What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 11 July 2018 13:32

HIV ပိုးကို အံတုမယ့် ကိရိယာငယ်

ဝါတာလူးတက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် အမျိုးသမီးများအတွက် HIV ရောဂါပိုး ကူးစက်မှုမှကာကွယ်နိုင် မည့် နည်းလမ်းအသစ်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
ယင်းနည်းလမ်းမှာ အမျိုးသမီးများ၏ မိန်းမကိုယ်လမ်းကြောင်းထဲ၌ ကရိယာလေးတစ်ခုကိုထည့်သွင်းထားမည် ဖြစ်ပြီး ယင်းကရိယာလေးသည် အမျိုးသမီးများ၏ အင်္ဂါဇာတ်လမ်းကြောင်းထဲသို့ HIV ဗိုင်းရပ်စ်ပိုးဝင်ရောက် ကာ ဒုက္ခပေးနိုင်အောင် ကူညီပေးသည့် ဆဲလ်အရေအတွက်များကို လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။ 
 
ကွန်ဒုံးများနှင့် HIV ကာကွယ်ဆေးများကဲ့သို့သော HIV ရောဂါကူးစက်မှုမှ ကာကွယ်ပေးနိုင်သည့် နည်းလမ်း များနှင့်မတူညီသည်မှာ ယင်းကရိယာလေးသည် အချို့လူများ၏ ဗိုင်းရပ်စ်ကိုကာကွယ်မည့် သဘာဝကိုယ်ခံ စွမ်းအားကို မြှင့်တင်ပေးနိုင်ခြင်းဖြစ်သည်။ HIV ဗိုင်းရပ်စ်ပိုးသည် ခန္မာကိုယ်တွင်းသို့ ကူးစက်ဝင်ရောက်လာချိန် တွင် ကိုယ်ခံအားစနစ်အတွင်းမှ T ဆဲလ်များနှင့်ထိတွေ့ပြီး ကူးစက်ခံရသူ၏ ကိုယ်ခန္မာကိုယ်ကို အားအင်ချိနဲ့ အောင် လုပ်ဆောင်လေ့ရှိသည်။ အကယ်၍ T ဆဲလ်များ လှုပ်ရှားသွားလာခြင်းမရှိပဲ ဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့ခြင်း မရှိပါက ဗိုင်းရပ်ပိုးဝင်ရောက်ခံရသူအနေဖြင့် HIV ကူးစက်ခံရမည်မဟုတ်ကြောင်း သိရသည်။ T ဆဲလ်များ လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေခြင်းကို ခုခံအားတည်ငြိမ်မှုရှိသည်ဟု ဆိုလေ့ရှိသည်။ 
 
“ပါးစပ်ကနေမျိုချရတဲ့ ဆေးအချို့ဟာ မိန်းမကိုယ်လမ်းကြောင်းနားရောက်ရှိနိုင်ခြင်းမရှိဘူးလို့ ကျနော်တို့ သိထားပါတယ်။ ဒါကြောင့် ဒီကရိယာလေးကို ထည့်သွင်းထားခြင်းအားဖြင့် T ဆဲလ်များ ဗိုင်းရပ်စ်ပိုးနဲ့ ထိတွေ့ နိုင်ခြင်းမရှိတာသေချာအောင် လုပ်ဆောင်ပေးနိုင်မှာဖြစ်ပြီး ဒီနည်းလမ်းဟာ ဗိုင်းရပ်စ်ပိုးများ ကူးစက်ပြန့်ပွားမှု ကို ကာကွယ်တားဆီးရာမှာ စိတ်ချရပြီး ဈေးသက်သာတဲ့ နည်းလမ်းဖြစ်ပါတယ်” ဟု ၀ါတာလူးတက္ကသိုလ်ရှိ ဆေးဝါးကျောင်းမှ ပါမောက္ခဖြစ်သူ အီမန်နျူရယ်ဟိုက ဆိုခဲ့သည်။ 
 
