What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 11 May 2018 14:33

ကလေးငယ်များကို ပိုးသတ်ဆေးတိုက်မည့် မိခင်များ သတိထားသင့်သည့် အချက် (၁၁) ချက်

ကလေးငယ်များကို ပိုးသတ်ဆေးတိုက်မည့် မိခင်များ သတိထားသင့်သည့် အချက် (၁၁) ချက် google

ပိုးသတ်ဆေးများပေါ်ပေါက်လာသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သဖြင့် ၅ နှစ်နှင့် ၅နှစ်အောက် ငယ်သော ကလေးများကို မိဘများ ၁ နှစ်လျှင် ၄ ကြိမ်မှ ၅ ကြိမ်အထိ ပိုးသတ်ဆေး တိုက်ဖူးပေလိမ့်မည်။

ထိုဆေးများကို ယခင်က ကလေးအတွက် ဆရာဝန် ညွှန်ကြားထားသောဆေးအခွံကို ပြ၍ ဖြစ်စေ ဆေးအညွှန်းကို ပြ၍ ဖြစ်စေ ဆေးဆိုင်များတွင် အလွယ်တကူ ၀ယ်ယူလေ့ ရှိသည်။

ထိုအလေ့အကျင့်သည် ကလေးကျန်းမာရေးအတွက် မကောင်းပေ။ သို့သော်ပိုးသတ်ဆေးများကို မှန်ကန်စွာ အသုံးပြုပါက များစွာ အကျိုးဖြစ်နိုင်သည်။

၁။ မိဘများသည် မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဆေးမတိုက်ပါနှင့်။

မိဘများသည် အများအားဖြင့် မိမိကိုယ်ပိုင်ဆန္ဒဖြင့် ကလေးများနေမကောင်းသည့်အခါ ပိုးသတ်ဆေးများကို တိုက်လေ့ရှိသည်။

ထိုအကျင့်သည် အလွန်ဆိုးရွားသော အကျင့်ဖြစ်ပြီး ကလေးကို အန္တရာယ်ဖြစ်စေနိုင်သည်။ မည်သည့်ဆေးကိုမဆို ကလေးအားမတိုက်မှီ ဆရာဝန်နှင့် တိုင်ပင်ပါ။

ဆရာဝန်မှ ပိုးသတ်ဆေးတိုက်ရန် လိုအပ်သည်ဟု ထင်ပါက မည်သည့်ဆေးသည် ကလေး၏ရောဂါအတွက် အသင့်တော်ဆုံးဖြစ်သည် ဆုံးဖြတ်ပေးပါလိမ့်မည်။

၂။ ဆေးပတ်လည်အောင် တိုက်ပါ။

မိဘအများစုသည် ကလေးများကို ပိုးသတ်ဆေး ရက်ရှည်တိုက်ပါက ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သည်ဟု ထင်ကြသည့်အတွက် ရောဂါလက္ခဏာများ ပျောက်သွားသည့်အခါ ဆေးကို ဆက်မတိုက်တော့ဘဲ ရပ်ကြသည်။

ထိုသို့ဆေးကိုရပ်လိုက်ခြင်းက အချို့သောဘက်တီးရီးယားပိုးများကို အသက်ဆက်ရှင်စေနိုင်ပြီး ဆေးယဉ်ပါးမှု ဖြစ်လာနိုင်သည်။ ထိုသို့ဖြစ်လာပါက နောင်အခါ ရောဂါထပ်ဖြစ်လျှင် ကုသရန် ပိုခက်ခဲနိုင်သည်။

၃။ ပြန်သုံးရန် ဆေးကို သိမ်းမထားပါနှင့်။

အကယ်၍ အသုံးပြုပြီး ကျန်နေသော ပိုးသတ်ဆေးများကို ပြန်သုံးရန် သိမ်းထားခြင်းသည် လုံးဝ မှားယွင်သော လုပ်ဆောင်ချက် ဖြစ်သည်။

ပိုးသတ်ဆေးသည် နေမကောင်းဖြစ်သည့် အချိန်တိုင်း သောက်သုံးရန် မသင့်တော်ပါ။ ထိုဆေးကို အခြားအကြောင်းအရာများကြောင့် ဖြစ်သော ဖျားနာခြင်းများကို ကုသရာတွင် အသုံးမပြုသင့်ပေ။

