ တခုချင်း စဉ်းစားကြည့်ရအောင်။ အရပ်ရှည်ဖို့ အဓိကကျဆုံး အခြေခံအချက်က မျိုးရိုးပါ။ အများသိပြီး ဖြစ်သလို ပြောင်းလဲလို့မရတဲ့အရာဖြစ်လို့ ခဏဘေးဖယ်ထားလိုက်ပါ။ နောက်တချက်က ကျား၊မ ကွာခြားမှုပါ။ ယောကျာင်္းလေးတွေက androgen ဟော်မုန်း အစွမ်းနဲ့ အရပ်ပိုရှည်တာ အထူးပြောဖို့မလိုအပ်ပါဘူး။ ဒါလည်း ပြောင်းလဲလို့မရလို့ ပါ။

နောက်အရေးကြီးတဲ့အချက်က အသက်အရွယ်ပါ။ ဒီအချက်ကတော့ နည်းနည်းအရေးကြီးလာတယ်။ လူပျိုဝင်စမှာ ခန္ဓာကိုယ်မှာ သိသိသာသာပြောင်းလဲတာတွေ ရှိတယ်။ အထင်ရှားဆုံးက အရပ်ရှည်လာတာ၊ခန္ဓာကိုယ်ကြီးထွားလာတာဖြစ်တယ်။ ဒါကတော့ growth hormone ခေါ်တဲ့ ကြီးထွားဟော်မုန်းနဲ့ သက်ဆိုင်တယ်။ အများစုဟာ အသက်၁၈နှစ် အတွင်း အဆက်မပြတ်ကြီးထွားကြတယ်။ တချို့က အသက် ၂၁နှစ်ထိ ကြီးထွားမှုမရပ်တန့်ဘဲ ရှိကြတယ်။ ဘယ်လိုဖြစ်ဖြစ် အသက်၂၅နှစ်အထိ အရပ်ရှည်သူတွေရှိသေးလို့ ဒီအပိုင်းအခြားအတွင်း အရပ်ထွက်လာဖို့ ဖြစ်နိုင်သေးတယ်။

အသက်သုံးဆယ်ကျော်ရင်တော့ အရပ်ထွက်လာဖို့ စိတ်မကူးသင့်တော့ဘူး။ ဖြစ်တည်မှုပြီးဆုံးလို့ ဇရာသဘော ပျက်ဆီးမှုတွေတောင် စတင်နေပါပြီ။ ဒါ့ကြောင့် အရပ်ရှည်ဖို့ အချိန်နဲ့ အသက်အရွယ်ကလည်း စကားပြောတယ်။ အချိန်ဆိုတာ ပြောင်းလဲလို့မရပေမယ့် အသက်အရွယ်ကတော့ အလေးထား ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်ဖြစ်ပါသည်။ ပြောင်းလဲလို့မရတာတွေကို ခဏဘေးဖယ်ထားပြီးရင် ပြောင်းလဲလို့ရနိုင်တာတွေကို ဆက်လက်လေ့လာကြည့်ရအောင်။ 

အရင်ဆုံးအနေနဲ့ အားလုံးသိကြတဲ့ ဂျပန်တွေကို ဥပမာတခုအနေနဲ့ စဉ်းစားကြည့်ရအောင်။ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်ငပုလို့ ခေါ်ခဲ့သူတွေက အခုအခါမှာ ပြန်မော်ကြည့်ရအောင် အရပ်ရှည်လာတာ ဘာလို့ပါလဲ။ အဖြေက ရှင်းပါတယ်။ သူတို့ရဲ့ အစားအသောက်၊အနေအထိုင်က မျိုးဗီဇကို ပြောင်းလဲသွားစေလို့ပါ။ အစားကောင်းအသောက်ကောင်း(အရက်မပါ) စားသောက်သူတွေက ကြီးထွားမှုမြန်ဆန်တယ်။ ဥပမာ ချမ်းသာတဲ့မျိုးရိုးက ဆင်းသက်လာသူအများစုဟာ height အရပ်အမောင်းကောင်းကြတယ်။ ဆင်းရဲသူတွေက ချမ်းသာသူတွေလောက်အရပ်မရှည်ကြပါဘူး။

ဘာ့ကြောင့်လဲဆိုတော့ အာဟာရပြည့်ဝတဲ့ အစားအသောက်က ကြီးထွားမှုကို ဖြစ်ပေါ်စေလို့ပါ။ အစားအသောက်ကအရပ်အမောင်းကို ပြောင်းလဲနိုင်တဲ့ အချက်ဖြစ်လို့ ဂရုတစိုက်စားသောက်သင့်တယ်။ နောက်အရေးကြီးတဲ့ အချက်က လေ့ကျင့်ခန်း ဖြစ်ပါတယ်။အားကစားသမားတွေကို လေ့လာကြည့်ရင် သာမန်လူတွေထက် အရပ်အမောင်းပိုကောင်းကြတယ်။ လှုပ်ရှားမှုများတာနဲ့အမျှ အရိုးတွေ ကြီးထွားပြီး သန်မာလာတယ်။ ငယ်ငယ်ကတည်းက အားကစားလိုက်စားသူတွေဟာ ကြီးတဲ့အခါ သူများထက် ခေါင်းတလုံးလောက် ပိုထွက်တယ်။

ဒါတောင် တခြားနိုင်ငံက အားကစားသမားတွေနဲ့နှိုင်းယှဉ်ရင် ကိုယ့်နိုင်ငံက ပုသေးနေသေးတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကျောင်းတွင်းအားကစား လှုပ်ရှားမှုတွေနည်းပါးခြင်းကလည်း အရပ်အမောင်းအပေါ် ပိုမို အကျိုးသက်ရောက်စေဟန် တူတယ်။ ငယ်စဉ်ကတည်းက အားကစားလှုပ်ရှားမှုမရှိတာကလည်း အရိုးတွေ ကြီးထွားမှုကို အားနည်းစေတဲ့ အချက်တခုပါ။ ဒါပေမယ့်ဒီအချက်က လေ့ကျင့်ခန်းနဲ့ ပြောင်းလဲနိုင်တာဖြစ်လို့ ပြဿနာမရှိပါ။ အလေးထားဂရုတစိုက်လုပ်ရင် ဖြစ်လာနိုင်တယ်။ အရပ်ရှည်ဖို့ နောက်ဆုံးတွေ့ရှိချက်တခုကတော့ အအိပ်အနေဖြစ်ပါသတဲ့။ ဒါကတော့ လေ့လာမှုတွေအရ သိရှိရတာဖြစ်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သူတွေမှာ ကြီးထွားဟော်မုန်း(growth hormone)ပိုထွက်လာလို့ အရပ်ရှည်ခြင်းကို အထောက်အကူပြုပါတယ်။ အိပ်တဲ့အခါဖြစ်ဖြစ်၊ထိုင်တဲ့အခါဖြစ်ဖြစ် ခါးကိုဆန့်ထားခြင်းက အရပ်ထွက်လာဖို့ အလေးသာစေတယ်ဆိုတာ သိလာရတယ်။ အဆိုပါအချက်တွေဟာ အရပ်ရှည်လာအောင် ပြုပြင်ပြောင်းလဲနိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။ 

Source: Dr Aye Min Htoo

Read: မျက်နှာမှာ တင်းတိပ် ဘာကြောင့် ဖြစ်လာရတာလဲ…

မျက်နှာမှာ တင်းတိပ် ဘာကြောင့် ဖြစ်လာရတာလဲ…

Read times
Rate this item
(1 Vote)