“ကျနော်တို့မသိသေးတာက ဒီနည်းလမ်းဟာ HIV ကူးစက်မှုကိုကာကွယ်ရာမှာ သူ့ချည်းပဲ သက်သက်သုံးနိုင် သလား၊ အခြားကာကွယ်မှုနည်းလမ်းများနဲ့ ပေါင်းစပ်ပြီးသုံးရင် ပိုထိရောက်လားဆိုတာပဲ ဖြစ်ပါတယ်။ သုတေသနများ ဆက်လက်လုပ်ဆောင်ပြီးချိန်မှာ ဒီမေးခွန်းကို ဖြေကြားနိုင်ဖို့ ကျနော်တို့ရည်ရွယ်ထားပါတယ်” ဟု သူက ဆိုခဲ့သည်။ 
 
အီမျန်နူရယ်ဟို၏ နည်းလမ်းအသစ်မှာ ကင်ညာနိုင်ငံမှ လိင်လုပ်သားများအား သုတေသနပြုလုပ်ခဲ့သည့် နည်းလမ်းအပေါ် ကျောရိုးယူထားခြင်းဖြစ်သည်။ ကင်ညာနိုင်ငံတွင် အီမျန်နူရယ်ဟိုနှင့် သူ၏သုတေသန လုပ်ဖော်ကိုင်ဖက်ဖြစ်သူ မန်နီတိုဘာတက္ကသိုလ်မှ ကိတ်သ်ဖော့ခ်တို့သည် HIV ရောဂါပိုးရှိသော ဖောက်သည် များနှင့် လိင်ဆက်ဆံခဲ့သည့် လိင်လုပ်သားအမျိုးသမီးများကို လေ့လာခဲ့ကြခြင်းဖြစ်ပြီး ထိုအမျိုးသမီးများသည် ဗိုင်းရပ်စ်ကူးစက်ခံရမှုမရှိခဲ့ကြောင်း သိရသည်။ နောက်ပိုင်းတွင် ထိုအမျိုးသမီးများမှာ ပင်ကိုယ်သဘာဝအရ ခုခံအားတည်ငြိမ်မှုရှိသော T ဆဲလ်များကို ပိုင်ဆိုင်ထားကြောင်း သူတို့ရှာတွေ့ခဲ့ကြသည်။ 
 
“ဒါကိုလေ့လာခြင်းအားဖြင့် ဆေးပညာကိုအသုံးပြုပြီး ခုခံအားစနစ်တည်ငြိမ်မှုရှိအောင်လုပ်ဆောင်ကာ ကူးစက်မှုကို တားဆီးနိုင်မလားလို့ ကျနော်တို့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ခဲ့ကြပါတယ်။ လိုအပ်တဲ့နေရာကို ဆေးဝါးကုသမှု ယူဆောင်လာခြင်းအားဖြင့် ကိုယ်ခံအားတည်ငြိမ်မှုကို တိုးမြှင့်နိုင်မယ့်အခွင့်အရေးတွေ မြင့်တက် လာမယ်လို့ ကျနော်တို့မျှော်လင့်ပါတယ်” ဟု အီမန်နျူရယ်ဟိုက ဆိုခဲ့သည်။ မိန်းမကိုယ်လမ်းကြောင်းထဲသို့ ထည့်သွင်းမည့် ယင်းကရိယာလေးကို အခေါင်းပေါက်ရှိသော ဖန်ပြွန်လေးဖြင့်ပြုလုပ်ထားပြီး အတွင်း၌ တွယ်ကပ်ထားနိုင်ရန် ကွေးညွတ်နိုင်သည့် ပျော့ပျောင်းသည့်လက်ကိုင်ငယ်လေးနှစ်ခု ပါရှိသည်။
 
ယင်းကရိယာလေးထဲ၌ ဟိုက်ဒရိုအောက်စီကလိုရိုကွင်း (HCQ) ပါဝင်ပြီး တိရိစ္ဆာန်များနှင့် အရင်ဦးဆုံး စမ်းသပ်ခဲ့ကာ T ဆဲလ်များ လှုပ်ရှားမှုအား လျှော့ချပေးနိုင်သည်ကိုတွေ့မြင်ရပြီး မိန်းမကိုယ်လမ်းကြောင်းထဲ၌ ခုခံအားတည်ငြိမ်မှုကို စွမ်းဆောင်နိုင်ကြောင်း သိရသည်။
 
 
Read times Last modified on Wednesday, 11 July 2018 13:37
Rate this item
(1 Vote)