ထို့အပြင် ကလေးများကို တိုက်ကျွေးရန် ဖော်စပ်ထားသော ပိုးသတ်ဆေး အမှုန့် များသည် ဆေးစဖျော်ပြီးသည့်နေ့မှ ၇ ရက်ကျော်ပါက ရက်လွန်ပစ္စည်းဖြစ်သွားသည်။

ဆိုလိုသည်မှာ ဆေးဘူးခွံပေါ်တွင် ရေးထားသော နေ့စွဲသည် ရက်မလွန်သေးသော်လည်း ဆေးမှုန့်ကို အရည်ဖျော်ပြီးစတင်တိုက်ကျွေးသည့် နေ့မှစ၍ ၇ ရက်ကျော်လွန်သွားပါက ထိုဆေးဘူးမှာ သုံးစွဲရန် မသင့်လျော်တော့ပေ။

၎။ ဆေးပမာဏကို မှန်ကန်စွာ ဖျော်စပ်ပါ။

ကလေးများသောက်သုံးရန်အတွက် ဖော်စပ်ထားသော ပိုးသတ်ဆေးများသည် အများအားဖြင့် အမှုန့်များဖြစ်ပြီး ရေနှင့် ရောရန်လိုအပ်သည်။

ဆေးအမှုန့်ကို ဖျော်ရန် ထည့်ရမည့် ရေပမာဏကို ဆေးပုလင်းတွင် အမြဲဖော်ပြထားလေ့ရှိသည်။

ထိုအမှတ်အသားပါရှိခြင်း ရှိ၊မရှိကိုဆေးမ၀ယ်ယူမှီ စစ်ဆေးရန်လိုအပ်ပြီး ဖျော်စပ်သည့်အချိန်တွင်လည်း ထိုအမှတ်အသားထက်ကျော်၍ ရေကိုမထည့်ရပါ။

၅။ အသုံးမပြုမှီ မေးပါ။

အချို့သောဆေးများသည် တဖြည်းဖြည်း အချိန်ကြာမှ အာနိသင် ဖြစ်ပေါ်စေတတ်သည့် ပုံစံများဖြင့် ထုပ်လုပ်ထားကြသည်။

ထို့ကြောင့် ယင်းကဲ့သို့သော ဆေးများကို ကြေနေလျှင်သော်လည်းကောင်း၊ ၀ါးချေပြီး သော်လည်းကောင်း မသောက်သုံးသင့်ပေ။ ထိုဆေးများကို အသုံးပြုမပြုမှီ ဆရာဝန်နှင့် တိုင်ပင်သင့်သည်။

၆။ မှန်ကန်သော ဆေးပမာဏကို တိုက်ပါ။

ပိုးသတ်ဆေးများ၏ အကျိုးအာနိသင်ကို ရရှိရန်အတွက် မှန်ကန်သော ဆေးပမာဏကို တိုက်ကျွေးခြင်းရန်မှာ အလွန်အရေးကြီးပေသည်။

ထို့ကြောင့် ဆေးရည်ကို တိုက်ကျွေးပါက တိုက်ကျွေးရမည့် ဆေးပမာဏကို ထမင်းစားဇွန်းဖြင့် မှန်းဆခြင်းမပြုပါနှင့်။

တိုက်ရမည့်ပမာဏကို ဆေးထိုးပြွန် (သို့) ဆေးဘူးခွံများတွင် ပါဝင်သည့် အမှတ်အသားပါသည့် ဇွန်းများဖြင့်သာတိုင်းတာရမည်။

ဆေးတိုက်ထားသည့်အချိန်နှင့် နောက်ထပ်တစ်ကြိမ် မည်မျှခွာ၍ တိုက်ရမည်ကိုလည်းမှတ်သားထားရမည်။

၇။ မိသားစုများထဲတွင် ဆေးမတည့်သူများရှိပါက ဆရာဝန်နှင့် ဆွေးနွေးပါ။

အကယ်၍ မိသားစုများဝင်များထဲတွင် ဆေးမတည့်သည့် ပြဿနာရှိပါက ဆရာဝန်နှင့် ဆွေးနွေးပါ။ ဆေးနှင့်မတည့်သည့်အတွက် အနီကွက်များဖြစ်ပေါ်ခြင်း ၊ ယားယံခြင်း (သို့) ပြင်းထန်ပါက အသက်ရှုရန် ခက်ခဲခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်တတ်သည်။

