သင့်မှတ်ဥာဏ်ကို ဆုံးရှုံးစေနိုင်မည့် အကြောင်းအရာ ၅ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အာဟာရ မပြည့်ဝခြင်း
ကျွန်ုပ်တို့ စားသောက်နေတဲ့ အစားအစာတွေဟာ ခန္ဓာကိုယ် ပုံသဏ္ဌာန်နဲ့ အတွင်းအင်္ဂါတွေအပေါ် အကျိုးသက်ရောက်မှု ရှိရုံသာမက ဦးနှောက်လုပ်ငန်းရဲ့ လုပ်နိုင်စွမ်းပေါ်မှာလည်း ထိရောက်မှု ရှိပါတယ်။ ဦးနှောက်ဟာ စွမ်းအင်အတွက် ဂလူးကို့စ်ကို အသုံးပြုရတာကြောင့် နေ့စဉ်ပုံမှန် ဂလူးကို့စ်ရဖို့ လိုပါတယ်။ မှတ်ဉာဏ်ဆုံးရှုံးမှု အများဆုံးဟာ အာဟာရချို့တဲ့တာကြောင့်ပါ။ ဗီတာမင်ဘီဝမ်း ချို့တဲ့တာကြောင့် Korsakoff's Syndrome ရရှိနိုင်ပြီး အတိတ်မေ့နိုင်တဲ့အထိ မှတ်ဉာဏ်ဆုံးရှုံးနိုင်ပါတယ်။
(၂) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာကြောင့် မှတ်ဉာဏ် ထိခိုက်နိုင်ပါတယ်။ လေ့လာမှု အများအပြားအရ လူလတ်ပိုင်း အရွယ်နဲ့ သက်ကြီးအရွယ် ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်မသောက်သူတွေထက် မှတ်ဉာဏ်ကျဆင်းတာ မြန်ဆန်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ယခင် လေ့လာမှုတွေအရ နီကိုတင်းကြောင့် ရေတိုမှာ မှတ်ဉာဏ်ကောင်းတယ်လို့ ထင်ရပေမယ့် ဒီအကျိုးဟာ ခေတ္တခဏသာရရှိတယ်လို့ဆိုပါတယ်။ ရေရှည်မှာ ဆေးလိပ်သောက်တာကြောင့် မှတ်ဉာဏ်ကျဆင်းတတ်ပါတယ်။
(၃) အရက်အလွန်အကျွံသောက်ခြင်း
တစ်ညတာ အရက်အလွန်အကျွံ သောက်တာကြောင့် နောက်နေ့ မနက်မှာ မှတ်ဉာဏ်ဆုံးရှုံးသွားတတ်ပေမယ့် မကြာခဏ အရက်အလွန်အကျွံ သောက်တာကြောင့် ရေရှည်မှာ မှတ်ဉာဏ်ကျဆင်းနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။
(၄) စိတ်ဖိစီးမှုများခြင်း
ဦးနှောက်မှာ ဒဏ်ရာရတဲ့အခါ ဦးနှောက်က မှတ်ဉာဏ်တွေကို သော့ခတ်ပြီး သိမ်းထားလိုက်တယ်လို့ စိတ်ကျန်းမာရေး အထူးကု ဆရာဝန်တွေရဲ့သုတေသနပြုချက်အရ သိရပါတယ်။ ဘဝမှာ ဖိစီးမှု မကြာခဏ ကြုံတွေ့ရတာကြောင့် ရေရှည်မှာ မှတ်ဉာဏ်တွေ ကျဆင်းသွားနိုင်ပါတယ်။
(၅) ရေယုန်ပေါက်ခြင်း
ရေယုန်ပေါက်တာဟာ အယ်လ်ဇိုင်းမားရောဂါ၊ လေဖြတ်တာ ဒါမှမဟုတ် စိတ်ဓာတ်ကျရောဂါလိုမျိုး မှတ်ဉာဏ်ဆုံးရှုံးနိုင်တဲ့ ကျန်းမာရေး ပြဿနာပါ။ ရေယုန်ပေါက်တာ အများစုဟာ မှတ်ဉာဏ်ပေါ်မှာ အများကြီးထိခိုက်မှု မရှိနိုင်ပေမယ့် ရေယုန်ကြောင့် ဦးနှောက်ရောင်ရောဂါ (Herpes Simplex Encephalitis)ကြောင့် မှတ်ဉာဏ်ဆုံးရှုံးနိုင်ပါတယ်။ Herpes Encephalitis ကြောင့် ဆိုးဆိုးရွားရွား မှတ်ဉာဏ်ဆုံးရှုံးနိုင်ပေမယ့် အဲဒီရောဂါဟာ မျက်နှာအာရုံကြောမှ ဦးနှောက်ကို ဗိုင်းရပ်စ်ပိုး ပြန့်ပွားသွားမှသာ ဖြစ်တာကြောင့် ရောဂါဖြစ်တာ တော်တော်ရှားပါးပါတယ်။
Source: ဒေါက်တာခင်မိုးမိုး