ဆေးနှင့် မတည့်သောကြောင့် သေဆုံးသူများလည်း ရှိသည်။ အကယ်၍ ကလေးသည် ရက်ရှည်သောက်သုံးရသည့် ဆေးများကို သောက်နေရပါက ဆရာဝန်သို့ ပြောရန်လိုအပ်သည်။

သို့မှသာ ဆရာဝန်သည် ကလေးနှင့် အသင့်တော်ဆုံးသော ဆေးကို ညွှန်ကြားနိုင်ပေလိမ့်မည်။

၈။ သင့်တော်သော နေရာများတွင် သိမ်းဆည်းပါ။

ပိုးသတ်ဆေးများကို ကလေးများ လက်လှမ်းမှီသည့် နေရာများတွင် မထားပါနှင့် ။ ထို့အပြင် ဆေးများကို နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့နိုင်သောနေရာနှင့် စိုစွတ်သော နေရာများတွင် မထားရ။

ရာသီဥတုပူချိန်တွင် ရေခဲသေတ္တာအတွင်းတွင် ဆေးများကို ထည့်သိမ်းနိုင်သည်။

၉။ ဆရာဝန်ကို ဖိအားမပေးပါနှင့်။

မိဘအများစုသည် ကလေးများအတွက် ဆေးညွှန်ကြားရာတွင် ဆရာဝန်ကို ပိုးသတ်ဆေးထည့်ရေးပေးရန် နည်းအမျိုးမျိုးဖြင့် ဖိအားပေးကြသည်။

အဘယ်ကြောင့်ဆိုသော် မိဘများက ပိုးသတ်ဆေးသည် အရာရာကို ပျောက်ကင်းနိုင်သည်ဟု ယုံကြည်ကြသောကြောင့် ဖြစ်သည်။ သို့သော် ထိုထင်မြင်ချက်သည် မမှန်ပါ။

ပိုးသတ်ဆေးသည် ဘက်တီးရီးယားပိုးများကိုသာ သေစေနိုင်သောကြောင့် ဘက်တီးရီးယားကြောင့်ဖြစ်သော ရောဂါများကို ကုသပေးနိုင် သော်လည်း အခြားသော ရောဂါပိုးများဖြစ်သည့် ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်သော တုတ်ကွေးရောဂါ ၊အအေးမိခြင်းနှင့် လည်ချောင်းနာခြင်းများတွင် အသုံးပြု၍ မရနိုင်ပါ။

ထို့အပြင် ကလေးများတွင် ဖြစ်နေသော ရောဂါများ၏ ၈၀% မှာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး ပိုးသတ်ဆေးသောက်ရန် မလိုအပ်ပေ။

၁၀။   ဆေးတိုက်ရမည့်အချိန်ကို မေးပါ။

အချို့ဆေးများသည် အစာမစားမှီ သောက်ရန်လိုအပ်သကဲ့သို့ အချို့သည် အစားစားပြီမှ သောက်ရန်လိုအပ်သည်။

ထို့ကြောင့် ဆေးခန်းမှ မထွက်ခွာမှီ သောက်ရမည့်ဆေးများနှင့်ပတ်သက်၍ ဆရာဝန်ကို အသေးစိတ် မေးမြန်းရန် လိုအပ်သည်။

၁၁။   မျှဝေသောက်သုံးခြင်းသည် ကျန်းမာရေးအတွက် မကောင်းပါ။

မျက်စဉ်းဆေး(သို့) နားအတွင်းထည့်သော ဆေးများကို အခြားသူများနှင့် စပ်တူမသုံးပါနှင့်။

ထိုကဲ့သို့ စပ်တူသုံးခြင်းသည် ရောဂါပိုးများကို ကူးစက်စေနိုင်ခြင်း၊ ရောဂါဖြစ်စေနိုင်သော အရာများကို ကူစက်စေခြင်း နှင့် ပိုးသတ်ဆေး ယဉ်ပါးခြင်း စသည်တို့ကို ဖြစ်စေနိုင်သည်။

Source: Myanmar Health Center

Read: အပူလွန်ကဲခြင်းကြောင့်ဖြစ်လေ့ရှိသောရောဂါများ

အပူလွန်ကဲခြင်းကြောင့်ဖြစ်လေ့ရှိသောရောဂါများ

Read times Last modified on Monday, 14 May 2018 10:57
Rate this item
(0 votes)